Category: နိုင်ငံရေးဆောင်းပါး


(ပန်းချီ အောင်လတ်)

သတင်းစာများသည် သမိုင်းကိုပြောနေကြသည်။
မြန်မာနိုင်ငံ သတင်းစာသမိုင်းကို ပြောမယ်ဆိုရင် ဟို လွန်ခဲ့တဲ့ (၂၁)နှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အတွင်းက ထွက်ပေါ်ခဲ့တဲ့ ပြည်သူ့သတင်းစာတွေအကြောင်း မပါရင် ပြည့်စုံမှာ မဟုတ်ပါဘူး။ ဘာကြောင့် ပြည်သူ့သတင်းစာလို့ ပြောရတာလည်း ဆိုရင်တော့ ရှစ်လေးလုံး မတိုင်ခင်က မြန်မာပြည်မှာ အစိုးရပိုင်သတင်းစာ၊ အစိုးရဝါဒဖြန့်ချိရေး သတင်းစာတွေပဲ ရှိခဲ့လို့ပါ။

ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာတဲ့ အခါကျတော့ အဲဒီအစိုးရပိုင် သတင်းစာတွေကလည်း ပြည်သူ၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲပြီး ဒီမိုကရေစီ တိုက်ပွဲထဲ ဝင်လာကြပါတယ်။ အစိုးရပိုင် သတင်းစာတွေက မဆလ အစိုးရကို သပိတ်မှောက်လိုက်ကြပါပြီ။
          အဲဒီတုန်းက ဆရာမောင်ဝံသတို့၊ ဦးအုန်းကြိုင်(အောင်ဝင့်)တို့၊ ဦးစိန်လှဦးတို့ ပါဝင်တဲ့ သတင်းစာသပိတ် ကော်မတီဆိုတာ ပေါ်ထွက်လာပါတယ်။ ဆရာဦးဝင်းတင်တို့ စာနယ်ဇင်းသမဂ္ဂဖွဲ့တော့ သတင်းစာဆရာတွေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှုတိုက်ပွဲကို သေးသိမ်အောင် ရှုတ်ချ တိုက်ခိုက် ရေးသားထားတဲ့ မဆလအာဘော် ဆောင်းပါး တစ်ပုဒ်ကို ကြေးမုံသတင်းစာတိုက်က စာစီရဲဘော်တွေက စာစီမပေးနိုင်ဘူးလို့ ကန့်ကွက်ဆန္ဒပြရာကနေ သတင်းစာသပိတ် စတင်လာခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။
          ကျောင်းသားနဲ့ ပြည်သူ လူထုလူတန်းစား အသီးသီး စာလွှာအသီးသီးက ထုတ်ဝေတဲ့ သတင်းစာ၊ သတင်းလွှာတွေနဲ့ အပြိုင်ပဲ မဆလ အစိုးရကို သပိတ်မှောက်ထားတဲ့ အစိုးရပိုင်သတင်းစာ အသီးသီးမှာလည်း ရန်ကုန်နဲ့ နယ်က သပိတ်သတင်းတွေ၊ မဆလ အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ အင်တိုက်အားတိုက် ဖော်ပြလာခဲ့ကြပါတယ်။
          ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင် အစရှိတဲ့ မဆလအစိုးရက ပြည်သူပိုင်သိမ်းခဲ့တဲ့ သတင်းစာစာတိုက်တွေက အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဝန်ထမ်းတွေဟာ သတင်းစာပညာကို စနစ်တကျ တတ်ကျွမ်း နားလည်ကြတဲ့သူတွေပါ။ ကျောင်းသားသမဂ္ဂကထုတ်တဲ့ သတင်းစာ၊ ကျွန်တော်တို့ စာနယ်ဇင်းသမဂ္ဂက ထုတ်တဲ့ သတင်းစာ စသည်ဖြင့် ပြည်သူလူထုထဲက သတင်းစာတွေ အမြောက်အများထွက်လာတာ မှန်ပေမဲ့ အများစုဟာ သတင်းစာပညာသဘောအရ တနစ်တကျရှိခဲ့တာတော့ မဟုတ်ပါဘူး။
          ဒါပေမဲ့ ဒီမတတ်တတတ်နဲ့ လုပ်ခဲ့တဲ့ လူထုသတင်းစာ၊ သတင်းလွှာတွေဟာ ဒီမိုကရေစီတိုက်ပွဲကို အလင်းဆောင်နိုင်ခဲ့တယ်။ ပြည်သူကို မျက်စိဖွင့်ပေးနိုင်ခဲ့တယ်။ မဆလ အစိုးရရဲ့ အမှောင်တိုက်ကို ထိုးနှက်ဖြိုခွင်းနိုင်ခဲ့တယ်။ အရေးပေါ်သတင်းစာတွေ ဆိုပေမဲ့ အတိုင်းအတာ တစ်ခုအထိ တော်လှန်ရေးကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။
          မန္တလေးမြို့မှာတော့ ရှစ်လေးလုံးသတင်းစာ ဆိုပြီး ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းစာကို မန္တလေး စာပေနှင့် အနုပညာအဖွဲ့က ထုတ်ဝေတာဖြစ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ဒီရေမြင့်တက်နေတဲ့ အချိန် မဆလအစိုးရ သမ္မတဦးနေဝင်း၊ သမ္မတဦးစိန်လွင်တို့ တစ်ဆင့်ပြီးတစ်ဆင့် ပြုတ်လို့ ဒေါက်တာမောင်မောင် သမ္မတအဖြစ် တာဝန်ယူနေတဲ့ အချိန်၊ ၁၉၈၈ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ အဲဒီ မန္တလေး ရှစ်လေးလုံး သတင်းစာ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှာ တိုက်ပွဲ ခေါ်သံ ပေးထားတာကို အခုလို ဖတ်ခဲ့ကြ့ပါတယ်။
          “ပြည်သူ့တိုက်ပွဲကို ရှေ့တစ်လှမ်း တက်ကြစို့။ နိုင်ငံရေးထုံးတမ်းစဉ်လာအတိုင်း ပြည်သူတွေရဲ့ လိုလားချက်ကို တောင်းမယူဘဲ တိုက်ယူကြစို့။ ပြည်သူတစ်ရပ်လုံးက မဆလ တစ်ပါတီ ဖျက်ပစ်ဖို့ တောင်းဆိုခဲ့တယ်။ သူတို့က မဖျက်ခဲ့ပါဘူး။ ဒါပေမဲ့ ပြည်သူ့ တွန်းအားကြောင့် မဆလပါတီ ပျက်ပါပြီ။ နောက်တစ်ခု ဖြစ်တဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအတွက် သပိတ်မှောက်ပြည်သူတွေက ရှေ့တစ်လှမ်း တိုးရပါလိမ့်မယ်။
          ဒါကြောင့် ပြည်သူ့အာဏာရယူရေးအတွက် အာဏာသိမ်း တိုက်ပွဲများ ဆင်နွှဲရမယ့် အချိန် ရောက်ပါပြီ။ အဲဒီလိုဆင်နွှဲနိုင်အောင် ကျစ်လျစ်တဲ့ ရဟန်းတော်များ၊ ကျောင်းသားများ၊ လူတန်းစား အသင်းအဖွဲ့ သမဂ္ဂများ၊ ဖွဲ့စည်းကြရပါမယ်။ အမြန်ဖွဲ့စည်းပြီး မြို့နယ်၊ ဒေသဆိုင်ရာ ညီလာခံများ ခေါ်ရပါမယ်။ ပြီးရင် တစ်နိုင်ငံလုံး ဆိုင်ရာညီလာခံခေါ်ပြီး ဒီညီလာခံက ယာယီ အမျိုးသား အစိုးရ ဖွဲ့စည်းကြရပါမယ်” တဲ့။
          အဲဒီခေါင်းကြီးပိုင်းကို ရေးသားပေးခဲ့သူက အမေလူထုဒေါ်အမာ ဖြစ်ပါတယ်။ အမေလူထုဒေါ်အမာဟာ မြန်မာ့ နိုင်ငံရေးကို အင်မတန်နားလည် ခေတ်မီတဲ့ ဝါရင့် သတင်းစာ ဆရာမကြီး တစ်ဦးပါ။
          မဆလ စစ်အုပ်စုဟာ ၁၉၈၈ သြဂုတ်လကုန်လောက်ကတည်းက စပြီး မင်းမဲ့စရိုက်တွေ၊ ဆူပူအကြမ်းဖက် ဂလေဂချေ စရိုက်တွေကို လူထုကြားမှာ တစ်စ တစ်စ ဖြစ်ပွားလာအောင် လုပ်ကြံဖန်တီးလာခဲ့ပါတော့တယ်။ အဲဒီအချိန်ဟာ ကျောင်းသားတွေရဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီဇွန်၊ ဗကသများအဖွဲ့ချုပ် ပေါ်ထွက်လာပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လူထုခေါင်းဆောင် တစ်ယောက်အဖြစ်နဲ့ ဒီမိုကရေစီတိုက်ပွဲထဲ စွမ်းစွမ်းတမံ ဝင်ရောက် လာတဲ့အချိန်၊ ဒီမိုကရေစီ အင်အားစုက အသာစီရနေတဲ့ အချိန်ဖြစ်ပါတယ်။ ကြည်း ရေ လေ တပ်မတော်သားတွေ၊ အစိုးရ ဝန်ထမ်းတွေလည်း ပြည်သူလူထုနဲ့ ပူးပေါင်းလာတဲ့ အချိန်ဖြစ်ပါတယ်။
          ဒီအချိန်မှာ မဆလအစိုးရ စစ်ထောက်လှမ်းရေးတွေရဲ့ တန်ပြန်တော်လှန်ရေး လုပ်ရပ်ကြောင့် တချို့ ဒီမိုကရေစီ အင်အားစုတွေ အလွန်အကျွံဖြစ်ကုန်ကြပါတယ်။ ပြည်သူတစ်စုက အဆိပ်ခတ်တဲ့ မဆလ သူလျှို တချို့ကို ခေါင်းဖြတ် သတ်ပစ်တာမျိုး အထိ ဖြစ်လာခဲ့ပါတယ်။
          အဲဒီ သတင်းတွေကို သတင်းစာကျင့်ဝတ်တွေဘာတွေ စနစ်တကျ နားမလည်ခဲ့တဲ့ လူထု သတင်းစာ အချို့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလာတဲ့အခါမှာတော့ ဝါရင့် သတင်းစာဆရာမကြီး တစ်ဦးဖြစ်တဲ့ ခေါ်ခင်မျိုးချစ်က အခုလို သတိပေးခဲ့ပါတယ်။
          “ခုတလော သတင်းစာတွေ ပလူပျံသလို ထွက်နေတယ်။ နှစ်ပေါင်း ၂၆ နှစ်ကြာ ချုပ်ကိုင်ခံခဲ့ရတဲ့ သတင်းစာလွတ်လပ်မှုကို လက်ဝယ်ရရှိခဲ့ကြတယ်။ လွတ်လပ်မှု အခွင့်အရေးကို တာဝန်မဲ့ မသုံးမိကြဖို့ အလွန် အရေးကြီးပါတယ်။ အဲဒီလို အလေ့အကျင့် အပြုအမူတွေဟာ ဒီမိုကရေစီရဲ့ အားထားရာ ဖြစ်တဲ့ သတင်းစာ လွတ်လပ်မှုကို ပျက်စီးစေတတ်ပါတယ်။ လွတ်လပ်မှုဆိုတာလည်း တာဝန်နှင့် ယှဉ်တွဲနေပါတယ်။ တာဝန်မဲ့ရင် လွတ်လပ်မှု ဆုံးရှုံးတတ်ပါတယ်။
          သတင်းစာ ဆရာဆိုတာ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ကြီးကို ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို သိက္ခာရှိရှိ ထမ်းရွက်ကြဖို့ အရေးကြီးပါတယ်။ ဝါရင့် သတင်းစာ ဆရာကြီးတွေကလည်း ထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုက်ပါတယ်” တဲ့။
          အဲဒီဆောင်းပါးကို ဆရာမကြီး ခေါ်ခင်မျိုးချစ်ဟာ စစ်တပ်က အာဏာမသိမ်းခင် နှစ်ရက်အလို ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၆)ရက် နေ့စွဲနဲ ရေးရေးသားခဲ့တာပါ။ စက်တင်ဘာ (၁၈)ရက်နေ့မှာ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့ပါတယ်။
          အခု စစ်တပ်က အာဏာသိမ်းခဲ့တာ (၂၁)နှစ် ကျော်ပါပြီ။ ဒီမိုကရေစီ တိုက်ပွဲကို ဖျက်ဆီးပစ်ဖို့ လုပ်ကြံ ဖန်တီးထားတဲ့ စစ်အာဏာရှင် လက်တစ်ဆုပ်စာရဲ့ တန်ပြန်တော်လှန်ရေး လုပ်ရပ်တွေဟာလည်း ဒီကနေ့ အထိ ရှိနေတုန်းပါပဲ။
          အခုအချိန်မှာ ဝါရင့် သတင်းစာဆရာကြီးတွေ ဖြစ်ကြတဲ့ ဆရာဦးဝင်းတင်တို့၊ ဆရာဦးအုန်းကြိုင်(အောင်ဝင့်)တို့၊ ဦးစိန်လှဦး(ဆရာမောင်နွယ်ဦး) တို့လို NLD အတွင်းက သတင်းစာဆရာတွေ၊ ဆရာလူထုစိန်ဝင်းတို့၊ ဆရာဦးသာဘန်းတို့လို NLD အပြင်က သတင်းစာဆရာတွေဟာ ဒီနေ့ခေတ်ရဲ့ အခြင်းအရာတွေကို ပြည်သူလူထုကြားမှာ ပိုပြီး ခွဲခြမ်း စိတ်ဖြာ ပြနိုင်လိမ့်မယ်လို ကျွန်တော် ယုံကြည်ထားပါတယ်။
          ဒီမိုကရေစီ အင်အားစုများ အားလုံး တော်လှန်ရေးသတိ အစဉ်ရှိကြပါစို့။ ။
အောင်ဝေး – ၈၊ ၉၊ ၂ဝဝ၉
မိုးမခမှတဆင့်
 မင်းသိင်္ခ (ပန်းချီ အောင်လတ်)

      ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာတစ်ခုကို ကျွန်တော် ပြန်အမှတ်ရ မိပါတယ်။
      ဒီအချိန်မှာ တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မဆလ တစ်ပါတီ စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့ သပိတ်မှောက် ဆန္ဒပြ တိုက်ပွဲဝင်နေကြပါပြီ။ တစ်နိုင်ငံလုံးမှာ ကျခဲ့ရတဲ့ ကျောင်းသားသွေးတွေ၊ ပြည်သူ့သွေးတွေဟာ စုစည်း လိုက်ရင် မြစ်ကြီး အဖြစ် ချင်းချင်းနီရဲသွားမယ့် အချိန်ပါ။
      ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေ ပြည်သူလူထုနဲ့ ပူးပေါင်းလာကြပါပြီ။ အစိုးရ ဝန်ထမ်းတွေ ဒီမိုကရေစီ တောင်းဆိုဖို့ လမ်းမပေါ် ထွက်လာကြပါပြီ။ ဒီအချိန်မှာ ရန်ကုန်မြို့ပေါ်က တိုက်ပွဲဝင် ပိုစတာပေါင်းစုံ ကြားမှာ ကျွန်တော်တို့ အလန့်တကြား တွေ့လိုက်ရတဲ့ ပိုစတာ တစ်ခုကတော့ “ကျော်ဟိန်းဘာလဲ ဘယ်လဲ၊ မောင်သာရ ဘာလဲ ဘယ်လဲ”
      ရှစ်လေးလုံး မတိုင်ခင်တုန်းက ဆရာမောင်သာရ ရေးတဲ့ “နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ” ဆိုတဲ့ စာအုပ်ဟာ အလွန် နာမည်ကြီးပါတယ်။ ကျော်ဟိန်းက ပရိသတ် အင်အားကြီးတဲ့ ရုပ်ရှင်မင်းသား။ မောင်သာရက ပရိသတ်တောင့်တဲ့ စာရေးဆရာ။ လူထုက ပြည်သူက သူတို့ ချစ်တဲ့၊ သူတို့ လေးစားတဲ့ ဒီရုပ်ရှင်မင်းသား၊ ဒီစာရေးဆရာကို သူတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကြားမှာ အတူယှဉ်တွဲ မြင်ချင်ရှာကြပါလိမ့်မယ်။
      တခြား တခြား ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ တခြားတခြား စာရေးဆရာ ကဗျာဆရာတွေ ကျောင်းသား ပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်နေတာ မြင်နေရလေတော့ သူတို့နှစ်ဦး ဦးကျော်ဟိန်းနဲ့ ဆရာမောင်သာရတို့ကိုလည်း လူထုကြီးက တိုက်ပွဲကြားမှာ တွေ့ချင်ရှာပါလိမ့်မယ်။ ဒါက ပြည်သူလူထုရဲ့ ဆန္ဒပါ။ လူထုက ဒီလိုဆန္ဒဖြစ်တယ် ဆိုတာ လူထုက အဲဒီအနုပညာသည်တွေကို ချစ်လို့ မြတ်နိုးလို့ တန်ဖိုးထားလို့ပါ။
      ဒီအတွက် ဦးကျော်ဟိန်းတို့၊ ဆရာမောင်သာရတို့ ဘက်မှာလည်း သူ့အကြောင်းနဲ့သူ ရှိခဲ့လိမ့်မယ် ဆိုတာကိုတော့ ကျွန်တော်တို့ နားလည် လက်ခံပေးခဲ့ကြပါတယ်။
      ပြည်သူက ချစ်တဲ့ အနုပညာ သမားမှန်ရင် စာပေ၊ ရုပ်ရှင်၊ ဂီတ ဘယ်အနုပညာရှင်ဖြစ်ဖြစ် သူ့ရဲ့ အဓိက တာဝန်က ပြည်သူကို ပြန်ချစ်ဖို့ပဲ မဟုတ်လား။
      အရေးတော်ပုံကြီး အတွင်းမှာ ပြည်သူချစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေဟာ ဒီမိုကရေစီ ဟောပြောပွဲတွေ နေ့မနား ညမနား ဖိတ်ကြားခံရပါတယ်။ ဒီအတွက် စာနယ်ဇင်းသမဂ္ဂ (ဗဟို)နဲ့ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက် သပိတ်ကော်မတီတွေက စီစဉ် တာဝန်ယူကြပါတယ်။ လူထု လူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ သူတွေဟာ ဒီမိုကရေစီ စင်မြင့်မှာ ရဲရဲတင်းတင်း ရင်ဖွင့်ခဲ့ကြတယ်။ ၂၆ နှစ်တာ မဆလ ခေတ်ရဲ့ အနိဋ္ဌာရုံတွေကို မကြောက်တမ်း မရွံ့တမ်း ဝေဖန်ထိုးနှက် ခဲ့ကြတာပါ။
      ကျွန်တော်တို့ ကဗျာဆရာတွေလည်း ဖိတ်ကြားခံရလို့ ရန်ကုန်မြို့ နေရာအနှံ့ သာမက မြို့ပြင်ဘက်ပါ ထွက်ပြီး ဟောခဲ့ရပါတယ်။ တစ်ရက်မှာတော့ မအူပင် သပိတ်ကော်မတီက တကူးတက လာရောက် ဖိတ်ခေါ်လို့ ကျွန်တော်နဲ့ နောင်တော် ကျူရှင်ဆရာ၊ စာရေးဆရာ တစ်ဦး မအူပင်မှာ ဟောပြောဖို့ လိုက်သွားကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက် မအူပင် ဒီမိုကရေစီ ဟောပြောပွဲ သွားကြမယ်ဆိုတဲ့ သတင်းက ဆရာမင်းသိင်္ခဆီကို ရောက်သွားခဲ့ပါတယ်။
      ဒီတော့ ဆရာမင်းသိင်္ခက ကျွန်တော်တို့ မြန်မာနိုင်ငံ ကဗျာဆရာတွေရဲ့ သပိတ်စခန်းဖြစ်တဲ့ ၃၃ လမ်း၊ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်ကို သူကိုယ်တိုင် ရောက်လာပါတယ်။ သူ့နောက်ကလည်း စစ်ထောက်လှမ်းရေး တွေက တဝုန်းဝုန်း လိုက်နေတဲ့ အချိန်ပါ။ သူဟောပြောရာ စင်တိုင်း စင်တိုင်းမှာ ပရိသတ်ကလည်း ဝက်ဝက်ကွဲ ဖြစ်နေတဲ့ အချိန်ပါ။
      ဆရာမင်းသိင်္ခက မအူပင်သွားမယ့် ကျွန်တော်တို့ နှစ်ယောက်ကို သူ့ရဲ့ စာပေလုပ်သား ကဒ်ကလေး တရိုတသေ ပေးအပ်ပါတယ်။ ပြီးတော့ သူက အနူးအညွတ် မေတ္တာရပ်ခံ မှာကြားပါတယ်။ “မောင်ရင်တို့ နှစ်ယောက် ကိုယ့်ဇာတိ မအူပင်ရောက်ရင် ပရိသတ် ရှေ့မှောက်မှာ ကိုယ့်ရဲ့ စာပေလုပ်သားကဒ်ကို မီးရှို့ ဖျက်ဆီးပေးကြပါ” တဲ့။
      ဆရာခနဲ့က ကျွန်တော်တို့ ကဗျာဆရာတွေလည်း  ပွဲအတော်များများ တွဲဟောဖူးကြပါတယ်။ ကျွန်တော့်အနေနဲ့က ဗိုလ်တထောင် သစ်စက် တစ်ခုမှာ ဆရာခနဲ့အတူ ဟောခဲ့ရပါတယ်။
      ဆရာမင်းသိင်္ခ ဟောပြောပွဲတိုင်းဟာ စစ်သားတွေ၊ စစ်ကားကြီးတွေ၊ သေနတ်တွေ၊ သံဆူးကြိုးတွေ ဘေးက ခြံရံ စောင့်ကြပ်ပြီး ဟောခဲ့ ပြောခဲ့ရတဲ့ ပွဲတွေချည်းပါပဲ။ ဆရာမင်းသိင်္ခက တပ်မတော်သားတွေကို တိုက်ခိုက်ပြီး မပြောပါဘူး။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ် လက်ဝါးကြီးအုပ် အာဏာရှင် လက်တစ်ဆုပ်စာကိုသာ ဦးတည် တိုက်ခိုက်ဟောပြောတာပါ။ ဆရာခရဲ့ ဟောပြောချက်တွေဟာ မျှတတယ်လို့ လူထုက ယူဆကြပါတယ်။ တချို့တပ်မတော်သားကြီးတွေ ငိုင်ပြီး ငြိမ်နားထောင်နေတာ၊ တချို့စစ်သားလေးတွေ လက်ခုပ်လက်ဝါးတီး သြဘာပေးကာ ဆရာခရဲ့ စင်တိုင်းလိုလိုမှာ တွေ့နေရပါတယ်။
      အဲဒီဆရာခက သူ့ရဲ့ စာပေလုပ်သားကဒ်ကို သူ့ဇာတိ မအူပင်မှာ မီးရှို့ခိုင်းလို့ ကျွန်တော်တို့ကလည်း အောင်မြင် ခမ်းနားစွာ မီးရှို့ခဲ့ကြတာပါပဲ။
      စက်တင်ဘာ(၁၆)ရက်၊ ၁၉၈၈ ခုနှစ်၊ စစ်တပ်က အာဏာမသိမ်းခင် နှစ်ရက်အလို၊ ကန်တော်ကလေး ဖဆပလ ရပ်ကွက် (စစ်ဝန်ကြီးရုံးရှေ့က ဆရာမင်းသိင်္ခ ဟောပြောပွဲကတော့ မဆလ စစ်တပ်နဲ့ လူထု အကြီး အကျယ် အဓိကရုဏ်း ဖြစ်ခဲ့တဲ့ ပွဲကြီး ပွဲကောင်း တစ်ပွဲလို့ ဆိုရမှာပါ။
      စက်တင်ဘာ (၁၈)ရက် စစ်တပ်က အဏာသိမ်းလိုက်ပြီးတဲ့နောက် ဒီမိုကရေစီ အင်အားစုတွေ တချို့ တောထဲရောက်၊ တချို့ ထောင်ထဲဝင်နဲ့ ကျွန်တော်တို့က NLD ဌာနချုပ် ခြံကြီးထဲမှာ။ ကျွန်တော်တို့ ဗဟိုရုံးအဖွဲ့မှူးက ဆရာဦးဝင်းခက်ပါ။ ဒေါ်စမ်းစမ်းအောင် ချက်ကျွေးတဲ့ ဒီမိုကရေစီ ထမင်းကို ကျွန်တော်တို့ တိုကင် ယူပြီး စာကြရပါတယ်။ ဆရာမင်းသိင်္ခလည်း ကျွန်တော်တို့နဲ့ အတူတူပါပဲ။
      ဆရာမင်းသိင်္ခက တစ်ရုံးလုံးရဲ့ ဝေယျာဝစ္စ တွေကို သူတစ်ယောက်တည်း အကုန်လုပ်ပါတယ်။ သောက်ရေအိုးတွေ ဖြည့်တယ်။ ခြံတစ်ခြံလုံး အမှိုက်တွေ သူရှင်းတယ်။ တံမြက်စည်း လှည်းတယ်။ ဆရာခမှာ ဘာမာန်မာနမှ မရှိသလိုပါပဲ။ အောက်ခြေ အလုပ်တွေကို မညည်း မငြူဘဲ သူဒိုင်ခံလုပ်နေတာပါ။
      အဲဒီအချိန်မှာ စစ်ထောက်လှမ်းရေးတွေက နေ့တိုင်း NLD ခြံဝ လာလာပြီး ဆရာမင်းသိင်္ခကို အပ်ဖို့၊ ထုတ်ပေးဖို့ချည်း ပြောနေပါတယ်။ ခြံထဲ၊ ရုံးထဲကိုတော့ သူတို့ ဝင်ပြီး မဖမ်းပါဘူး။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးရသေးဘူး။ စစ်ထောက်လှမ်းရေး တွေက ဆရာမင်းသိင်္ခ NLD ခြံထဲမှာ ရှိနေတာကို သိနေပြီ။ ထွက်အဖမ်း မခံရင် ဌာနချုပ်ကိုပါ အကြီးအကျယ် ပြဿနာရှာနိုင်တယ်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကာယကံရှင်ကိုယ်တိုင်ကကော။ ကာယကံရှင် ကကော ဘာလုပ်မလဲ။
      မင်းသိင်္ခဘာလဲ ဘယ်လဲ။
      နောက်ဆုံးတော့ ဆရာခက ရဲရဲဝံ့ဝံ့ ထွက် အဖမ်းခံလိုက်ပြီး ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ထားရစ်ခဲ့ပါတော့တယ်။
      ကျွန်တော် လွမ်းပါတယ်။ အလွမ်းတွေကို အင်အားအဖြစ် ပြောင်းလဲပစ်ကြပါစို့။     ။
မိုးမခမှတဆင့်
(သရုပ်ဖော် ပန်းချီ – အောင်လတ်)
တော်လှန်ရေးနဲ့ အနုပညာ။ တော်လှန်ရေး အနုပညာဆိုပါတော့။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ “တော်လှန်ရေးမှာ အနုပညာ ပါရမယ်။ အနုပညာ မပါတဲ့ တော်လှန်ရေးဟာ မအောင်မြင်နိုင်ဘူး တဲ့။
