Category: နိုင်ငံရေးဆောင်းပါး


 ‘နိုင်ငံရေးလုပ်ငန်းများ  လုပ်ဆောင်ရာတွင် သတိပြုရမည့် အချက်များအပေါ်  အကြံပြုချက်’

တိုင်းရင်းသားများ (လူနည်းစုများ) ၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတွေ့အကြုံကို တင်ပြလိုက်ပါသည်။ သင်ခန်းစာ ယူစရာရှိလျှင် ယူပါ၊ ပစ်ပယ်စရာရှိလျှင် ပစ်ပယ်ပါ၊ ဗဟုသုတအနေဖြင့် တင်ပြခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မိမိကိုယ်ကို မိမိရပ်တည်ခြင်းထက် ပြည်မရှိ အဖွဲ့အစည်းအပေါ် ပိုမို အားထားသည်ကို တွေ့ရသည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအစတွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများက မိမိတို့ အမျိုးသားချင်းအပေါ် အထူး အမှီသဟဲ ပြုကြသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်တွင် ဖွဲ့စည်းထားသော ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ရပလ) သည်သာ ပြည်မရှိ နိုင်ငံရေး အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုခဲ့သည်ကို တွေ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများသည် ပြည်မနှင့် ပိုမိုရင်းနှီးလာပြီး ပြည်မနှင့် နိုင်ငံရေး အဆက်အသွယ်လုပ်ကာ မဟာမိတ်အဖွဲ့၊ လက်အောက်ခံအဖွဲ့အဖြစ် ဆက်သွယ် ခံယူလာကြသည်။ နဂို ပြည်မရှိ တိုင်းရင်းသားအဖွဲ့များလည်း ထိုနည်းတူစွာပင်၊ ဤဖြစ်ရပ်များက တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် မိမိကိုယ်ကိုမိမိ အားကိုးလိုစိတ် အားနည်းလျက်ရှိနေပြီး ရေရှည်တွင် ခန်းခြောက်သွားနိုင်သည်ကို ပြနေသည်။ တိုင်းရင်းသားများထဲတွင် လွတ်လပ်ပြီးနောက် ပထမအကြိမ် ရွေးကောက်ပွဲတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်အချို့ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်ကို လွတ်လပ်ရေးရရှိပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစာရင်းတွင် တွေ့ရှိရသည်။

၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများက ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ (ရတည) အနေဖြင့် ပြည်မရှိ နိုင်ငံရေးအဖွဲ့အစည်းများနှင့် မပေါင်းဘဲ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဤလုပ်ရပ်က တိုင်းရင်းသားပါတီတရပ်သည် မိမိဘာသာမိမိ ခြေထောက်ပေါ် ရပ်တည်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်သူ့တပ်ဦးကလည်း မိမိဘာသာ ရွေးကောက်ပွဲဝင်ခဲ့သည်။

တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ၏ ရုပ်လုံးသည် ၁၉၅၈ ခုနှစ်၊ ဖဆပလ အကွဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ဆွေ-ငြိမ်း (တည်မြဲ) အုပ်စုဝင် ဒေါက်တာစောလှထွန်း (ကရင်ပြည်နယ်ဝန်ကြီး)၊ ဦးဇန်ထားဆင် (ကချင်ပြည်နယ်ဝန်ကြီး)၊ ဦးရှိန်ထန်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)၊ စောအောင်ဒင် (ပါလီမန်အတွင်းဝန်-ပင်လယ်ရေကြောင်း)၊ ဦးထွန်းအောင် (ချင်းရေးရာ)၊ စောချစ်သန်း (ကရင်ပြည်နယ်)၊ ဒူးဝါးလဝမ် (ကချင်ပြည်နယ်) တို့ ဖဆပလအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သော သန့်ရှင်းဖဆပလအဖွဲ့တွင် ဝန်ကြီးသစ် ၅ ဦးမှာ စောလူလူ (ဖာပွန်အရှေ့ပိုင်းလူမျိုးစု၊ ကရင်ပြည်နယ်ဝန်ကြီးဌာန)၊ ဒူးဝါးဇော်ရစ် (မြစ်ကြီးနား၊ ကချင်ပြည်နယ် ဝန်ကြီးဌာန)၊ ဦးကျော်မင်း (စစ်တွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမောင်ကျော်ဇံ (စစ်တွေအလယ်ပိုင်းလူမျိုးစု၊ တရားရေးဝန်ကြီးဌာန)၊ ဦးရွှေကြိုင် (သံတွဲလူမျိုးစု၊ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန) နှင့် ဝန်ကြီးဟောင်းများ စဝ်ခွန်ချို (နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဝန်ကြီး)၊ စဝ်ဝÀ (ကယားပြည်နယ်ဝန်ကြီးဌာန)၊ ဦးဇာရဲလျှံ (ချင်းရေးရာဝန်ကြီးဌာန)၊ ဦးအောင်ပ (ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန)၊ စဝ်ထွန်းအေး (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဝန်ကြီးဌာန) တို့ တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိမ်စောင့်အစိုးရက ကျင်းပပေးသော အထွေထွေ ရွေးကောက်ပွဲကြီးတွင် တည်မြဲအုပ်စုဝင် တပ်မတော်အရာရှိကြီးများက တည်မြဲအနိုင်ရရှိစေရန် တိုင်းနှင့် ပြည်နယ်များ၊ အထူးသဖြင့် ကရင်-ကချင် ပြည်နယ်များတွင်  မဲထည့်ခိုင်းခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများကို စစ်အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်တွင်းမှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို တပ်မတော်မှ အငြိမ်းစားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ရသည်။

