မနေ့နံနက်က ဗိုလ်ချုပ်တို့ အနိစ္စရောက်ရှာပြီ။ တနင်္လာနေ့ (၁၄-၇-၁၉၄၇)ကပင် သူတို့ကို တွေ့ခဲ့ရသေးသည်။

တနင်္လာနေ့ညနေပိုင်း စာသင်တန်းမရှိ၍ ကျွန်ုပ် အိပ်ရာပေါ်တွင် စာဖတ်ရင်း တမှေးအိပ်ပျော်သွားသည်။ ထိုအခိုက် ဆရာခင်ဇော်လာ၍ ခေါက်ဆွဲမောင်မောင်ထံတွင် ဂျပန်လက်ထက်က ပျောက်သွားသော စာရွက်စာတမ်းများရှိသည်ကြား၍ သွားမေးကြရအောင်ဟု ပြောသဖြင့် လိုက်သွားသည်။ ထင်ဖတ်အိမ်တွင် ငါးလက်ခွာငါးခြောက် နှင့် လက်ဖက်ရည်ကြမ်း မော့ပြီး ဆရာခင်ဇော်၊ မောင်ထင်၊ ကျွန်ုပ်ပါ သုံးဦးသား အတွင်းဝန်များရုံးသို့ သွားကြသည်။ ကားကိုဆိုက်ပြီး လွှတ်တော်ရှေ့ကို ဖြတ်သွားသောအခါ ၀ရံတာတွင် ဆရာဦးဘချို နှင့် ဗိုလ်ချုပ်တို့ စကားပြောနေကြသည်ကိုမြင်၍ ကျွန်ုပ်တို့သုံးဦးသား ကပ်သွားကာ စကားဝိုင်းဖွဲ့ကြသည်။
ဗိုလ်ချုပ်သည် ဘန်ကောက်လုံချည် နံ့သာရောင်နှင့် ပိုးအင်္ကျီ ၀တ်ထားသည်။ တပတ်သားခန့်ရှိသော မုတ်ဆိတ်နှင့် နှုတ်ခမ်းမွေး လေးငါးဆယ်ပင်ရှိသည်။ ညှပ်ဖိနပ် စီးထားသည်။ လုံချည်ကို မကာ မကာ စကားပြောသည်။ ကောလိပ်ကျောင်းရောက်ခါစ ကျောင်းသားငယ်နှင့်တူသည်။
တနင်္ဂနွေနေ့က သူ့မိန့်ခွန်းကို အသံလွှင့်သည့်အကြောင်းနှင့်စပ်၍ စကားပြောကြသည်။ သူ လက်တန်းပြောသမျှတွင် ထိုနေ့က ပြောသောစကားကို သူအကြိုက်ဆုံးဖြစ်သည်ဟု သူပြောသည်။
“ကျွန်တော်က လိုရမယ်ရ မှတ်သားထားတဲ့ ဖိုင်တွဲတွေကို ဆွဲလာပြီး ပြောတာကို စီစဉ်ပြီးသားစကားကို ပြောတယ်လို့ ထင်ကြမှာပဲ။ ကျွန်တော် အလုပ်ရှုပ်နေလို့ မစီစဉ် မရေးသားခဲ့နိုင်ဘူး။ ပြောချင်တာကလေးတွေကိုသာ တေးလာရတယ်။ ဒါပေမယ့် မနေ့ကစကားကို ကျွန်တော်လက်တန်းပြောသမျှမှာ အကောင်းဆုံးလို့ ထင်တာပဲ။ ခင်ဗျားတို့ ဘယ်လိုအသံလွှင့်သလဲ” ဟု ကိုထင်တို့ဘက်သို့ လှည့်၍မေးသည်။ “ကြမ်းတဲ့အပိုင်းတွေကို ဖြတ်ပြီး ကောင်းတာတွေကို လွှင့်ပါတယ်”ဟု ပြန်ဖြေသည်။ “အို အဆီအသားတွေကို ချန်ခဲ့တာကိုးဗျ။ ဟိုဟာတွေမှ အဆီတွေပဲ။ ဒီလိုပြောမှ ထိတယ်၊ မိတယ်” ဟု ဆိုကာ သူငယ်စဉ်က တရားဟောခဲ့ပုံတွေကို ပြောပြသည်။
“တခါတော့ ကျွန်တော်ရယ်၊ ဆရာကြီးရယ်၊ သခင်စိုးရယ် မန္တလေးမှာ တရားဟောကြတယ်။ မန္တလေးကိုလည်း ကျွန်တော်တို့ မသိဘဲကိုး။ သည်တော့ ကျွန်တော်တို့က အသံချဲ့စက်ကြီးနဲ့ ဟောတာပေါ့။ Continue reading