ဗိုလ်ချုပ်အောင်ဆန်း ဒီလိုပြောခဲ့တယ် ဆိုတာကို ကျွန်တော်တို့ ဆရာဒဂုန်တာရာ ရေးတဲ့ ရုပ်ပုံလွှာ စာအုပ်ထဲက “အောင်ဆန်း (သို့မဟုတ်) အရိုင်း ဆောင်းပါးမှာ ဖတ်ခဲ့ကြရတယ်။ တော်လှန်ရေးမှာ အနုပညာပါရမယ် တဲ့။ အနုပညာမပါတဲ့ တော်လှန်ရေးဟာ မအောင်မြင်နိုင်ဘူး တဲ့။ ဗိုလ်ချုပ် ရဲ့ ဒီ အဘိဓမ္မာကို ကျွန်တော်တို့တွေရဲ့ ကျောင်းသား တိုက်ပွဲ၊ လူထု တိုက်ပွဲ၊ ဒီမိုကရေစီ အရေးတော်ပုံတွေထဲကနေ၊ လက်တွေ့ဘဝထဲကနေ နားလည် ခံယူ ကျင့်သုံးခဲ့ကြတာပါ။ တော်လှန်ရေးနဲ့ အနုပညာဟာ ဆက်စပ်နေတယ် ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီပဲ မဟုတ်လား။
          သခင်ဘသောင်းရဲ့ သခင်စိတ်ဓာတ်၊ သခင်အတွေးအခေါ်ကနေ တို့ဗမာ သီချင်းရဲ့ အရေးကြီးတဲ့ စာသားတွေ မွေးဖွားလာခဲ့တယ်။ တေးသွားသံစဉ် သီကုံးပေးသူက ဝိုင်အမ်ဘီ ဆရာတင်ပါ။ တို့ဗမာ သီချင်းဟာ ကိုလိုနီခေတ် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင် သီချင်း ဖြစ်ခဲ့ပါတယ်။
          ဒီလိုပါပဲ။ နာမည်ကျော် နဂါးနီ သီချင်း ဆိုရင်လည်း ရည်ရွယ်ချက် အနှစ်သာရ စာသားတွေကို ဦးနု၊ သခင်နုက ရေးသားပေးခဲ့တာပါ။ နောက် ဆရာ ရွှေတိုင်ညွန့်ရေးဖွဲ့ သီကုံး ခဲ့တဲ့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမယ် ဆိုတဲ့ သီချင်းဟာ ဗိုလ်ချုပ်အောင်ဆန်း တောင်းဆိုလို့ ရေးပေးခဲ့တဲ့ သီချင်းပါ။ ဒီသီချင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်နဲ့ တပ်မတော် အပေါ် မြော်မြင်မှုတွေကို တွေ့ရမယ်။
          လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးကြီး ထတောက်လာတဲ့ အခါမှာလည်း ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ဆရာမြတ်လေးတို့၊ စန္ဒရား ချစ်ဆွေတို့၊ မာမာအေးတို့ရဲ့ သီချင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဗကသ၊ တကသ၊ ကျောင်းသားသမဂ္ဂ သီချင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
          ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရလက်ထက်နဲ့ မဆလ အစိုးရ လက်ထက် တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ကိုကိုးကျွန်း နှစ်ကြိမ် ပို့ခဲ့ပါတယ်။ ဒုတိယ အခေါက် ကျွန်းမှာ ကျွန်းဖျက်သိမ်းရေး ရက်ပေါင်း (၅ဝ) ကျော် အစာငတ်ခံ တိုက်ပွဲ ဆင်ခဲ့တာ အကျဉ်းသားတွေဘက်က အောင်ပွဲ ခံခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အကျဉ်းသား (၈) ဦး အသက် ပေးလှူခဲ့ရတယ်။ အဲဒီ ကျွန်း တိုက်ပွဲမှာ ရေးစပ် သီဆိုခဲ့တဲ့ သီချင်းတွေလည်း ဒီနေ့အထိ အသက်ရှင်ကျန် နေသေးတဲ့ ကျွန်းပြန်ကြီး တွေက သီဆိုပြနိုင်ကြတုန်းပါ။
          ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းမှာ ပေါ်ထွက်ခဲ့တဲ့ သမိုင်းဝင် သီချင်းတွေ ဆိုရင် ဒီနေ့ အထိ ပြည်ပ ရေဒီယိုတွေကနေ ပြန်လွှင့်နေတာ အမြဲ နားဆင်နေရပါတယ်။
          ကျွန်တော်တို့ ခေတ်ကို ရောက်လာတော့ ၁၉၇၄ – ၇၅ – ၇၆ အလုပ်သမား အရေးအခင်း၊ ရွှေတိဂုံ အထွေထွေ သပိတ်၊ မှိုင်းရာပြည့် စတဲ့ တိုက်ပွဲတွေကို ဖြတ်သန်းခဲ့ကြတယ်။ မဆလ စစ်အုပ်စုရဲ့ ဖမ်းဆီး ထောင်ချမှုကြောင့် ကျောင်းသားတွေ၊ အလုပ်သမားတွေ အမြောက်အများ အကျဉ်းထောင်တွေထဲကို ရောက်ခဲ့ကြတယ်။ အကျဉ်းထောင်ထဲကို ရောက်သွားကြတဲ့ ကျောင်းသား၊ အလုပ်သမားတွေဟာ သူတို့ရဲ့ တိုက်ပွဲဝင် အနုပညာကို မရ ရတဲ့ နည်းနဲ့ ဖော်ထုတ်ခဲ့ကြတယ်။ တိုက်ပွဲဝင် သီချင်းတွေ ရေးခဲ့ကြ၊ ဆိုခဲ့ကြတယ်။ အကျဉ်းထောင်ထဲမှာ ဖိနှိပ် ချုပ်ချယ်ထားတဲ့ ကြားက တော်လှန်ရေးနဲ့ အနုပညာကို ဖြစ်နိုင်သမျှ ပေါင်းစပ်ခဲ့ကြတယ်။
          ကျွန်တော့် ကိုယ်တွေ့အရ ကျွန်တော်တို့ ၁၉၇၆ မတ်လ ပုသိမ်ကောလိပ် အရေးအခင်းနဲ့ ပုသိမ်ထောင်ထဲ ရောက်လာတဲ့ အုပ်စုဆိုရင် ကျွန်တော်တို့ ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီး ဆရာတက္ကသိုလ် ဘုန်းနိုင် ရေးစပ်တဲ့ “အရိုင်းစနစ်ကို တွန်းလှန် ဖြိုဖျက်မည် ဆိုတဲ့ သီချင်းကို ထောင်ထဲမှာ တိုက်ပွဲဝင် သီချင်းအဖြစ် သီဆိုခဲ့ကြတာပါ။
          ကျွန်တော်တို့နဲ့ ခေတ်ပြိုင် အင်းစိန် အကျဉ်းထောင်ထဲ ရောက်ခဲ့တဲ့ ပညာရေး တက္ကသိုလ်က ကျောင်းသား နှစ်ယောက်ရဲ့ သီချင်းတစ်ပုဒ်ဟာ ဒီနေ့ချိန်အထိ ရှင်သန်နေဆဲပါ။ သီချင်းနာမည်က “နိုးထလော့ ဧရာဝတီ လို့ ဖြစ်ပါတယ်။
          သံလွင် စစ်တောင်း၊ ညာလက်မောင်းဟေ့၊ စစ်မောင်းသံချီ၊ ဒုဋ္ဌဝတီ၊ ပြည်သူရဲ့ သွေး၊ ပြည်သူရဲ့သွေး၊ ပြည်သူရဲ့သွေး ဧရာဝတီ —– ဂဠုန် ဂဠုန် ကြွကြွ၊ သူပုန် သူပုန် ထထ ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းရဲ့ စာသားရေးသူက ကိုဝင်းမောင်ပါ။ သံစဉ် ဖွဲ့သူက ကိုဝင်းနိုင် ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံး ဧရာဝတီ ရေကြည်မြို့နယ် ဘက်ကပါ။ သူတို့ရဲ့ “နိုးထလော့ ဧရာဝတီ သီချင်းကိုလည်း ပြည်ပရေဒီယို တချို့ကနေ ရံဖန်ရံခါ ထုတ်လွှင့်ပေးနေတာကို ကြားနေရပါတယ်။
          ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့တဲ့ တိုက်ပွဲဝင် သီချင်းတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းကြောင်း တိုက်ပွဲဝင်သူ ရဲဘော် တွေအကြောင်းကို ကောင်းကောင်း ပြောပြနိုင်ကြပါတယ်။ ကောင်းကောင်း မှတ်တမ်းတင်နိုင်ကြပါတယ်။ ဒီလို မော်ကွန်းတင် သီချင်းမျိုးတွေဟာ သွေးနဲ့ စကားပြောပြီးမှ ရေးခဲ့ရတာမို့ တန်ဖိုး အလွန် ကြီးလှပါတယ်။
          ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး အတွင်းမှာတော့ ကျွန်တော်တို့ဟာ ကြီးကျယ် မြင့်မြတ်တဲ့ အနုပညာမြောက် သီချင်းတစ်ပုဒ်ကို ရရှိခဲ့ကြပါတယ်။ ဒီသီချင်းကတော့ နိုင်မြန်မာ ရေးစပ်တဲ့ “ကမ္ဘာ မကြေဘူး သီချင်းပါပဲ။ ဒီသီချင်းဟာ ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ် အနေနဲ့ မဟုတ်သော်လည်း သီချင်းရေးသူရဲ့ စေတနာ စိတ်ဓာတ်နဲ့ တေးစာသား အကြောင်းအရာက ခံစားချက် ပြင်းပြ မြန်မာဆန်တာကြောင့် ဒီနေ့အချိန်အထိ ဂန္ထဝင်မြောက် တိုက်ပွဲဝင် သီချင်းတစ်ပုဒ် ဖြစ်နေတယ်ရယ်လို့ ဂီတပညာရှင် မာမာအေးက ကောက်ချက်ချခဲ့ဖူးပါတယ်။
          ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ သံပြိုင် သီဆိုခဲ့ကြတဲ့ ဒီသီချင်းဟာ စစ်တပ်က အဏာသိမ်းလိုက်ပြီးတဲ့ နောက်မှာ အသံတိတ် တိုးတိမ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အာဏာသိမ်း နဝတ စစ်အုပ်စုက ပုဒ်မ ၁၄၄ တွေ၊ နေဝင်းမီးငြိမ်း ကာဖျူးအမိန့်တွေ ထုတ်ပြီး ဖိနှိပ်ချုပ်ချယ် ထားတဲ့ကြားက တစ်ချိန်မှာတော့ ဒီကမ္ဘာမကြေဘူး သီချင်းသံဟာ ရန်ကုန်မြို့ကြီးက ကတ္တရာလမ်းမတွေပေါ်မှာ ဖုံးအုပ်ပဲ့တင် သွားပါတော့တယ်။
          ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ၊ သခင်အောင်ဆန်း နိုင်ငံတော်မှာ သွေးစွန်းခဲ့ပြီ အဖရေ
          အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီး ဒေါ်ခင်ကြည် အဲဒီ အမိရဲ့ ဈာပနမှာ ကျောင်းသား လူငယ်တွေဟာ အဖိုး သခင်ကိုယ်တော်မှိုင်း နဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်းတို့ကို တိုင်တည် ရင်ဖွင့် ထားတဲ့ နိုင်မြန်မာရဲ့ “ကမ္ဘာမကြေဘူး သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးရင်း ဈာပန ပို့ဆောင်ခဲ့ကြတာကို ကျွန်တော် ပြန်လည် မြင်ယောင် အမှတ်ရနေဆဲပါ။
          သွေးနဲ့ရင်းထားရတဲ့ တော်လှန်ရေးဟာ တိမ်ကောသွားရိုး ထုံးစံ မရှိပါဘူး။ ဒီလိုပါပဲ။ သွေးနဲ့ရင်းခဲ့ရတဲ့ တော်လှန်ရေး အနုပညာတွေဟာလည်း ဘယ်တော့မှ တိမ်ကော ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ စစ်ဦး ဘီလူးလို့ဆိုတဲ့ အဲဒီ နဝတ ခေတ်ဦး မှာပဲ ကျွန်တော်တို့ဟာ မပြီးဆုံးသေးတဲ့ ကျွန်တော်တို့ အားလုံးရဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် နောက်ထပ် သမိုင်းဝင် ကိုယ်ပိုင် သီချင်း တစ်ပုဒ်ကို ထိုက်ထိုက်တန်တန် ရရှိလိုက်ကြပါသေးတယ်။
          အဲဒီသီချင်းကတော့ ထူးအိမ်သင် ရေးစပ်ပြီး မွန်းအောင် သီဆိုထားတဲ့ “အဆုံးသတ်တိုက်ပွဲ သီချင်းပါပဲ။ ။