ဤကဲ့သို့ ပြည်မရှိအဖွဲ့အစည်းများ၊ အထူးသဖြင့် သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ)တို့နှင့် ပူးပေါင်းခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုးများသည် ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့ စားမြိန်ရိပ်သာတွင် ကျင်းပသော တိုင်းရင်းသားလူမျိုးများ အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပေးမည်ဟု ဝန်ကြီးချုပ်ဦးနုထံမှ ကတိရထားသော မွန်နှင့် ရခိုင်တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၆ ဦးနှင့် လေ့လာသူပေါင်း ၁ဝ၄ ဦး ညီလာခံတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးများ၏ တန်းတူသော ပြည်ထောင်စုမူကို သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ) အဖွဲ့တို့က လက်မခံလိုကြသဖြင့် သန့်ရှင်း (ပထစ) ဝန်ကြီး ဒူးဝါးဆင်ဝါးနောင်နှင့် ချင်းဝန်ကြီး ဇာရဲလျန်တို့က သန့်ရှင်း (ပထစ) မူအရ တန်းတူသော ပြည်ထောင်စုမူကို ဆန့်ကျင်ကြသည်။ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်း ညီလာခံတက်ရောက်ပြီး တည်မြဲ (ဖဆပလ) မူအရ သွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်းများဖြင့် ဆန့်ကျင်တိုက်ခိုက်ပါသည်။

သို့သော် အခြေအနေမလှ၍ နောက်ဆုံးတာဝန်ယူထားသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ပြည်နယ်များ ညီလာခံတွင် တည်မြဲ (ဖဆပလ)နှင့် မဟာမိတ်ပြု ဆောင်ရွက်နေသော ကချင်အမျိုးသား ကွန်ဂရက်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဇန်ထားဆင်၊ ဒူးဝါးဇော်လွန်းတို့က တည်မြဲ (ဖဆပလ) ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ဆန့်ကျင်ဆောင်ရွက်ခဲ့သည်။

ဖော်ပြလိုသည့်အနှစ်ချုပ်မှာ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများသည် ပြည်မရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှင် သတိထားရန် လိုသည်။

(၁) လက်အောက်ခံ အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းခြင်း၊
(၂) မဟာမိတ်ပြုခြင်း၊
(၃) တပ်ပေါင်းစုတွင် ဝင်ရောက်ခြင်း။

ယင်းတို့အနက် (၁) နှင့် (၂) သည် မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများ ဆုံးရှုံးမည်။ အမှတ် (၃) ဖြစ်သည့် တပ်ပေါင်းစုဖြင့် ဖွဲ့စည်းခြင်းသည် တပ်ပေါင်းစုအတွင်း တူညီသော အခွင့်အရေး ရရှိခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်ပါသည်။ တပ်ပေါင်းစုနည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ပူးပေါင်းလုပ်ဆောင်ခြင်း မှန်ကန်ပေမည်။ တပ်ပေါင်းစုအတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သော အဖွဲ့တိုင်းသည် ကြီးသည်ငယ်သည် မခွဲခြားဘဲ တူညီသော အခွင့်အရေး ရရှိကြပါသည်။ သို့သော် သတိပြုရမည်မှာ တပ်ပေါင်းစုအတွင်း အင်အားကြီးသော အဖွဲ့က အဖွဲ့ကြီး ရောဂါတက်ပြီး တပ်ပေါင်းစုကို ချုပ်ကိုင်ချယ်လှယ်ရန် ပြုလုပ်တတ်သည်။ ဤသို့ဖြစ်လျှင် တပ်ပေါင်းစုလည်း ဇိဝိန်ချုပ် ပျက်စီးသွားရတော့သည်။

တိုင်းရင်းသားလူမျိုးများသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထွက်လာသောအခါ မိမိတို့လူမျိုးအလိုက် ပါတီပေါင်း ၂ဝ ကျော် ပေါ်လာပြီး အားလုံးနီးပါး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။ အချို့တိုင်းရင်းသား နိုင်ငံရေး ဆောင်ရွက်သူများသည် ပြည်မပါတီတွင် ဝင်ရောက်ခဲ့ကြသည်။ အနည်းစုသာ ဖြစ်ပါသည်။

နဝတ ကျင်းပပေးခဲ့သော ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီ ၁၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၇ ယောက် ရရှိခဲ့သည်။ ဤဖြစ်ရပ်သည် တိုင်းရင်းသားလူမျိုးများ ပြည်မရှိ နိုင်ငံရေးပါတီများအပေါ် မမီခိုဘဲ မိမိအမျိုးသားများနှင့် အမျိုးသားတပ်ပေါင်းစုတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အနှစ်သာရကို သိရှိခဲ့ကြရသည်။ မိမိတို့၏ လူမျိုးများအပေါ်နှင့် တိုင်းရင်းသား လူမျိုးများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမျိုးစေ့ချ ဆောင်ရွက်ခြင်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ရလဒ်ကောင်းကို သိရှိလာသဖြင့် ဆက်လက်၍ ဤလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါသည်။

ပြည်မပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ ပါတီနှင့် ပုဂ္ဂိုလ်များသည် မိမိတို့၏ တိုင်းရင်းသားလူမျိုး အကျိုးကို ဆောင်ရွက်လိုသော်လည်း မိမိတို့ပါဝင်နေသော အဖွဲ့အစည်း၏ လမ်းစဉ်အတိုင်းသာ လိုက်လုပ်ရသည်ဖြစ်၍ မိမိဆန္ဒရှိ လိုလားသော တိုင်းရင်းသားကိစ္စများကို အပြည့်အဝဆောင်ရွက်ရန် မဖြစ်နိုင်သော အခြေအနေကို တွေ့ရှိရသည်။ ဤကဲ့သို့သော ဖြစ်ရပ်များသည် ပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပါတီများ၊ ပုဂ္ဂိုလ်များ၏ အတွေ့အကြုံအရ သိရှိခဲ့ရပါသည်။ အထူးသဖြင့် ၁၉၆၁ ခုနှစ် တောင်ကြီးတွင် ကျင်းပခဲ့သော ပြည်နယ်များ ညီလာခံတွင် ပထစတိုင်းရင်းသားဝန်ကြီးများ၊ ဖဆပလ (တည်မြဲ) ဝင် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့ ပါဝင်နေသော ပါတီအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း ပြောဆိုလုပ်ဆောင်ခဲ့သည်များက ထင်ထင်ရှားရှား သာဓကပြလျက် ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသား အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် မိမိကိုယ်ကိုမိမိ အားကိုး၍ တိုင်းရင်းသားအချင်းချင်း ပူးပေါင်းခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပြည်မရှိ ပါတီများနှင့် သာတူညီမျှသော အခွင့်အရေး၊ တိုင်းရင်းသားများ ရပိုင်ခွင့်များကို ဆောင်ရွက်နိုင်မှုအပေါ် လေ့လာသုံးသပ် တပ်ပေါင်းစု ဖွဲ့စည်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

တင်ပြသူ
နိုင်ငွေသိမ်း
(တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ဆယ်စုနှစ် ၄ စု ပါဝင်ခဲ့သူ)

(မဇ္ဈိမမှကူးယူတင်ဆက်လိုက်ပါသည်)