မိုးမခမှတဆင့်

ထူးအိမ်သင် (သရုပ်ဖော် ပန်းချီ – အောင်လတ်)
 “- – – – ထူးအိမ်သင် တောထဲမှာ ရေးစပ်ခဲ့တဲ့ အရေးကြီးပြီး ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေညီကြစို့ ဆိုတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်းကို – – – ”
တစ်ညနေ ဆည်းဆာအောက်မှာ ခြေစုံရပ်ပြီး ကောင်းကင်ပေါ် ငှက်တစ်အုပ် ဖြတ်ပျံသွားတာကို ကြည့်ငေး နေမိတယ်။ ချက်ချင်းပဲ ကျွန်တော့်စိတ်ထဲက ကိုရီးယားစကားပုံ တစ်ခုကို အမှတ်ရမိသွားပါတယ်။ “မိုးတိမ်တွေက လေစုန်နဲ့ မျှေmလိုက်တတ်ကြတယ်။ ငန်းရိုင်းတွေက လေဆန်ကို ဖြတ်ပြီး အိပ်တန်း ရှာကြတယ်လေ” တဲ့။ ကျွန်တော့်ရင်ထဲမှာ ထိထိရှရှဖြစ်ပြီး ကျွန်တော့် တိုင်းပြည်ကလေးက လေဆန်ငှက် တစ်ကောင်ကို သတိရ တမ်းတမိ သွားပါတော့တယ်။
လွန်ခဲ့တဲ့ အနှစ် (၂၀)ကျော် အတိအကျ ပြောရရင် ၁၉၈၉ ခုနှစ် မိုးဦးကျ လေဦးကျအချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က NLD ရဲ့ ဧရာဝတီတိုင်း စည်းရုံးရေး တာဝန်နဲ့ ပုသိမ်မြို့ကို ရောက်နေပါတယ်။ ပုသိမ်မြို့ တံတားကြီးတန်းရပ် ဓနိတန်းကမ်းမှာ ကျွန်တော်တို့ရဲ့ NLD တိုင်းရုံး ရှိပါတယ်။ အဲဒီအချိန်က ၁၉၈၉ ခုနှစ် ဇန်န၀ါရီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း ခရီးစဉ်မှာ ကျွန်တော်တို့ တစ်အုပ်စုလုံး အဖမ်းခံရပြီး အာမခံနဲ့ ပြန်လွှတ်၊ တစ်ပတ်တစ်ခါ တရားရုံး ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။
မိုးဦးကျ လေဦးကျမှာ ဧရာဝတီတိုင်း ငြိမ်ပိဥက္ကဋ္ဌဖြစ်သူ နတခ တိုင်းမှူး ဗိုလ်ချုပ် မြင့်အောင်ကလည်း စစ်ဦးဘီလူး သရဲမရဲ စီးသလို အင်မတန် ကြမ်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း အနောက်ခြမ်း ခရီးစဉ်မှာတင်ပဲ ဧရာဝတီတိုင်း အ၀င် မအူပင်က စပြီး ဧရာဝတီတိုင်း အထွက် မြန်အောင်၊ ကြံခင်း အဆုံး အားလုံး NLD အဖွဲ့ဝင်ပေါင်း (၈၀)ကျော် အဖမ်းခံခဲ့ရတာပါ။ ဗိုလ်ချုပ်မြင့်အောင် ဆိုတာ တခြား နေရာမှာ ဒီမိုကရေစီ ရချင်ရမယ် သူ့နယ်မြေမှာ ဘယ်တော့မှ မရစေရဘူးလို့ နုတ်က ထုတ်ပြောခဲ့တဲ့သူပါပဲ။
အဲဒီလို ဖက်ဆစ် သံဖနောင့်အောက်က ဖိနှိပ်မှုတွေ တင်းကျမ်းပြည့်နေတဲ့ နေရာကို မိုးဦးလေဦးနဲ့အတူ လေဆန်ငှက်တစ်ကောင် မုန်တိုင်း မိုးတိမ်တွေထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ မိုးတွေ သဲသဲမဲမဲ ရွာနေတဲ့ တစ်နေ့မှာ ကျွန်တော်ရှိရာ ဓနိတန်းလမ်းထဲက NLD တိုင်းရုံးကို သူရောက်ရှိလာပါတယ်။ သူ့တစ်ကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစိုလို့ပါ။ ကျွန်တော်တို့ တိုင်းရုံးမှာရှိတဲ့ NLD လူငယ်တွေက သူ့ကို လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ သူကလည်း အားလုံးကို တရင်းတနှီး ပြန်လည် နှုတ်ဆက် ပွေ့ဖက်ပါတယ်။
မိုးစဲလေစဲမှာတော့ NLD တိုင်းရုံးမှာ အဆိုတော်ထူးအိမ်သင် ရောက်နေတယ် ဆိုတဲ့ သတင်းက ပုသိမ်မြို့ပေါ်က ကျောင်းသား လူငယ်တွေကြားမှာ သတင်းပျံ့သွားပါတော့တယ်။ အဲဒီနေ့က ထူးအိမ်သင်နဲ့ ကျွန်တော် တံတားကြီးတန်း ဘုရားကြီးကျောင်းတိုက်ရှေ့က လှဌေး လက်ဖက်ရည်ဆိုင်ကလေးမှာ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်။
အဲဒီအချိန်က သူတောထဲက ပြန်ရောက်လာတာ မကြာလှသေးပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တော့ သူက သူ့မိဘများရှိရာ မော်လမြိုင်ကို ရောက်နေပါတယ်။ အဲဒီကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ အခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ အတူ သူ တောထဲကို ရောက်သွားပါတယ်။ ပထမ သေဘောဘိုးကို အရင်ရောက်သွားတယ်လို့ ထင်ပါတယ်။ အဲဒီမှာ သူ တောခိုလာတဲ့ ကျောင်းသားတွေ၊ လူငယ်တွေကြားမှာ အဆိုတော်မွန်းအောင်နဲ့ တွေ့ဆုံလိုက်ရတာပါပဲ။
ကိုမွန်းအောင်နဲ့ သူ ပထမတော့ သေဘောဘိုးမှာပဲ အတူနေနေကြရတယ်။ နောက်တော့မှ တော်လှန်ရေးအတွက် အနုပညာဌာနဖွင့်ဖို့ သူတို့နှစ်ယောက် မာနယ်ပလောက ခေါ်လိုက်ပုံရပါတယ်။ ကိုမွန်းအောင်နဲ့ ထူးအိမ်သင်တို့ မာနယ်ပလောကို ရောက်သွားကြတယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေ တောထဲရောက်ပြီး နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွဲနေရတဲ့ အချိန်ပါ။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ကျောင်းသားတွေကို အိမ်ပြန်လာဖို့ ပြန်လည် ဖိတ်ခေါ်တဲ့ ကြေညာချက် ထုတ်ပါတယ်။ ပြန်လာတဲ့ သူတွေကို အရေးမယူဘူး ဆိုတဲ့ န၀တရဲ့ သဘောထား ကြေညာချက်ထဲမှာ ပါပါတယ်။
ဒီလိုအခြေအနေမှာ ထူးအိမ်သင် အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သူ့အနေနဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အသွေး မရှိဘူး။ ဒီနေရာဟာ သူနဲ့ မကိုက်ညီဘူး။ ဒီတော့ သူနဲ့ ကိုက်ညီတဲ့ နေရာကို  ပြန်ပါရစေဆိုပြီး ကိုမွန်းအောင်တို့ အားလုံးကို တောင်းပန်ပြီး သူအိမ်ပြန်လာခဲ့တာပဲလို့ ထူးအိမ်သင်က ပြောပြပါတယ်။ သူ့ရဲ့ mother unit ဖြစ်တဲ့ ဂီတလောကကို သူပြန်လာခဲ့တာပါပဲ။
သူပြန်လာတဲ့အချိန်မှာ န၀တ စစ်အုပ်စုက ကိုမင်းကိုနိုင်ကို ထောင်ထဲ ဖမ်းထည့်လိုက်ပါပြီ။ ကိုမိုးသီးဇွန် တောခိုသွားပါပြီ။ ရွေးကောက်ပွဲက ဘယ်နေ့မှန်း မသိသေးပါဘူး။ ခေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေကို န၀တက အကြီးအကျယ် ပိတ်ပင် ဟန့်တားနေတဲ့ အချိန်ပါ။
ဒီအချိန်မှာ သူ ကျွန်တော်ရှိတဲ့ ပုသိမ်ကို ရောက်လာခဲ့တယ်။ ၁၉၈၉ မိုးဦး လေဦး။ ကျွန်တော်တို့ ညီအစ်ကို သူငယ်ချင်းနှစ်ယောက် လတ်တလော နိုင်ငံရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။ ကျွန်တော် ကဗျာမရေးဘဲ NLD မှာ နိုင်ငံရေး ၀င်လုပ်နေတာကိုတော့ သူဘာမှတ်ချက်မှ မပေးပါဘူး။
အဲဒီမှာ ထူးအိမ်သင်ဆီက ပုသိမ်က ကျောင်းသားလူငယ်တွေအတွက် သူ တစ်ခုခု လုပ်ပေးချင်တယ် ဆိုလို့ ကျွန်တော်တို့ ဓနိတန်းလမ်းရုံးမှာ ကျောင်းလူငယ်တွေကို  စုစည်း စီစဉ်ပေးရပါတယ်။ သူနဲ့ အတူလိုက်လာတဲ့ ပုသိမ်က ငယ်သူငယ်ချင်း တစ်ယောက်က ထူးအိမ်သင် တောထဲမှာ ရေးစပ်ခဲ့တဲ့ “ အရေးကြီးပြီး ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေညီကြစို့” ဆိုတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်းကို အသေအချာ စနစ်တကျ နုတ်စ်တွေ ဘာတွေနဲ့ ပုသိမ်မြို့က လူငယ်တွေကို သင်ပေးခဲ့တာပါပဲ။
ထူးအိမ်သင် ပုသိမ်ကနေ ပြန်သွားတော့ ကျွန်တော် သူ့လက်ထဲ ကျွန်တော်ရွတ်ဆို အသံသွင်းထားတဲ့ ဧရာဝတီတိုင်း စည်းရုံးခရီးစဉ်ကဗျာ တိပ်ခွေကလေး ထည့်ပေးလိုက်ပါတယ်။
၁၉၈၉ ခုနှစ် အာဇာနည်နေ့ အရေးအခင်းနဲ့  ကျွန်တော်တို့တစ်တွေ ပုသိမ်ထောင်ထဲ ရောက်ကြရပြန်တော့ ထူးအိမ်သင် သင်ပေးခဲ့တဲ့ အဆုံးသတ်တိုက်ပွဲ သီချင်းဟာ ထောင်ထဲမှာ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် သီချင်း ဖြစ်လာခဲ့တော့တာပဲပေါ့။
၁၉၉၂မှာ ကျွန်တော် ထောင်က ပြန်လွတ်လာပြီး ရန်ကုန်တက်လာတော့ ထူးအိမ်သင်က ၃၃လမ်း လေထန်ကုန်းမှာ ကျွန်တော့်ကို လာတွေ့ပါတယ်။ ကျွန်တော့်အတွက် နာရီတစ်လုံးနဲ့ သူ့ရဲ့ “အတ္တပုံဆောင်ခဲများ” အခွေ လက်ဆောင်ပေးပါတယ်။
ငှက်တစ်ကောင်ကတော့ လေဆန်ကိုဖြတ်ပြီး ပျံသန်းသွားပါပြီ။ ကျွန်တော်တို့ အိပ်တန်းရှာတွေ့ဖို့ပဲ လိုပါတော့တယ်။
လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ငှက်သာ မနက်ဖြန်အတွက် ဖြစ်တယ်။
 မိုးမခမှတဆင့်

  ဒီကိစ္စကို ကျနော် အခုတော့ ရေးလို့ရပါပြီ။
၁၉၇၈ ခုနှစ်မှာ ကျနော့်အဖေ၊ အမေနဲ့ညီ၊ သုံးယောက်စလုံး အဖမ်းခံရတုန်းက အဖေနဲ့ ဘိုညိုကို အရင်လွှတ်ပြီး အမေ့ကို နောက်ဆုံးမှ အချိန်အတော်ကြာ ချန်ပြီးလွှတ်တယ်။ အဲဒါ ဘာလို့လဲလို့ ကျနော့်ကိုမေးတာ မကြာခဏကြုံရပါတယ်။ ဆွေရင်း မိတ်ရင်းတွေထဲက မေးကြတာတောင် ရှိပါတယ်။ ဒါပေမဲ့ ကျနော့်မှာ ထောက်ထားစရာတွေ ရှိနေလို့ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး။ အခုတော့ အမေကွယ်လွန်သွားပြီမို့ ကျနော်ရေးနိုင် သွားပါပြီ။


၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ၊ ကျနော့်ကိုလာဖမ်းတဲ့နေ့မှာပါ။ မှတ်မိသလောက် ဆိုရင် အဲဒါ တနင်္ဂနွေနေ့ကြီးပါ။ မန္တလေး ဗထူးအားကစားကွင်းမှာ မြို့မအသင်းနဲ့ ရဲအသင်း တို့ ကစားမယ့်နေ့ပါ။ ပွဲကလည်း ပွဲကောင်းဖြစ်လို့တကြောင်း၊ ကိုယ်တိုင်ကလည်း မြို့မ ဘော့လုံးအသင်းသားဟောင်း ဖြစ်ရုံမက မြို့မအသင်းကို ကမကထ ပြုသူ၊ ဦးစီးသူတွေ အားလုံးဟာ ကျနော့်မိဘများနဲ့ မကင်းသူတွေ ဖြစ်နေလို့ကတကြောင်း ကျနော်က အဲဒီ ဘော့လုံးပွဲကို သွားကြည့်ဖို့ အားခဲထားပါတယ်။ သူများတွေနဲ့ အဖော်တောင် ညှိထား ပါသေးတယ်။
နေ့လည် ၂နာရီ၊ ၃နာရီ လောက်ထင်ပါရဲ့ ကျနော်အိမ်သာတက်နေတုန်းမှာ ကျနော်တို့အိမ်မှာ ကားမောင်းတဲ့ ကိုအေးက ကျနော့်ကို အပြင်ကနေ တံခါးပုတ်ပြီး ခေါ်ပါတယ်။ ကျနော်ထွက်လာတော့ “ခင်ဗျားကို ခင်ဗျားအမေက ခေါ်နေတယ်၊ အောက်ကို ဆင်းလာခဲ့ပါတဲ့” လို့ဆိုတာနဲ့ ချက်ခြင်း သူ့နောက်က လိုက်သွားပါတယ်။ အောက်ရောက်တော့ ဧည့်ခန်းထဲမှာ အဖေရယ်-အမေရယ်၊ ရပ်ကွက်ထဲကလူကြီး ၃-၄ယောက်ရယ်၊ တခါမှမတွေ့ဖူးတဲ့ မျက်နှာထားတင်းတင်းနဲ့ လူတချို့ရယ် ထိုင်နေ ကြတာကို တွေ့ရပါတယ်။ အဖေနဲ့အမေကလည်း မျက်နှာမသာကြပါဘူး။ ဒါနဲ့ ကျနော်လည်း အခြေအနေကို ချက်ခြင်းရိပ်မိလိုက်ပါတယ်။ ကျနော်ရောက်တော့ ကျနော့်အဖေက ကျနော့်ကို- “ငါ့သားအခန်းကို နည်းနည်းရှာချင်လို့တဲ့” လို့ပြောပါတယ်။ အဖေပြောပြီးတာနဲ့ပဲ အဲဒီလူတွေ အားလုံး မတ်တပ်ထရပ် လိုက်ကြပါတယ်။ ကျနော်က နောက်ပြန်လှည့်လိုက်တာနဲ့ အားလုံးအပေါ်တက်တဲ့ လှေကားဆီ ထွက်လာကြပါတယ်။ အိမ်သားတွေပါပေါင်းရင် ၁ဝ ယေက်လောက် လူအုပ်ကြီးပါ။ လှေကားပေါ်တက်ရင်း တယောက်က ကျနော့်ကို “ပြီးရင်မေးချင်မြန်းချင်တာလေးတေရှိလို့ ကျနော်တို့နဲ့ လိုက်ရအောင် အိပ်ရာလိပ်နဲ့ အဝတ်အစားလည်း ပြင်ပါ” လို့ပြောပါတယ်။ ကျနော်နဲ့ အမေက အတူတူ တက်လာတာမို့ အမေ့ကို ပြောတဲ့သဘောလည်း ဆောင်နေပါတယ်။
အဲဒီနောက်တော့ သူတို့ ကျနော့်အခန်းထဲမှာ ရှာကြတော့တာပါပဲ။ နို့ပေမဲ့အလွန်ကြီး ရုပ်ပျက်ဆင်းပျက် ရှာတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာ တခုခုကို အတိအကျ သတင်းရထားလို့ ရှာတာ ဟုတ်ဟန်မတူပါဘူး။ ကျနော်နဲ့အမေက အခန်းအပြင် တံခါးဝနားမှာ ရပ်နေပါတယ်။ အဲဒီတုန်းက ကျနော့်ညီ ဘိုညိုအိမ်မှာ မရှိပါဘူး။ ခရီးသွားနေပါတယ်။ ကျနော့်အမနဲ့ နှမတို့ ရှိကြပါတယ်။ သူတို့လည်းပဲ ကျနော့်အနားမှာ ရှိကြပါတယ်။ ကျနော့်အဖေကတော့ အောက်ကဧည့်ခန်းထဲမှာ လာဖမ်းတဲ့ ထောက်လှမ်းရေးဗိုလ်မှူးကို ဧည့်ခံစကားပြောနေခဲ့တယ်လို့ ယူဆရပါတယ်။ ကျနော့် အပါးမှာ ရပ်နေတဲ့ နောက်တယောက်ကတော့ လာဖမ်းတဲ့ ထောက်လှမ်းရေးကလူပါ။ အသက် ၂ဝ နဲ့ ၃ဝကြား လောက်ရှိပါမယ်။ သူ့ခါးက ပုဆိုးထဲမှာ သေနတ်အတိုတလက်ကို ထိုးထားပါတယ်။ သူတို့ လှန်လှောရှာနေတာကို ကြည့်ရင်းကျနော်က မင်မပျက် မောင်းမပျက် အမေ့နားကိုကပ်ပြီး “ကျနော်ပြေးမှဖြစ်မယ်” (I must flee) လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ အနားက ထောက်လှမ်းရေးငနဲဟာ ဘာမှ ဂရုမထားတဲ့ ဟန်နဲ့ ရှာဖွေနေတဲ့ လူတွေဆီကိုပဲ ကြည့်နေပါတယ်။ ကျနော်တို့ ပြောတာကို သူနားမလည်တာ အမှန်ပါပဲ။ ဒီတော့အမေက “သူတို့မှာသေနတ်တွေပါတယ်” (They have guns) လို့ပြန်ပြောပါတယ်။ ဒီတော့ကျနော်က “ကျနော်သိတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တော့ ပြေးမှဖြစ်မယ်” (Yes, I know, But Imust flee at all cost) လို့ ထပ်ပြောလိုက်ပါတယ်။ သားအမိချင်းပြောတာဆိုတော့ ဒါလောက်ဆို လုံလောက်ပါပြီ။ ပြောလို့သာ ပြောတယ် ကျနော်နဂိုက စဉ်းစားထားတဲ့ ထွက်ပြေးတဲ့နည်းလမ်းတွေက ပိတ်နေသလောက် ဖြစ်နေပါတယ်။ ကျနော်ပြင်ထားတာက ၁၉၆၆ ခုနှစ်တုန်းက ကျနော့်ကို ဖမ်းသလို ညမှာ ဖမ်းလာခဲ့ရင်၊ ကျနော်က လက်ဦးခဲ့ရင် ဆိုတာမျိုးတွေပါ။ အခုတော့ အိမ်သာထဲရောက် နေတဲ့လူဟာ ဘယ်လိုမှ လက်မဦးနိုင်ပါဘူး။
အဲဒီနောက်မှာ ကျနော့်အခန်းထဲက သိမ်းယူတဲ့ စာအုပ်တွေနဲ့အတူ ကျနော့်ကို အောက်ထပ်ကို ခေါ်သွားပါတယ်။ ခုနက ဧည့်ခန်းဆီ ပြန်ခေါ်သွားတာ ဖြစ်ပါတယ်။ အဆင်းမှာ ကျနော်က အမေ့နားကပ်ပြီး ကျနော်တို့တိုက်ရဲ့ တောင်ဘက်က တံခါးပေါက်ကို ဖွင့်ထားပေးဖို့ ပြောလိုက်ပါတယ်။ ကျနော်တို့ အိမ်က ဂ၄လမ်းနဲ့ ၃၃လမ်းထောင့်မှာဆိုတော့ နှစ်မျက်နှာရှိတဲ့ အဆောက်အဦလိုဖြစ် နေပါတယ်။ အနောက်ဖက်မျက်နှာမှာ အဓိက တံခါးပေါက်ကြီးဖြစ်ပြီး တောင်ဖက်မျက်နှာစာမှာတော့ တံခါးပေါက် သေးသေးတခုနဲ့ ကားဂိုဒေါင် ရှိပါတယ်။ အဲဒီအချိန်က အဲဒီတခါးပေါက်ဟာ အဝင်အထွက် မရှိသလောက် နီးပါးမို့ ဘာဂျာတံခါးကို အမြဲလိုလို ကြေးဝါသော့ခလောက်ကြီးတလုံးနဲ့ ခတ်ထားပါတယ်။ နောက်ပြီး အဲဒီသော့ဟာ အမေ့ဆီမှာပဲ ရှိပါတယ်။
အောက်ပြန်ရောက်တော့ သူတို့က နဂိုနေရာတွေမှာ ပြန်ဝင်ထိုင်ကြပြီး ကျနော့်ကို ဧည့်ခန်းအဝင် တံခါးပေါက်မှာ ထိုင်စေပါတယ်။ ခုနက ထောက်လှမ်းရေးက လူက ကျနော့်ဘေးမှာ ကပ်လျက်ထိုင်ပါတယ်။ အခန်းလယ်မှာတော့ ရပ်ကွက်လူကြီးတွေဟာ ကျနော့် အခန်းထဲက သိမ်းလာတဲ့ပစ္စည်းတွေ (အများအားဖြင့်စာအုပ်တွေ) ကို စာရင်းပြု နေပါတယ်။ ကျန်တဲ့လူတွေကတော့ ထိုင်ကြည့်နေ ကြပါတယ်။ စာအုပ်တွေထဲမှာ မော်စီတုန်း လက်ရွေးစင်ကျမ်းတွေ ပါပါတယ်။
ဒီနေရာမှာ အခန်းဖွဲ့စည်းပုံကို နည်းနည်းပြောဖို့လိုပါတယ်။ ကျနော်တို့ အိမ်အပေါ်ကို တက်တဲ့ လှေကားဟာ အဖေ့အလုပ်ခန်းထဲမှာ ရှိပါတယ်။ အဖေ့အလုပ်ခန်းနဲ့ ဧည့်ခန်းက ကပ်လျက်၊ ဆက်လျက်ပါ။ အကြားမှာ နံရံတခုနဲ့ တံခါးပေါက်တခု ရှိပါတယ်။ အဖေ့ အလုပ်ခန်းရဲ့ တဖက်မှာက အခန်းငယ်တခုရှိပြီး နောက်ဖေးပေါက်က အဲဒီအခန်းကနေ ထွက်ရတာ ဖြစ်ပါတယ်။ နောက်ပြီး အဖေ အလုပ်လုပ်တဲ့ စာပွဲပတ်လည်မှာ စာအုပ်တွေ ထည့်ထားတဲ့ လူတရပ်ကျော်မြင့် မှန်ဘီဒိုကြီးတွေ ရှိပါတယ်။ ဒါကြောင့် ကျနော့်နဲ့ အဲဒီ ထောက်လှမ်းရေးကလူ ထိုင်နေတဲ့ နေရာကနေကြည့်ရင် အဖေ့အလုပ်စာပွဲကိုလည်း မမြင်ရ၊ တဖက်ခန်းကို ကူးတဲ့တံခါးကိုလည်း မမြင်ရပါဘူး။ အဲဒီတဖက်ခန်းမှာ အပြင်ထွက်ဖို့ တံခါးဖွင့်ထားတယ် ဆိုတာကတော့ ပိုမဖြစ်နိုင်ပါဘူး။
အပေါ်က ဆင်းလာကြတော့ အမေက နောက်ကနည်းနည်းချန် လိုက်လာပါတယ်။ နောက်ပြီးမှ စာအုပ်ဘီဒိုကြီးတွေနောက် ဝင်လိုက်ပြီး ဘာဂျာတံခါးသော့ကို သွားဖွင့် လိုက်တာပါ။ အဲဒီနောက်မှာ သူက ဧည့်ခန်းဆီကို ပြန်လာပြီး ကျနော့်ကို ခေါင်းတချက် ငြိတ်ပြ လိုက်ပါတယ်။ ဖွင့်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြီးမှ သူဟာ ဧည့်ခန်းထဲက သူ့နဂို နေရာမှာ ဝင်ထိုင်နေပါတယ်။
ကျနော်က ကျနော့်နှမကို အစာအိမ်ဆေးသောက်ဖို့ ဆေးနဲ့ရေတခွက် သွားယူခိုင်း လိုက်ပါတယ်။ ဒါကို အားလုံးကမြင်သိကြ ပါတယ်။ သူက အပေါ်ထပ်ကိုတက်သွားပါတယ်။ ခဏကြာလို့ ကျနော့်နှမက မလာတော့ ကျနော်က “ဒီကောင်မလေးကလည်းကြာ လိုက်တာ” လို့ အားလုံးကြားအောင် ညည်းပြီး သူ့နောက်လိုက်ဖို့ ဟန်ပြုလိုက်ပါတယ်။ ဘေးက ထောက်လှမ်းရေးဟာ ဝေးဝေးသွားမယ် မထင်လို့ထင်ပါရဲ့ သူ့နေရာကပဲ ထိုင်ကြည့်နေပါတယ်။ ကျနော် မှန်ဘီဒိုကြီးတွေ နောက်ကွေ့ဝင်လိုက်တာဟာ ဘာဖြစ်နိုင် တယ် ဆိုတာ သူဘယ်လိုမှ တွက်မိဟန်မတူပါဘူး။ ကျနော်က အဲဒီ နောက်ဖေးပေါက်ကနေ တစွတ်ထဲ ထွက်ပြေးသွားတာက ကျနော့်ဘဝတခုလုံး အပြောင်းလဲကြီး ပြောင်းလဲသွား တော့တာပါပဲ။
ကျနော်အရှေ့မြောက် အခြေခံဒေသကိုရောက်တော့ မန္တလေးမြေအောက်လုပ်ငန်းက လာတဲ့ လူနဲ့တွေ့ပါတယ်။ ကျနော်နဲ့ လုပ်ဖော်လုပ်ဖက်ဟောင်း၊ သူငယ်ချင်းဟောင်းပါ။ သူ့ကို ပါတီဗဟိုကနေ တချို့လုပ်ငန်းတွေ မှာလိုက်ရာမှာ ကျနော်ကတဆင့် မှာခိုင်းပါတယ်။ ဒီအခါမှာ သူကလည်း မန္တလေးမှာကျန်ခဲ့၊ ဖြစ်ပျက်ခဲ့တာတွေပြောပြရင်း ကျနော့်အတွက် အင်မတန်စိုးရိမ်ခဲ့ကြကြောင်း ပြောပြပါတယ်။ ကျနော်ကလည်း ကျနော်ဘယ်လိုလွတ်ထွက် လာတယ်ဆိုတာတွေ သူ့ကိုပြောပြပါတယ်။ လူရင်းတွေမို့ပါ။ အမေ့ကြောင့် လွတ်လာပုံကို လည်း ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ မန္တလေးယူဂျီတခုလုံးနီးပါး အဖမ်းခံ ရတော့ ဒီလူလည်း ပါသွားပါတယ်။ သူကအကုန်ဖော်၊ အကုန်ဖောက်ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ ကျနော့်အမေပါဝင်တဲ့အခန်းကို သိသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ အမေ့ကို စစ်အစိုးရက ညှိုးစရာ ကိစ္စတခုတိုးသွားတာပါပဲ။
ဒီဖြစ်စဉ်တခုလုံးမှာ ကျနော်၊ ကျနော့်မိဖ၊ ကျနော့်အမနဲ့နှမ၊ လာဖမ်းတဲ့လူတွေ- ထောက်လှမ်းရေး၊ အက်စ်ဘီနဲ့ ရပ်ကွက်လူကြီးတွေ၊ တဦးစီ-တဦးစီမှာ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်နေကြမယ်ဆိုတာ ပြန်စဉ်းစားလိုက်ရင် အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းမှာပါ။ စာဖွဲ့ရင် စာတအုပ်များ ရမလားပါ။ ကျနော်အတိအကျ သိတာကတော့ ကျနော်တဦးတည်း ရင်ထဲကခံစားချက်ကို သာပါပဲ။ ပြောရရင် အဲဒီအချိန်က ကျနော့် ခေါင်းထဲမှာ အလုပ်သဘော စဉ်းစားနည်းက လွှမ်းမိုးနေပါတယ်။ ဆိုလိုတာ ဘယ်လို လွတ်အောင်ထွက်ရမလဲ၊ ဘယ်သူ့ဆီက ဘာသတင်းပေါက်သလဲ၊ သူတို့ ဘာတွေသိထား သလဲ စတာတွေပါပဲ။ တခြားဘာမှ တွေးမနေနိုင်ပါဘူး။
ညမှာ မန္တလေးမြို့က ခွာပြီဆိုတော့မှပဲ ကိုယ့်ခံစားချက်ဖက် အာရုံလှည့်မိပါတယ်။ ပထမဆုံး ခေါင်းထဲမှာ ပေါ်လာတာက မာတာပီတု ဂုန္တောအနန္တော ဆိုတာပါပဲ။