ကျွန်တော် ပြည်တွင်းမှာတုန်းက အောင်ပန်းမှာ နေတဲ့ ဆရာဒဂုန်တာရာရဲ့ မွေးနေ့ပွဲ သွားတိုင်း တောင်ကြီးကို ရောက်ဖြစ်ပါတယ်။ တောင်ကြီးရောက်ရင် သစ္စာလမ်းကို ကျွန်တော် အမြဲ သွားကြည့်ပါတယ်။ သစ္စာလမ်းမှာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတွေ ပဲ့တင်ရှိနေတုန်းပါပဲ။

          ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ပင်လုံက အပြန် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ သစ္စာလမ်း NLD ရုံးကို ရောက်လာတယ်။ ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။ အဖေ့ရဲ့ မွေးနေ့မှာ သမီးဖြစ်သူက ဝေဖန်ရေးမြားတံနဲ့ ပစ်တာကို ခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပင်လုံကို ထွက်လာတော့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တဲ့ စာတမ်းတစောင် ထွက်လာပါတယ်။
          ဝေဖန်ရေး စာတမ်းရေးသူက လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်ပါ။ သူ့စာတမ်း နာမည်က ‘အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်’ ဆိုပြီးတော့ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်ရဲ့ စာတမ်းအနှစ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကလည်း စည်းရုံးရေးခရီးတွေချည်းပဲ ထွက်ထွက်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့တန်းရောက်နေတုန်း နောက်တန်းမှာ ကျန်ရစ်တဲ့ NLD ဗဟိုက တိုက်ပွဲဝင်နေတာ မရှိဘူး။ NLD က လုပ်နေတဲ့ လုပ်ငန်းတွေကို အားမရဘူး ဆိုတဲ့ သဘောပါပဲ။
          ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ရေးကို ကြိုဆိုခဲ့ပါတယ်။ တောင်ကြီးမြို့ သစ္စာလမ်း ရုံးခန်းမှာ လူထုကို သူ ပြန်ရှင်းပြခဲ့တာက – ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမ ရှင်းပြချင်တာကတော့ တိုက်ပွဲဆိုတာ ပုံသဏ္ဌာန် အမျိုးမျိုး ရှိပါတယ်။ တိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှ တိုက်ပွဲ မဟုတ်ပါဘူး။ ကျမတို့ဟာ ၁၈ ရက်နေ့ စက်တင်ဘာမှာ စစ်အစိုးရကနေ အာဏာအရပ်ရပ်ကို သိမ်းပြီးနောက် တိုက်ပွဲပုံစံ ပြောင်းရမယ်ဆိုတာ ယုံကြည်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပဲ။
          နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ အလေ့အထကို ကျမတို့ စပြီးတော့ ထူထောင်ရမယ်။ နိုင်ငံရေးနည်းနဲ့ မဟုတ်ဘဲ လက်နက်နည်း၊ အကြမ်းဖက်တဲ့ နည်းတွေနဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့ အလေ့အထ ဆိုတာ နိုင်ငံတခုအတွက် ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ ဒီလို အလေ့အထတွေ မဖြစ်အောင် ဆိုပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပါ တဲ့။
          ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတချို့ထဲကပါ။
          ၂၀၀၄ ခုနှစ်တုန်းက ကျွန်တော် တရုတ်ပြည်၊ ရွှေလီမြို့ကို သွားတော့ မူဆယ် နမ့်ခမ်းဘက်မှာ တိုင်းရင်းသား  လူထုရဲ့ စွန့်စားခန်းတခုကို သတိပြုခဲ့မိတယ်။ ၂၀၀၃ မေလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ် ဗီဒီယိုအထွေတွေ တယောက်လက် တယောက်ကမ်းပြီး လျှို့ဝှက် ကြည့်နေကြတဲ့ အဖြစ်ပါပဲ။ ဘာကြောင့် လျှို့ဝှက်နေရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်အခွေ လက်ဝယ်တွေ့ရင် စစ်အစိုးရက ဖမ်းဆီးမယ်၊ ထောင်ချမယ်လေ။ ဒါဖြင့် ဒီလောက် အန္တရာယ်ရှိတဲ့ အခွေကို လူထုက ဘာကြောင့် ကြည့်နေကြတာလဲ။ အဖြေက ရှင်းပါတယ်။
          လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြ၀ါဒကို ခံယူချင်တယ်။ ကြားနာချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်တွေမှာ ပြောတဲ့ မိန့်ခွန်းတွေဟာ တိုင်းရင်းသားတွေကို လူထုတွေကို ခွန်အားသစ်တွေ ဖြစ်စေတယ်။ ရဲစွမ်းသတ္တိတွေ ပေးတယ်။ သူတို့ကို တိုက်ပွဲဝင်ရဲ့တဲ့ စိတ်ဓာတ်တွေ မွေးဖွားပေးတယ် လို့ တိုင်းရင်းသားထု တစ်ရပ်လုံးက ခံယူထားလို့ပါပဲ။
          န၀တ၊ နအဖခေတ် တစ်လျှောက်လုံး NLD မှာ သတင်းစာလည်း မရှိဘူး၊ တယ်လီဗေးရှင်းလည်း မရှိဘူး။ စာရွက်စာတမ်း ထုတ်ဝေခွင့် ‘န-သ’လည်း စစ်အစိုးရက ပြန်ရုပ်သိမ်းသွားတာ ကြာပြီ။ ဒီတော့ NLD နဲ့ လူထုနဲ့၊ ပါတီနဲ့ ပြည်သူနဲ့ အကောင်းဆုံး အထိရောက်ဆုံး ဆက်သွယ်ပေးနိုင်တာက အဲဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ် အခွေတွေပဲ။ ဒါ စိတ်ကူးယဉ် မဟုတ်ဘူး။ လက်တွေ့ပဲ။
          ဥက္ကဋ္ဌ ကိုမိုးသီးဇွန် ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မွန်ပြည်နယ်ခရီးစဉ် အတူ ထွက်ခဲ့ဖူးတာပါပဲ။ အဲဒီအချိန်က စစ်တပ်က အာဏာသိမ်းပြီးစ လွင့်စင် ပြိုကွဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်လည် စုစည်းဖို့ လူထုကို အကြောက်တရားက ဖယ်ရှားဖို့ ပြည်သူတွေကို ဒီမိုကရေစီ တိုက်ပွဲ အတွေးအခေါ် တပ်ဆင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခရီးတွေ မဖြစ်မနေ ထွက်နေရမှာပဲ။ ထွက်တဲ့ ခရီးစဉ်တိုင်းဟာလည်း န၀တ၊ နအဖ စစ်တပ်ရဲ့ ပိတ်ပင် တားဆီး အနှောင့်အယှက် အဟန့်အတား အမျိုးမျိုး ကြားထဲက အသက်စွန့်ပြီး ထွက်ခဲ့ရတဲ့ ခရီးတွေချည်းပါပဲ။
          အဲဒီလို ၁၉၈၉  ဇူလိုင် ပထမအကြိမ် နေအိမ်အကျယ်ချုပ် မကျခင်အထိ သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြီးတဲ့ နောက်မှာ ရုပ်သံမှတ်တမ်း ဗီဒီယိုခွေတွေ အဖြစ်နဲ့ လူထုကြားမှာ ပျံ့နှံ့ ရောက်ရှိသွားပါတယ်။ ဒီအခွေတွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ကိုလည်း တစ်နည်းတစ်လမ်းအားဖြင့် အထောက်အကူ ပြုနိုင်ခဲ့ပါတယ်။