အိမ်က ထွက်လာပြီးနောက် ကျနော်တညလုံး ခရီးနှင်ပါတယ်။ အဲဒီတုန်းက ကျနော့် စဉ်းစားနည်းက မန္တလေးမြို့ နယ်နိမိတ်ထဲကနေ အမြန်ဆုံးထွက်ခွာဖို့၊ လက်နက်ကိုင်တော်လှန်ရေးဒေသထဲ၊ အထူးသဖြင့် ကျနော်တို့ ပါတီရဲ့ လက်နက်ကိုင်ဒေသတခုခုထဲကို အမြန်ဆုံး ရောက်ဖို့ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျနော့် အတွက် ဘာမှ တွေဝေနေစရာ၊ ဝေခွဲမရ ဖြစ်နေစရာ မရှိပါဘူး။ ရဲ မင်းဖြစ် ဆိုတဲ့လမ်းကိုပဲ လိုက်ရတော့မှာပါ။
ကျနော် ဒီလိုထွက်ပြေး လွတ်မြောက
်လာတဲ့အတွက် ထောက်လှမ်းရေးဟာ အင်မတန် အခဲမကြေ၊ အသေရှာလိမ့်မယ် ဆိုတာကို တွက်မိလို့ ကျနော်တို့ ယူဂျီက လူတွေပို့နေတဲ့ မြောက်ပိုင်းလမ်းကို အသုံးမပြုပဲ သွားနေကျ၊ သုံးနေကျ မဟုတ်တဲ့ လမ်းကြောင်းကနေ သွားမယ်လို့ စဉ်းစားပြီး ရှမ်းပြည်တောင်ပိုင်း ကျောက်ဂူဒေသ (၁ဝ၈စစ်ဒေသ) ကို ရည်မှန်းချက်ထား ထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်ဟာ နောက်တနေ့ ညနေစောင်း (၃၁-၈-၇၆) မှာ တောင်ကြီးကို ရောက်ပါတယ်။ ကျနော်နဲ့အတူ ဘော့လုံးလောကမှာ အင်မတန်ခင်ခဲ့တဲ့ ကိုတော်ဝင်း ပါလာပါတယ်။ သူက နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဘာမှမသိ၊ ဘာမှလည်း စိတ်မဝင်စား၊ ဘာမှလည်း မလုပ်ဖူးသူပါ။ ကျနော် အကူအညီ လိုတယ်ဆိုလို့ အကုန်စီစဉ်ပြီး လိုက်ပို့တာ ဖြစ်ပါတယ်။
ကားပေါ်က ဆင်းဆင်းချင်းတွေ့တဲ့ တက္ကစီ
ဆရာတယောက်ကို မေးလိုက်ပါတယ်။ ကျနော် လမ်းပေါ်မှာ ကြာကြာရပ်နေရင် တယောက်ယောက်က တွေ့သွားမှာ စိုးလို့ပါ။ “ခေါင်းတခေါင်းလုံးဖြူနေတဲ့ တက္ကစီ မောင်းတဲ့ ဦးထွန်းမြင့်လေးအိမ်ကို သိသလားဗျ။” မသိဘယ်သူ ရှိပါ့မလဲ။ ကျနော်ရှာတဲ့ ဦးထွန်းမြင့်လေး ဆိုတာက ရှမ်းပြည်နယ်ရဲ့ ဒုတိယ ကမ္ဘာစစ် ဒီဖက် နိုင်ငံရေးမှာ အင်မတန်တက်ကြွ၊ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တဦးပါ။ ပင်လုံစာချုပ် ဖြစ်ပေါ်ရေးမှာလည်း အရေးပါတဲ့ အခန်းက ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်းတို့ အာဏာသိမ်းတော့ စော်ဘွားတွေနဲ့အတူ အဖမ်းခံရပြီး ဗိုလ်နေဝင်းက ရန်ညှိုးနဲ့ နောက်ဆုံးမှ လွှတ်ပေးတာခံရသူ ဖြစ်ပါတယ်။ ထောင်ထဲမှာပဲ သူ့ ခေါင်းတခေါင်းလုံး ဖြူသွားတာ ဖြစ်ပါတယ်။
သူ့အိမ်ကို ကျနော်ရွေးရတဲ့ အကြောင်းကိုလည်း ပြောပြသင့်
တယ်ထင်လို့ နည်းနည်းရေး ပြပါ့မယ်။ ပထမဆုံး စရေးသင့်တာက သူတို့ မိသားစုနဲ့ ကျနော်တို့ မိသားစုရဲ့ ထူးထူးခြားခြား နှောင်တဲနေတဲ့ သံယောဇဉ်ပါ။ ကျနော့်အဖွားနဲ့ ကြီးဒေါ်က ဆေးလိပ်လုပ်ငန်း လုပ်သူတွေဆိုတော့ အဲဒီတုန်းက ဗမာပြည်မှာ တခုတည်းသော သနပ်ဖက်ထွက်ရာ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ အဆက်အသွယ်များ ပါတယ်။ အဲဒီလိုနဲ့ သနပ်ဖက် ပွဲစားကြီးတွေဖြစ်တဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးသူ တဦးဖြစ်တဲ့ ဦးခွန်ထီးတို့လို ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးခဲ့ ပါတယ်။ နောက်ပြီး ရှမ်းပြည်နယ်က လူတွေဟာ ဘုရားဖူး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မန္တလေးကို မကြာခဏ ဆင်းလာနေကြတာပါ။ အဲဒီလိုနဲ့ အသွားအလာတွေများ၊ ကိုယ့်အိမ်သူတည်း၊ သူ့အိမ်ကိုယ်တည်းနဲ့ ပိုရင်းနှီးလာကြတယ် ထင်ပါတယ်။ နောက်တော့ ဦးခွန်ထီးလို လူတွေကတဆင့် လူထုမောင်နှံဟာ ရှမ်းပြည်နယ်က နိုင်ငံရေးသမားတွေနဲ့လည်း ရင်းနှီးလာခဲ့ ကြပါတယ်။ အဲဒီအထဲမှာ အရင်းနှီးဆုံးက လူထုသတင်းစာနဲ့ ဂျာနယ်မှာ အယ်ဒီတာလုပ်သွားတဲ့ သူရ(ရှမ်းပြည်) ခေါ် ဦးထွန်းဖေနဲ့ ဦးထွန်းမြင့်လေး တို့ လို့ဆိုရင် မမှားပါဘူး။
ဒီလိုနဲ့ ဦးထွန်းမြင့်လေးနဲ့ သူ့ဇနီး ဒေါ်(ဒေါ်)စောအုန်းကြူတို့ မိသားစုဟာ ကျနော်တို့ မိသားစု အဖို့ သာမန်ဆွေးမျိုးထက်မက ရင်းနှီးတဲ့ မိသ
ားစုတစု ဖြစ်လာပါတယ်။ ဦးထွန်းမြင့်လေး ထောင်ထဲရောက်နေတဲ့ ကာလတွေမှာ ဒေါ်ဒေါ်စောအုန်းကြူဟာ နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် ကလေးတွေကို ခေါ်ပြီးမန္တလေးကို ဆင်းလာလေ့ ရှိပါတယ်။ သူတို့ ကလေးတွေဟာ ကျနော့်ထက် နည်းနည်းငယ်ပါတယ်။ ဒါပေမဲ့ ကစားဖော် ကစားဖက် လုပ်လို့ရပါတယ်။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်းက အစားအစာတွေကိုလည်း ဒေါ်ဒေါ်က မှန်မှန်ပို့ပေးလေ့ ရှိပါတယ်။ ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။ အဲဒီတုန်းက နေ့ခင်း ၃နာရီ၊ ၄နာရီ လောက် ကျနော်တို့အိမ်ရှေ့မှာ မေမန်းကားကြီး ရပ်ပဟဲ့ဆိုရင် ကားပေါ်က သူတို့မိသားစုတွေ ဆင်းလာ၊ ဒါမှမဟုတ် သူတို့ပို့လိုက်တဲ့ ခေါပုတ်၊ ထောပတ်သီး၊ သဇင်ပန်း စတာတွေ ယူလာတာပါပဲ။ ပို့လာတာက နည်းနည်း မဟုတ်ပါ၊ တောင်းကြီး တောင်းငယ်နဲ့ ဖြစ်ပါတယ်။
ကျနော် ထောင်ကထွက်လာတော့၊ အဲဒီအချိန်မှာ ဦးလေးဦးထွန်းမြင့် ထောင်ကထွက်လာတာ ၂နှစ်-၃နှစ်လောက် ရှိပါပြီ။ ကျနော့်ကို ဒေါ်ဒေါ်စေ
ာအုန်းကြူက တောင်ကြီးကနေ တမင်တကာ လာတွေ့ပါတယ်။ ကျနော့်ကိုမြင်တော့ တံခါးပေါက်မှာရပ်ပြီး မျက်ရည်တွေ တွေတွေစီးကျရင်း ပြုံးကြည့်နေတဲ့ ဒေါ်ဒေါ့်ပုံဟာ ဒီနေ့အထိ ကျနော့်မျက်စိထဲက မထွက်ပါဘူး။ ကျနော့်ကို အဲဒီလို တမင်လာတွေ့ပြီး မျက်ရည်ကျသူတွေရဲ့ နောက်နှစ်ဦးက ကျောက်ဆည်က (သခင်တင်ရွှေ့ဇနီး) ဒေါ်မြရီနဲ့ ရွှေဘိုဒေါ်မိမိကြီးပါ။ သူတို့သားတွေက ကျနော်နဲ့ အင်မတန်ကိုရင်းတဲ့ တက္ကသိုလ်ကျောင်းနေဘက်တွေ ဖြစ်ပါတယ်။
ဦးလေးဦးထွန်းမြင့်၊ ဒေါ်စောအုန်းကြူတို့အ
ိမ်ကို ကျနော်သွားတဲ့ တခြားအကြောင်းရင်းတခုက သူတို့ရဲ့ ဒုတိယသားဖြစ်တဲ့ ကျနော်တို့အခေါ် ညီညီ (နာမည်ရင်းက စိုင်းဇေယျအောင်) ဟာကျနော်ထောင်ထဲမှာ ရှိတုန်းက ရလလဖအဖွဲ့ရဲ့ လက်နက်ကိုင် တော်လှန်ရေးထဲကို လိုက်သွားပြီး ဆီဆိုင်ကားလမ်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့ ပါတယ်။ သူဦးစီးတဲ့ ဒီတိုက်ပွဲမှာ ရန်သူအားလုံးကို ချေမှုန်းပြီးလို့ တိုက်ပွဲပြီးတဲ့ နောက်ကျမှ စစ်မြေပြင်ကို တက်ရှင်းတုန်းမှာ ဒဏ်ရာနဲ့လဲနေတဲ့ ရန်သူစစ်သားတယောက်က လဲနေရာကနေ ခေါင်းဆောင် ဖြစ်လောက် တယ်လို့ မှန်းပြီးပစ်လိုက်တာနဲ့ ကျဆုံးသွားတာပါ။

ဒါကြောင့် နိုင်ငံရေးအစဉ်အလာကြီးတဲ့ ဦးလေးဟာ ကျနော့်အတွက် လမ်းရှာပေးမယ်လို့ ယူဆပြီး သူတို့ဆီကို တန်းပြေးတာ ဖြစ်ပါတယ်။ ကျနော်က သူတို့ကို အခြေအနေအားလုံး ပြောပြပြီး ကျနော် ဖြစ်ချင်တာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတခါတော့ ဒေါ်ဒေါ် မျက်ရည်မကျအားတော့ပါဘူး။ ချက်ခြင်းပဲ ကျနော့်အတွက် ထမင်းချက်ပါတော့တယ်။ ဦးလေးကတော့ အပြင်ကိုထွက်သွားပြီး အဆက်အသွယ်၊ နည်းလမ်း ရှာဖွေပါတယ်။