          ဒီလို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် ဗီဒီယိုခွေတွေကို လွယ်လွယ်ကူကူနဲ့ ရိုက်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော့ ကိုယ်တွေ့ ဧရာဝတီတိုင်း အနောက်ခြမ်း စည်းရုံးရေးခရီးစဉ်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါလာတဲ့ NLD သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က စာရေးဆရာတွေ၊ ကင်မရာမင်းတွေဟာ န၀တ အဖွဲ့ဝင် နတခ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် လက်အောက်ခံ စစ်ဗိုလ်တွေ၊ စစ်သားတွေ၊ သေနတ်တွေ ကြားမှာ စွန့်စွန့်စားစား ရိုက်ခဲ့ရတာပါပဲ။
          တစ်သွေး တစ်သံ တစ်မိန့် ဖက်ဆစ်ဝါဒီ စစ်ဗိုလ်တချို့၊ စစ်သားတချို့ဟာ အင်မတန် ရန်လို ခက်ထန်ခဲ့ကြတာပါ။ စစ်အုပ်စုဟာ အထူးသဖြင့် မီဒီယာသမားတွေကို ပိုပြီး ရန်လို မုန်းတီး အပျောက်ရှင်းချင်တာပါ။ စစ်သားတွေ၊ သေနတ်တွေ၊ တင့်ကားတွေ၊ သံဆူးကြိုးတွေ ကြားမှာ ဗီဒီယို ကင်မရာ ထမ်းပြီး သတင်းယူနေရတဲ့သူအဖို့  အသက်ကို ဖက်နဲ့ ထုပ်ထားရတာပါပဲ။ လည်ပင်းမှာ ကင်မရာ လွယ်ထားတဲ့ သတင်းသမားဟာ စစ်တပ်ရဲ့ ပစ်မှတ် ဖြစ်နေတာပေါ့။
          အဲဒီလို ခေတ်ပျက်ကြီးထဲမှာ စစ်သတင်းထောက်တွေလိုပဲ NLD သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ်တွေကို သက်စွန့်စံဖျား ရိုက်ကူးခဲ့ကြရတာပါ။ အဲဒီတုန်းက NLD ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံက ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ပါ။ စည်းရုံးရေး ခရီးစဉ် မှတ်တမ်းခွေတွေကို စနစ်တကျ တည်းဖြတ်၊ အသံထပ်၊ အခွေချော အဆင့်အထိ လုပ်ပေးနေတာက စာရေးဆရာ ဒါရိုက်တာ မောင်ခက်ပန်ပါ။ အခုတော့ သူ ကွယ်လွန်ခဲ့ပါပြီ။
          မြန်မာပြည်မှာ Television Journalism ဆိုတာ အဲဒီတုန်းက ဆရာမောင်ခက်ပန်တို့ အဖွဲ့က စခဲ့တာလို့တောင် ပြောနိုင်ပါတယ်။ ခရီးစဉ်အခွေ ရိုက်တဲ့ ကင်မရာမင်းတွေရဲ့ ရိုက်ချက်တွေကလည်း အလွန် အနုပညာမြောက်လှပါတယ်။ ဥပမာ – ဘုရားရင်ပြင်တော်ပေါ်မှာ စစ်ဖိနပ်ကြီးနဲ့ သေနတ်ကြီးကိုင်ပြီး ကြောက်လန့်နေတဲ့ စစ်သားတစ်ယောက်နဲ့ ကျီးကန်းတောင်းမှောက် သူ့ဘေးက ခွေးဝဲစား တစ်ကောင်ကို တွဲလျက် ရအောင် ရိုက်ထားတာမျိုးပါ။
          အဲဒီအချိန်တွေက ဒီနေ့လို IT နည်းပညာ အားကောင်းသေးတာ မဟုတ်တော့ အဲဒီ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ် ဗီဒီယိုခွေတွေကပဲ လူထုကို အကောင်းဆုံး စည်းရုံးနိုင်တဲ့ စည်းရုံးရေးလက်နက် ဖြစ်ခဲ့တာပါ။ အဲဒီလက်နက် ဘယ်လောက် ထက်သလဲ ဆိုရင် န၀တ၊ နအဖ စစ်အုပ်စုက အခွေ လက်ဝယ် တွေ့တာနဲ့ မတရား ဖမ်းဆီး အမှုဆင် ထောင်ချတော့တာပဲ မဟုတ်လား။
          အဲဒီလို ထက်မြက်တဲ့ လက်နက်တွေကို ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ စာရေးဆရာ၊ ဒါရိုက်တာ မောင်ခက်ပန်ကို ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ သူဟာ တမလွန်မှာလည်း မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲကို မှတ်တမ်း တင်နေဦးမယ်လို့ ယုံကြည်ပါတယ်။
          ဆရာမောင်ခက်ပန် ကောင်းရာသုဂတိ ရောက်ပါစေ။     ။

စိုင်းထီးဆိုင် (သရုပ်ဖော် ပန်းချီ – အောင်လတ်)

 

ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တိုင်းပြည် ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးဟာ တိုင်းရင်းသားနိုင်ငံရေး ဖြစ်တယ်လို့ ပြောရပါမယ်။ တိုင်းရင်းသားအရေးဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအရေးပဲ မဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ပထမလွတ်လပ်ရေးတိုက်ပွဲဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ တိုင်းတစ်ပါး နယ်ချဲ့နဲ့ ဖက်ဆစ်အောက်က လွှတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ သမိုင်း ဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကတော့ စစ်ကျွန်စနစ်၊ စစ်အာဏာရှင် အောက်ကနေ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ တိုက်ပွဲရဲ့ သမိုင်းပဲ မဟုတ်လား။
 
ဗြိတိသျှ သမိုင်းပညာရှင်ကြီး ပါမောက္ခ လုစ်ရဲ့ အဆိုအရ မြန်မာနိုင်ငံသမိုင်း တစ်လျှောက်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း ညီညွတ်မှု အရှိဆုံး၊ အင်အားအကောင်းဆုံး အချိန်တွေဟာ ကျန်စစ်သားမင်းကြီး လက်ထက် ပုဂံခေတ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ဖဆပလခေတ်တို့ပါပဲ တဲ့။
 
ဗိုလ်ချုပ်အောင်ဆန်းခေတ် ပင်လုံညီလာခံ၊ ပင်လုံစာချုပ်နဲ့ ပထမ လွတ်လပ်ရေးတိုက်ပွဲမှာ မြန်မာပြည်သူတွေ အောင်ပွဲခံခဲ့တာပါပဲ။ အခု ဒေါ်အောင်ဆန်းစုကြည်ခေတ်၊ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲမှာကော။
 
ဒီ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲမှာလည်း ကျွန်တော်တို့ဟာ နောက်ထပ် ပင်လုံညီလာခံအသစ်၊ နောက်ထပ်ပင်လုံ စာချုပ် အသစ်နဲ့ အောင်ပွဲခံဖို့ ကြိုးပမ်းနေကြတာပဲ မဟုတ်လား။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအချက်ကို ကောင်းကောင်း သိမြင် အလေးထားသူ ဖြစ်တယ်။
 
၁၉၈၉ န၀တ ခေတ်ဦးတုန်းက NLD ရဲ့ ပထမ ဦးဆုံး ပြည်ထောင်စုနေ့ အခမ်းအနားကို ဘယ်လိုနေရာမှာ၊ ဘယ်လိုပုံသဏ္ဌာန်၊ ဘယ်လိုအနှစ်သာရနဲ့ ဘယ်ပုံကျင်းပမယ် ဆိုတာနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီ စနစ်အောက်မှာ ပြည်ထောင်စုကြီးကို ပြန်လည်တည်ဆောက်ကြရမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒီမိုကရေစီ ရရေးဟာ ပထမပါ။ ဒီတော့ ဒီမိုကရေစီ ရရှိရေးအတွက် တိုင်းရင်းသား လူမျိုးစုအားလုံးဟာ လက်တွဲပြီး ဆောင်ရွက်ကြရမယ်။ ပြီးလို့ ဒီမိုကရေစီ ရတဲ့ အခါကျလို့ရှိရင် ပင်လုံ ကဲ့သို့သော ညီလာခံကြီး တစ်ခုခေါ်ပြီး တိုင်းရင်းသား လူမျိုးစု အားလုံးရဲ့ သဘောတူညီချက် အရ ပြည်ထောင်စုရဲ့ ပုံသဏ္ဌာန် အသစ်တစ်ခုကို ဖော်ဖို့ ကြိုးစားရမယ်။ အဲဒီ ပုံသဏ္ဌာန်ပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဥပဒေ အသစ် တစ်ခုကို ရေးဆွဲ သွားဖို့ လိုတယ်” လို့ သဘောထားပေးခဲ့ပါတယ်။
 
NLD က ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက် ၄၂နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ပင်လုံကျောက်တိုင် ရင်ပြင်မှာ စည်ကားသိုက်မြိုက် ခမ်းနားစွာ ကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို NLD က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တက်ရောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်-၉ (သို့မဟုတ်) ဒီမိုကရေစီ ပြည်ထောင်စုသစ် ကြေညာစာတမ်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖတ်ကြားခဲ့ပါတယ်။
 
ပင်လုံမြေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၀ိညာဉ်ဟာ ရှင်သန် လမ်းပြ နေဆဲပါ။ ဒီလမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုကြီဟာ ဒုတိယ ပင်လုံ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မဆုတ်မနစ် ကြိုးပမ်းခဲ့ကြတယ်။ အဲဒီလို ကြိုးပမ်းခဲ့ကြတဲ့ သူတွေအထဲက တိုင်းရင်းသား စစ်စစ်ကြီး၊ အနုပညာသမား စစ်စစ်ကြီး တစ်ယောက်ကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ကျွန်တော် သူ့ကို ပြန်သတိရ တမ်းတနေမိပါတယ်။
 
၁၉၈၈ ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက သူ့ကို ကျွန်တော်တို့ ၇၄-၇၅-၇၆ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက စင်ပေါ်တက်ဖို့ တောင်းဆိုခဲ့ဖူးတာကို ကျွန်တော် ပြန်မြင်ယောင်လာပါတယ်။
 