သိပ်မစောင့်လိုက်ရပါဘူး။ ညမှောင်ကာစမှာပဲ ဦးလေးပြန်ရောက်လာပါတယ်။ “ရပြီကွာ၊ မင်းမနက်ဖန် ထွက်ရမယ်” တဲ့။ ဘယ်ကိုလဲလို့ ကျနော်က အားတက်သရော မေးလိုက်တော့ “နက်ဖန်မှာ ပအို့အမျိုးသား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စိန်တို့ဆီကို သွားမယ့် စိတ်ချရတဲ့ လူကြုံရှိတယ်။ မင်းကိုသူက ဦးကျော်စိန်ဆီကို ခေါ်သွားလိမ့်မယ်” တဲ့။
“ဟာ၊ အဲဒီအဖွဲ့ဟာ ကျနော်တို့ပါတီနဲ့ တိုက်နေတဲ့ အဖွဲ့ပဲ၊
ဘယ်ဖြစ်မလဲ” လို့ စိုးရိမ်တကြီး ပြန်ပြော လိုက်တော့
သူက-
“မင်းကလည်းကွာ။ ကိုကျော်စိန်ပဲ၊ တခြားလူမှတ်လို့။ သူက ဦးလှဒေါ်အမာသားကို ဘာမှမလုပ်ပါဘူးကွ။ သူမန္တလေး ထောင်ထဲမှာ နေရတုန်းက မင်းတို့အိမ်က အကူအညီပေးခဲ့တဲ့
ကျေးဇူးတွေကို သူမမေ့ပါဘူးကွ၊ မင်းအဲဒီမှာ အရင်သွားနေ၊ နောက်မှ မင်းသွားချင်တဲ့ ကွန်မြူနစ်ပါတီ လက်နက်ကိုင်ဒေသကို သွားနိုင်အောင် ငါတို့ အဆက်ရှာပြီး ဆက်ပေးမယ်” လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ငါးဆယ်စုနှစ်များအတွင်း
ဦးကျော်စိန်ထောင်ထဲ ရောက်နေတော့ ကျနော့်အမေက လက်ဆောင်ပစ္စည်းလေးတွေနဲ့ ထောင်ဝင်စာသွား တွေ့လေ့ရှိပါတယ်။ နောက် ဦးကျော်စိန်ထောင်က လွတ်လာတော့ သူ ရှမ်းပြည်နယ်ကို မပြန်ခင် ကျနော်တို့အိမ်မှာ ၃-၄ ည အိပ်သွားတာကို ကျနော် မှတ်မိနေပါတယ်။ သူက အသားဖြူဖြူ၊ နဖူးကျယ်ကျယ်၊ စကားနည်းနည်းပါ။
ဒါနဲ့ပဲ ဒီအစီအစဉ် အတည်ဖြစ် သွားပါတယ်။
ကျနော်ကတော့ ဘာမှထူးထူးထွေထွေ စဉ်းစားမနေတော့ပဲ သွားရိုးသွားစဉ်ခရီး၊ လုပ်ရိုးလုပ်စဉ် အလုပ်လို သဘောထားပြီး လက်ခံလိုက်ပါတယ်။ ဒေါ်ဒေါ်က ကျနော့်ကို စောစောအိပ်ခိုင်းပါတယ်။ ကျနော် ကလည်း ဒိအရင်တညက လုံးဝမအိပ်ခဲ့ရတာမို့ အိပ်ရာပေါ်တက်လှဲလိုက်တာ မနက်မှာ သူတို့လာနှိုးမှ နိုးပါတော့တယ်။ ဒေါ်ဒေါ်က ညတုန်းက သူချုပ်ထားတဲ့ ဧရာမလွယ်အိတ်ကြီး တလုံးကို လာပေးပါတယ်။ အလွယ်တကူ ရှိတဲ့ မီးခိုးရောင်ဖျင်စနဲ့ ချုပ်ထားတာပါ။ အဲဒီခေတ်က အခုလို ဘက်ခ်ပက်ခ် (ကျောပိုး အိတ်တွေ) မရှိသေး၊ ခေတ်မစားသေးပါဘူး။
နောက်တနေ့မနက်ကျတော့ ကျနော်လည်း ဒေါ်ဒေါ်ကို နှုတ်ဆက်ပြီး ချာကနဲ လှည့်ထွက်လာခဲ့ပါတယ်။ သူမျက်ရည်ကျတာ၊ ဝမ်းနည်းစကားတွေ ပြောတာတွေ မမြင်ချင်လို့ပါ။ ဦးလေးက ကျနော့်ကို ကားဆိပ်ကို လိုက်ပို့ပါတယ်။ တောင်ကြီးမြို့လယ်ခေါင်က ဂျစ်ကားလေးတွေပါ။ အဲဒီမှာ ကျနော်နဲ့ အတူသွားမယ့်လူ ၂ဦးက ရောက်နှင့် နေပါတယ်။ ဦးလေးက ကျနော့်ကို သူတို့ လက်အပ်ပြီး ဘာမှ ထွေထွေထူးထူး မပြောတော့ပဲ ပြန်သွားပါ တယ်။ သူကလည်း စကားနည်းသူလေ။
ကျနော်တို့က ကားနဲ့အဆုံးအထိ မလိုက်ပဲ လမ်းမှာဆင်းပါတယ်။ နောက်ပြီးကျတော့ တောင်ပေါ်ကို တက်တော့တာပါပဲ။
တောင်ဆိုတဲ့အတိုင်း တောင်ရဲ့သဘာဝ၊ တောင်ရဲ့အလှတွေ လွှမ်းမိုးနေတဲ့ နေရာတွေပေါ့။ မိုးရွာပြီးစ၊ ဒါပေမဲ့ တခါတခါ မှာတော့ မိုးစက်လေးတွေကျတာ မှတ်မိနေပါတယ်။ တောပန်းတွေ၊ စိုက်ခင်းတွေ၊ သနပ်ဖက်ခြံ တွေနဲ့ တတောလုံးစို၊ တတောင်လုံး စိမ်းနေတာပါ။ တခါတရံမှာ တိမ်သားတွေဟာ တံချူနဲ့ ချူယူလိုက်ရင် ရတော့မတတ် နိမ့်နိမ့်လေး မျောစီးနေတာလည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင် တခုလုံးဟာ လှချင်တိုင်းလှ နေတယ်လို့ပဲ ဆိုကြပါစို့။ မိုးတိတ်ခါစ အချိန်မို့ ငှက်သံလေးတွေကလည်း ပိုမြိုင်ပါတယ်။ ဘာငှက်တွေ မှန်းတော့ ကျနော်မသိပါ။
ဒီကြားထဲမှာ အင်မတန် နားစိမ်းပေမဲ့ အင်မတန်သာယာတဲ့ ဆွဲဆွဲငင်ငင် ဟစ်ကြွေးသံတခုကို စူးစူးရှရှ ကြားလိုက်ရပါတယ်။ ကျနော့်စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရတယ်ဆိုတာ ပြောတောင် မပြောတတ်လောက် အောင်ဖြစ်သွားပါတယ်။ ဆန်းလိုက်တဲ့ အသံလို့သာ အောက်မေ့မိလိုက်ပါတယ်။ ရိုးရာတေးသံဆို ဖြစ်ရမယ်လို့ လည်း တွေးမိပါတယ်။ အသံက လူသံပါ။ ဒါပေမဲ့ ဒီအသံဟာ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ စိမ်းလန်းစိုအိ နေတဲ့ သဘာဝအလှဘုံနဲ့ ခွဲမရတဲ့ အစိပ်အပိုင်းတခုလို ထင်မှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ ငါတို့ လူစိမ်းတွေ ဝင်လာ၊ ရောက်လာကြောင်း တနေရာနဲ့ တနေရာ အချက်ပေး အကြောင်းကြားတာလားလို့လည်း တွေးမိပါတယ်။ အကြောင်းက တနေရာက ဒီလိုဟစ်ကြွေးသံ ပေါ်လာပြီးတဲ့နောက် တခြားတောင်၊ တခြား တောင်စောင်းကလည်း ခပ်ဆင်ဆင် ဟစ်ကြွေးသံတွေ ပေါ်လာလို့ပါပဲ။ တခါတရံများဆိုရင် ပဲ့တင်သံတွေတောင် ပါနေတတ်ပါတယ်။ နောက်မှ သိရတာက ဒါဟာ ပအို့လူမျိုးတို့ရဲ့ ရိုးရာ ‘ငေါက်တက်’ တေးဖြစ်တယ် ဆိုတာပါပဲ။ လူငယ်တွေ သနပ်ဖက်ခြံတွေထဲမှာ အလုပ်လုပ်ကြရင်း အပြန်အလှန် အချီအချ၊ အတိုင်အဖောက်ဆိုကြတာ ဖြစ်ပါတယ်။ နားဝင်ပီယံ ရှိပါဘိတော့။
မှန်တာပြောရရင် အဲဒီအချိန်တုန်းက ကျနော့်ခေါင်းထဲမှာ ကျနော်တို့ဟာ ဦးကျော်စိန်နေတဲ့ ရွာတရွာ ကိုသွားနေတာ ဆိုတာကလွဲလို့ ရှေ့ရေးကို ဘာမှ မှန်းမရသလို စဉ်းစားတွေးတောနေတာလဲ လုပ်မနေတော့ပါ။ မဆလ ထောက်လှမ်းရေး လက်ကလွတ်တာ သေချာပြီဆိုတဲ့ အသိနဲ့ပဲ ခေါင်းထဲ၊ ရင်ထဲမှာ အတော်လေး ပေါ့ပါးနေတဲ့ သဘောရှိပါတယ်။ ဒီအဖွဲ့အစည်းကနေ တဆင့် ကျောက်ဂူဒေသမှာ ရှိတဲ့ ကျနော်တို့ ပါတီရဲ့ပျောက်ကြား အခြေခံဒေသကို အရောက်သွားမယ်လို့ပဲ ပြတ်ပြတ်သဘောပိုက် ထားလိုက်ပါတယ်။
ကားပေါ်က ဆင်းပြီးနောက် ၄-၅ နာရီ လောက်နေတော့ အတူပါတဲ့ လူတယောက်က ရှေ့က ကုန်းလေး ကျော်လိုက်ရင် ရွာကို ရောက်တော့မယ်လို့ ပြောလိုက်ပါတယ်။ ဒီတော့မှကျနော်လည်း တောင်တွေး မြောက်တွေး၊ သဘာဝရှုခင်းကို ခံစားနေတာတွေကနေ လက်တွေ့ အခြေအနေဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ကျနော့်ခေါင်း လှုပ်ရှားပါတော့တယ်။ တောင်ပေါ်ကရွာဆိုတော့ အတော့်ကို ဆင်းရဲ့ကြမှာပဲ။ သက်ကယ်မိုး ဝါးကပ် တဲတွေပဲများမှာ၊ သူတို့ ဥက္ကဋ္ဌနေရာ ရွာအနားကို ကပ်ပြီဆိုတော့ ကင်းပုန်းနဲ့များ တိုးနေအုန်း မှာလား၊ သူတို့တတွေ ကွန်မြူနစ်တွေကို သိပ်မုန်းနေကြသလား။ ကိုယ့်အမေးတွေနဲ့ကို လုံးလားထွေးလားနဲ့ တောင်စောင်း ပေါ်တက် လာတုန်းမှာ “ညာဖက်ကဟာ ရွာကဘုန်းကြီးကျောင်းပေါ့” တဲ့။ လှည့်ကြည့်လိုက်တော့- အမလေး၊ ဧရာမ တိုင်တရာကျောင်းကြီး။ ပျဉ်ထောင်ကာသွပ်မိုး ကျောင်းကြီး။ တမူးရလို့ တပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတာကို ပြေးသတိရမိတယ်။
အဲဒီလို ကျောင်းတော်ကြီးကို လည်တစောင်းစောင်း၊ ခေါင်းတလှည့်လှည့်နဲ့ ကြည့်ရင်း စုပ်သပ် လမ်းလျှောက်နေတုန်းပဲ
“ရှေ့ကဟာ ကျနော်တို့ရွာပဲ” တဲ့။
ဟာ။ တောင်စောင်းရှည်ကြီးတခုပေါ်မှာ ရွာသုံးရွာဆက်နေတယ်။ အားလုံး သွပ်မိုးတွေတဝင်းဝင်းနဲ့။ သွပ်မိုးမဟုတ်တဲ့ အိမ်ဟာ ရာခိုင်နှုန်း ၃ဝမှ ရှိပါ့မလား မသိဘူး။ အားလုံး ကျွန်းအိမ်ကြီးတွေ။ ဝါးကပ်အိမ်ဆိုလို့ ရှိလှ တရွာမှာမှ ၃-၄ အိမ်ပဲ။ အားလုံး ပအို့ရွာတွေ ဖြစ်ပါတယ်။
“အခုသွားမှာ ဘယ်ဖက်အဆုံးက ရွာပဲ” တဲ့။ ကြည့်လိုက်တော့ ရွာသုံးရွာထဲမှာ ဒုတိယအကြီးဆုံး၊ အိမ်ခြေ ၇ဝ-၈ဝ လောက် ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။
လမ်းဆုံးတော့ ရွာတွေ့ရမယ်ဆိုတာသိပေမဲ့ ဒါလောက်ကြီးတဲ့ သွပ်မိုးတဝင်းဝင်း ရွာဖြစ်လိမ့်မယ်လို့ ထင်မထားတာကိုတော့ ဝန်ခံရမှာပါ။ ဒီလိုနဲ့ မိုးလေး တဖြောက်နှစ်ဖြောက် ကျနေတဲ့ အကြားမှာပဲ ကျနော်တို့ အားတက်သရော တက်သွားကြတယ်။ လမ်းက နည်းနည်းတော့ ချော်တယ်။ ဒါပေမဲ့ မိုးတွင်းပေါင်း ရာပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ လမ်းမို့ လိုအပ်တဲ့နေရာမှာ မချော်အောင် ကျောက်တုံးတွေ၊ သစ်တုံးတွေ နဲ့ အထစ်တွေ လုပ်ထားတာ တွေ့ရပါတယ်။
တိုတိုပြောရရင် ကျနော်တို့ ဦးကျော်စိန်နေတဲ့ အိမ်ကို တန်းသွားကြပါတယ်။ အိမ်က တခြားအိမ်ကြီး တွေလိုပဲ ပျဉ်ကာသွပ်မိုး၊ ခြေထောက်အမြင့်နဲ့ အိမ်ကြီးဖြစ်ပါတယ်။ ရေနံချေးရောင်နဲ့ တောင်စောင်းမှာ အိနြေ္ဒ အပြည့်နဲ့ တည်ရှိနေတဲ့ အိမ်ကြီးပါ။ ကျနော်တို့ ဝင်သွားတော့ ဦးကျော်စိန်ဟာ အဲဒီဒေသက အိမ်တွေရဲ့ ထုံးစံအတိုင်း မီးလှုံလို့ရတဲ့ အခန်းအလယ်က မီးဖိုအထက်မှာ စာဖတ်နေတာ တွေ့ရပါတယ်။ သူက သူ့ရှေ့မှာ လာထိုင်တဲ့၊ လူစိမ်းတွေဖြစ်တဲ့ ကျနော်တို့ကို တချက်ကြည့်ပြီး ဘာမှမပြောပါဘူး။ အတူပါလာတဲ့ လူကိုပဲ ဘယ်လိုလဲဆိုတဲ့ သဘောမျိုးနဲ့ လှမ်းကြည့်ပါတယ်။ အတူပါလာတဲ့လူက သူ့ကို ပအို့စကားနဲ့ အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ သူပြောတဲ့ အထဲမှာ လူနာမည်တွေပဲ ကျနော်နားလည်လိုက်တာပါ။
ဒီတော့မှ သူက ကျနော့်ဖက်ကို လှည့်ကြည့်၊ ပြုံးပြီး “အော်၊ ခင်ဗျားက ဦးလှဒေါ်အမာ သားလား၊ ဒီမှာ ကြိုက်သလိုနေဗျာ” တဲ့။
မာတာပီတုဂုန္တော-အနန္တော။
ကျနော် အဲဒီကနေ ၁ဝ၈ စစ်ဒေသလို့ခေါ်တဲ့ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် အခြေခံဒေသကို သွားနိုင်အောင် မြေအောက်လုပ်ငန်းကတဆင့် ဆက်သွယ်ပို့ပေးခဲ့ သူကတော့ သူကိုယ်တိုင် ကျနော်ရှိရာ တောင်ပေါ်ကို တက်လာပြီး ပြောပြတဲ့ ဦးခွန်ထီးဖြစ် ပါတယ်။ သူနဲ့ ဦးထွန်းမြင့်လေးတို့ရဲ့ ကျေးဇူးပါ။

မာယာမဂ္ဂဇင်းမှတဆင့်


“ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ် …”


ဒီလေးငါးလအတွင်း ဂျာနယ်တွေဖတ်ရတာ အရင်ကလို ငါးရှဉ့်နဲ့ ဂဏန်းအကြောင်းလောက် မဟုတ်တော့လို့ ပျင်းစရာမကောင်းတော့ဘူး။ လူတွေအကြောင်း နိုင်ငံရေးအကြောင်းတွေ သူ့ထက်ငါ အပြိုင်အဆိုင် ရေးလာကြလို့ လှုပ်ရှားသက်ဝင်ဖြစ်ပြီး ဖတ်ကောင်းလာတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဆိုသလို ငယ်ဘဝကို ပြန်တမ်းတ လွမ်းဆွတ်မိတယ်။
မကောင်းလည်း ဖတ်ရတယ်
ဖတ်ကောင်းတာ ကိစ္စမရှိဘူး။ ပိုက်ဆံတော့ တော်တော်ကုန်တယ်။ ဘိန်းစွဲသလိုစွဲပြီး မဖတ်ရမနေနိုင်တော့ အသစ်မပါ သလောက်ဖြစ်ပြီး အဟောင်းတွေချည်း ပြန်ထည့်ထားတဲ့ ဂျာနယ်မျိုးလည်း ဝယ်ဖတ်ရတာကိုး။ သတင်းသမားဆိုတာ ကြိုက်လည်းဖတ်၊ မကြိုက်လည်း ဖတ်ရပါတယ်။ မကောင်းမှန်းသိပေမယ့်လည်း ဒီတပတ် ဘယ်လိုမကောင်းတာလည်း ဆိုတာ သိထားသင့်ပါတယ်။
ရန်/ငါ ပြတ်လို့သာ
ကလိမ်ကကျစ်လုပ်တဲ့ နိုင်ငံရေးသမားနဲ့ ပုတ်သင်ညို နိုင်ငံရေးသမား မရှိမဟုတ်ပါဘူး။ ရှေးက ရှိသလို အခုလည်း ရှိနေတာပါပဲ။ ဒါပေမယ့် နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို မစေ့စပ်တမ်း ရန်/ငါမျဉ်းပြတ်ပြတ်နဲ့ တိုက်ခိုက်ခဲ့ကြသူတွေလည်း သိန်းနဲ့သန်းနဲ့ချီ ရှိခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်အားလုံးဟာ နိုင်ငံရေးသမားတွေပါ။ ဖဆပလ ဆိုတဲ့အဖွဲ့ကြီး နှစ်ခြမ်းကွဲ သွားခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဖဆပလ ဆိုတဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တဲ့ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးကြောင့် နယ်ချဲ့သမားတွေနဲ့ ဖက်ဆစ်တွေကို အောင်နိုင်ခဲ့ကြတယ်ဆိုတာ မေ့ဖျောက်မပစ်သင့်ပါဘူး။
ပူးပေါင်းလုပ်နည်း ၂ နည်း
နိုင်ငံရေးပါတီတခုထူထောင်တယ်ဆိုတာ လာရာအရပ်မတူကြတဲ့ အလွှာပေါင်းစုံကလူတွေ ပူးပေါင်းဖွဲ့စည်းထားရတာ ဖြစ်တယ်။ လူတွေဟာ မူလဗီဇနောက်ခံဘဝတွေ မတူကြတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ မတူနိုင်ကြပါဘူး။ အဲဒီလိုမတူတဲ့သူတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်း ၂ မျိုးသုံးကြပါတယ်။ ပထမ နည်းက တူညီတဲ့ ဘုံရပ်တည်ချက်တခုရှာပြီး ဘုံသဘောတူညီချက်တခုနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ တဦးချင်းအယူအဆတွေကို ရှေ့တန်းမတင်ဘဲ ဘုံသဘောတူတာကို လုပ်ကြဖို့ဖြစ်တယ်။ နောက်တနည်းကတော့ အယူအဆတခု အိုက်ဒီယော်လော်ဂျီ တခုကို သက်ဝင်ယုံကြည်ကြသူတွေအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဒီမိုကရေစီပါတီ စတာမျိုးတွေဖြစ်တယ်။
ပါတီမှန်ရင် ဝါဒရှိရမယ်
နိုင်ငံရေးပါတီဆိုတာ အိုက်ဒီယော်လော်ဂျီ တခုတော့ ရှိကိုရှိရပါတယ်။ အရင်းရှင်စနစ် အိုင်ဒီယော်လော်ဂျီဖြစ်ဖြစ်၊ ဆိုရှယ်ဒီမိုကရက်ဖြစ်ဖြစ်၊ ဆိုရှယ်လစ် ကွန်မြူနစ်ဖြစ်ဖြစ်၊ အစိုးရအရင်းရှင်စနစ်ဖြစ်ဖြစ်၊ အစ္စလာမ်မစ်ဖြစ်ဖြစ်၊ ခရစ်ယာန် ဒီမိုကရက်ဖြစ်ဖြစ် အယူဝါဒတခုအပေါ်မှာ တည်ဆောက်ရပါတယ်။ အိုက်ဒီယော်လော်ဂျီပေါ်မှာ မတည်ဆောက်ဘဲနဲ့ နောက်ခံဘဝအမျိုးမျိုးက ယုံကြည်မှုအသီးသီးနဲ့လာတဲ့လူတွေဟာ ဘယ်လိုလုပ်ပြီး အတူတကွပူးပေါင်းလုပ်ကိုင်နိုင်ကြမှာ လဲ။ အိုက်ဒီယော်လော်ဂျီမရှိရင် မျက်မမြင် လှမ်းလျှောက်သလိုဖြစ်မှာပါ။ ဟိုတိုး ဒီတိုးနဲ့ လိုရာခရီး မရောက်နိုင်ပါဘူး။ နိုင်ငံရေးလုပ်မယ်ဆိုရင် အိုက်ဒီယော်လော်ဂျီ ရှိကိုရှိရပါတယ်။
တစ္ဆေအခြောက်ခံရသူတွေ
အိုက်ဒီယော်လော်ဂျီခေတ်ကုန်ဆုံးပြီလို့ ဟောနေကြသူတွေက ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ့ ကွန်မြူနစ်ဟောင်းတချို့နဲ့ လစ်ဘရယ်ဒီမိုကရက်တချို့ဖြစ်ကြတယ်။ အိုင်ဒီယော်လော်ဂျီပဲခေါ်ခေါ်၊ ဝါဒပဲခေါ်ခေါ်၊ သဘောတရားပဲခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် အိုက်ဒီယော်လော်ဂျီဆိုတာ ကွန်မြူနစ်၊ ဆိုရှယ်လစ်သဘောတရားတွေကိုသာ ပြောတာမဟုတ်ပါဘူး။ အဒမ်စမစ် တို့၊ ဂျွန်မေးနဒ်ကိန်းတို့ရဲ့ စီးပွားရေးအယူအဆတွေဟာလည်း အိုက်ဒီယော်လော်ဂျီပါပဲ။ သမ္မတ ရေဂန်တို့၊ ဗြိတိသျှဝန်ကြီး ချုပ် မာဂရက်သက်ချာတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အယူအဆတွေလည်း အိုင်ဒီယော်လော်ဂျီတွေပါပဲ။ ဒါကြောင့် ရေဂန့် အိုက်ဒီယာတွေကို ရေဂန်နောမစ် ( Reaganomic ) လို့တောင် ခေါ်ခဲ့ကြပါတယ်။ မာဂရက်သက်ချာရဲ့ အိုက်ဒီယာတွေကို လည်း သက်ချာဝါဒ (Thatcherism) လို့ ခေါ်ခဲ့ကြပါတယ်။
အိုက်ဒီယာ ချွတ်ခြုံကျသူသာ ရှိတယ်
ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီဆိုတာရှိနေသရွေ့ အိုက်ဒီယော်လော်ဂျီ ရှိနေမှာသာဖြစ်တယ်။ ခေတ်တွေပြောင်းရင် အိုက်ဒီယာတွေလည်း လိုက်ပြောင်းမှာပဲ။ ဒါ သဘာဝဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီက တခုမဟုတ် တခုရှိနေမှာဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့လူသာရှိတယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့ခေတ်ဆိုတာ လုံးဝ မရှိနိုင် ဘူး။ အိုက်ဒီယော်လော်ဂျီက ချွတ်ခြုံကျပြီး ပျောက်ကွယ်သွားတယ်ဆိုတာ လုံးဝမရှိဘူး။ ခေတ်တွေ ပြောင်းလဲတိုးတက် တာနဲ့အမျှ လူသားတွေရဲ့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲတိုးတက်ပြီး အိုက်ဒီယော်လော်ဂျီ အသစ် အသစ်တွေ ပေါ်ထွက်လာမှာပဲဖြစ်တယ်။ ဒါဟာ သိပ္ပံနည်းကျ အယူအဆဖြစ်သလို သဘာဝတ္ထဗေဒအရလည်း သဘာဝကျတဲ့ အယူအဆဖြစ်တယ်။ ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ နိုင်ငံရေးကို အိုက်ဒီယော်လော်ဂျီကသာ ဆက်ပြီးဦးဆောင်နေမှာ ဖြစ်ပါတယ်။
မကွဲမှ ထူးဆန်းတာ
နိုင်ငံရေးဆိုတာ အိုက်ဒီယာတွေကိုအခြေခံပြီး လုပ်ကြတာဖြစ်တော့ တယောက်နဲ့တယောက် အိုက်ဒီယာမတူလို့ သဘောကွဲကြတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ မကွဲဘဲနဲ့ အားလုံး တသွေးတသံတည်းဖြစ်နေတာကမှ ထူးဆန်းတာ။ အလွှာပေါင်းစုံကရောက်လာတဲ့လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ၊ ဘယ်လိုနည်းနဲ့မှ အတွေးအခေါ်တွေ တထပ်တည်းကျ တာ မဖြစ်နိုင်ဘူး။ အတွေးချင်း၊ အမြင်ချင်း၊ သဘောပေါက်ပုံချင်း၊ အဓိပ္ပာယ်ကောက်ပုံချင်း အနည်းနဲ့အများတော့ ကွဲပြားခြားနားမှု ရှိကြမှာချည်းပဲ။ ဒါပေမယ့် သဘောထားချင်းမတူတာနဲ့ ရန်သူဖြစ်သွားကြတာမှ မဟုတ်တာ။ အခြေခံ သဘောတရားတွေ တူညီကြတယ်၊ ရည်မှန်းချက်ပန်းတိုင်းချင်းတူကြတယ်ဆိုရင် အတူတွဲပြီး ဆက်လုပ်လို့ရပါတယ်။ အတ္တအကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းမတင်ကြရင် သဘောမတူကြလည်း ဘယ်တော့မှ ရန်မဖြစ်ပါဘူး။ အတ္တလွန်ကဲလို့ ရန်ဖြစ်ကြတာပါ။
ဂိုဏ်းတွေစုထားတဲ့ ပါတီ
ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် အာဏာရယူထားနိုင်ခဲ့တဲ့ LDP ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေအများကြီးနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ သူ့ဂိုဏ်းငါ့ဂိုဏ်း အသာစီးရဖို့ နေ့တိုင်းယှဉ်ပြိုင်နေကြရတယ်။ ဒါပေမယ့် ရှေးရိုးစွဲ အယူအဆတွေ ကိုင်စွဲတာချင်း၊ စီးပွားရေးလုပ်ငန်းကြီးတွေကို အကာအကွယ်ပေးတဲ့ အယူအဆချင်းတူနေကြတော့ လက်တွဲပူးပေါင်းနေနိုင်၊ လုပ်နိုင်ခဲ့ကြတယ်။ အရေးကြီးတာက ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့အစွဲကြီး ချွတ်နိုင်ဖို့ဖြစ်တယ်။ အယူအဆမတူတာတွေကို သည်းခံတတ်မှ သဘောထားကွဲတာတွေကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှ ရင့်ကျက်တဲ့ နိုင်ငံရေးသမားလို့ ခေါ်နိုင်ပါတယ်။
နိုင်ငံရေး ရင့်ကျက်ဖို့လို
နိုင်ငံရေးမှာ သဘောထားကွဲမူဆိုတာ ရှိမြဲပဲ။ ရှေးကရှိသလို အခုလည်းရှိတာပဲ။ ကမ္ဘာမှာရှိသလို မြန်မာမှာလည်း ရှိတာပဲ။ အဆန်းမဟုတ်ပါဘူး။ ဝံသာနုခေတ်က ကွဲခဲ့သလို ဂျီစီဘီအေလည်း ကွဲခဲ့တာပဲ။ ဒို့ဗမာအစည်းအရုံးလည်း ကွဲတာပဲ။ ရဲဘော်သုံးကျိပ်လည်း ကွဲတာပဲ။ ကွန်မြူနစ်တွေကွဲသလို ဆိုရှယ်လစ်တွေလည်း ကွဲတာပဲ။ ဖဆပလလည်း ကွဲတာပဲ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ်။ ကျေညက်ဖို့ ကျမ်းရင်း ကျမ်းခိုင်တွေ ဖတ်ရပါမယ်။ အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး။ အိုက်ဒီယော်လော်ဂျီဆိုတာ ချွတ်ခြုံကျပြီး ကွယ်ပျောက်သွားရိုးမှ မရှိတာ၊ အိုက်ဒီယော်လော်ဂျီ ချွတ်ခြုံကျတဲ့သူမျိုးသာ ရှိပါတယ်။ ။

ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြရုံ သာမက၊ စာနယ်ဇင်း စာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်၊ ဒါ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။
မစားရ၀ခမန်း
ဒီမိုကရေစီ အကြောင်း ၀မ်းသာအားရ ပြောကြ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီ ဆိုတာ ‘မဟာသြသဓ’ နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ ‘ရွှေပြည်တော်ကြီး’ ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ ဆိုတဲ့ ပြောဆို ရေးသားချက်တွေ ကိုလည်း အများကြီး တွေ့နေ ရပါတယ်၊ ဒီမိုကရေစီ ဆိုတာ ကိုယ်တွေ့ မကြုံဘူးသူ များက ‘မစားရ ဝခမန်း’ ပြောဆို ရေးသားချက် တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့ ရတဲ့ အခါကျမှ ထင်တာနဲ့ မြင်တာ ‘ပါစင်အောင်’ လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင် ပါတယ်။ ဒါ ဆိုရင်လည်း မကောင်းပါဘူး။ ‘နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ပြောဆို ရေသားချက်တွေ ဆင်ခြင်သင့်ကြ ပါတယ်။
မကောင်းမှုတွေ ဘယ်ကစ
ဒီမိုကရေစီ ဆိုတာ မဟာသြသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာ မရှိလို့ လမ်းဘေး အိပ်ရတဲ့ သူတွေ ဘယ် ရှိနေတော့မှာလဲ၊ အခုတော့ လူ့လောကရဲ့ မကောင်းမှု မှန်သမျ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင် ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင် အာရှမှာ မူးယစ်ဆေးဝါး ဈေးကွက်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်၊
ကောင်းဘွိုင် ယဉ်ကျေးမှုအစ
အီရတ်က ဆက်ဒမ်ဟူစိန် ဆိုတာလည်း ပနားမားက နောရီအေးဂါး (Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ် ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေ လည်း စီအိုင်အေက မွေးထုတ်ပေးခဲ့ တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျ အမေရိ ကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုကစခဲ့ တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကား တွေကိုပဲ ကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ်သလို ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာ ရွှေပြည် နိုင်ငံကြီး မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။
လူသားများရဲ့ မျှော်လင့်ချက်
တကယ် ဒီမိုကရေစီ ဆိုတာ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့ နည်းလမ်းတွေ ထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မ ၀ါဒ မှန်သမျှ ချုပ်ငြိမ်းချမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိ ပြီး၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့၊ သဘာဝ တရားက လူသားတိုင်း အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲ ဖြစ်တယ်။
ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ
အခု ဖြစ်နေတာ ကတော့ စတော့ ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့ အချိန်မှာ အစိုးရဆီက ငွေကြေး ထောက်ပံ့မှု ရဖို့ လွှတ်တော်မှာ လာရောက်တင်ပြ တောင်းဆိုတဲ့ ဘဏ် လုပ်ငန်းရှင်တွေ ကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာ ကြတယ်လေ။ ဒါတင် မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ ကြေးလည်း ရရော၊ အဲဒီ ဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ် ဆိုပြီး တစ်ယောက် တစ်ယောက်ကို ဒေါ်လာ သန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူ လိုက်ကြ တယ်လေ။ ဘဏ်ကြီး ပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ် ဆိုတာမျိုး ကြားဖူးကြရဲ့ လား။ အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန် နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။
ဒေါ်လာ ၆ သိန်းတန်ခွေး
စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး၊ တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ ‘၀မ်’ ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။ အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း ‘ကျင်ဟိုင်း’ ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ ‘ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး’လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။
ဒီမိုကရေစီအနှစ်သာရလား
အားလုံးသိကြတဲ့ အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ် နိုင်ငံကြီး ဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာ လုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသား လယ်သမား ဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ ‘၀မ်’ လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လို ပြောနိုင်မှာပါလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင် ပါဘူး။
ဗြဟ္မပါလနိုင်ငံတော်
လူသားအားလုံးရဲ့ မျှော်လင့်ချက် ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူသတ် စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ ‘ဗြဟ္မပါလ နိုင်ငံတော်ကြီး’ ဆီအရောက်လှမ်းဖို့ သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စနစ် အမျိုးမျိုးနဲ့ နည်းလမ်း အသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီ ဆိုတာက အဲဒီ နည်းလမ်းတွေ ထဲက တစ်ခုသာ ဖြစ်တယ်။ သူ့အပြင် တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
လမ်းတွေမှအများကြီး
ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြား မရှိလို့ ကြွေးကြော်နေတာ ကတော့ ကောင်းဘွိုင် သမ္မတနှစ်ဦး ဖြစ်တဲ့ ရော်နယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန် လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အောင်ရင်း ‘ကျေးဇူးဆပ်စာပေ’တွေ အရေးကောင်း နေသူတွေကို ပြောလိုက် ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်း တွေအများကြီး ရှိနေပါတယ်။ ဒီမိုကရေစီ ဆိုတာက လူသားများရဲ့ ပန်းတိုင် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က ‘ဗြဟ္မပါလ နိုင်ငံတော် ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါ တယ်’။

 မာယာမဂ္ဂဇင်းမှတဆင့်ကူးယူဖော်ပြပါသည်။

“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ

ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်

ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး

မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ “ဂုရု”တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်”တွေနဲ့ နိုင်ငံခြားသား “ဂုရု”တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။
ဆုံဆည်းရာမှကူးယူဖော်ပြပါသည်။