ရန်ကုန်ဆေးရုံကြီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ပြီးတဲ့နောက် ဆေးရုံကြီး ပြင်ပလူနာဌာဘေးက ရင်ပြင်မှာ ကိုမင်းကိုနိုင်တို့ မျိုးဆက်သစ်တွေနဲ့ ကျွန်တော်တို့ မျိုးဆက်ဟောင်းတွေ ပူးပေါင်းပြီး ဒီမိုကရေစီ ဟောပြောပွဲ စင်တစ်ခုကို အရေးပေါ် ထိုးလိုက်ကြပါတယ်။
 
စင်ထိုးပြီးတော့ ဟောမယ့်ပြောမယ့်သူတွေကို လိုက်မေတ္တာရပ်ခံရပါတယ်။ အဲဒီ အချိန်က မဆလ စစ်တပ်က လက်သံပြောင်ပြောင်နဲ့ မည်းမည်းမြင် အရင်ပစ်နေတဲ့အချိန် ဆိုတော့ စင်ပေါ် တက်ဟောပြောဖို့ဆိုတာ သိပ်စွန့်စားရတဲ့ အလုပ် ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဟောမယ့်လူ တော်တော်နဲ့ ရှာမရပါဘူး။
 
အဲဒီအချိန်မှာ မထင်မှတ်ဘဲ သူစင်ပေါ်တက်မယ်၊ သူဟောမယ် ဆိုတဲ့ တိုင်းရင်းသား စစ်စစ်ကြီး အနုပညာသမား စစ်စစ်ကြီး တစ်ယောက်ကို ကျွန်တော်တို့ ရလိုက်တာပါပဲ။ အဲဒီနေ့က သူဟာ ခါတိုင်း သူ သီချင်းဆိုတဲ့ စတိတ်ရှိုးတွေမှာ ပရိသတ်က အားပေးတဲ့ အားပေးမှုနဲ့ မတူတဲ့ လက်ခုပ်သြဘာတွေ အများကြီး ရခဲ့တာပါ။
 
ပြီးတော့ သူဟာ အဲဒီနေ့က တိုင်းပြည်က ချစ်တဲ့ တပ်မတော်ကလည်း ချစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနဲ့ အတူ တစ်စင်တည်းမှာ ဟောပြောခဲ့ရတဲ့သူ ဖြစ်ပါတယ်။ သူ့ကို ပြည်သူလူထု ပရိသတ်ကြီးက အဆိုတော် စိုင်းထီးဆိုင် ဆိုတာထက်၊ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ ရှမ်းတိုင်းရင်းသားကြီး စိုင်းထီးဆိုင်အဖြစ် ပိုပြီး နှစ်လိုအားပေး အသိအမှတ် ပြုခဲ့ကြမှာပါ။
 
အဲဒီ ရှမ်းတိုင်းရင်းသားကြီး၊ အဆိုတော်ကြီးဟာ ခေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲပြီး ရှမ်းပြည်နယ် တစ်လွှား၊ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံကြားမှာ တက်တက်ကြွကြွ ပြေးလွှားလှုပ်ရှားခဲ့တယ် ဆိုတာ ကိုတော့ ဒီဘက်ခေတ် ပျိုရွယ်တဲ့ ကျောင်းသားလူငယ်တွေ သီချင်းမှ သိကြပါလိမ့်မယ်။
 
ဒုတိယ ပင်လုံဟာ ကျွန်တော်တို့က ဗိုလ်ထီးလို့ ချစ်စနိုးခေါ်တဲ့ စိုင်းထီးဆိုင်ရဲ့ အိပ်မက်ပါ။ သူဒီအိပ်မက်နဲ့ပဲ သေဆုံးတဲ့အချိန်ထိ ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူမသေခင် ထူးအိမ်သင်က အရင် ကွယ်လွန်သွားခဲ့ပါတယ်။ ထူးအိမ်သင် ဈာပနမှာ ဗိုလ်ထီးပြောခဲ့တဲ့ စကားတွေကို ကျွန်တော် ခုထိ ကြားယောင်နေဆဲပါ။
 
“ကိုငှက်ကို ကျွန်တော် အလေးပြုပါတယ်။ ကိုငှက် ကျွန်တော့်ထက် ငယ်ပေမဲ့ သူ့ကို ကျွန်တော် လေးစားတယ်။ အားကျတယ်။ သူ့လို ကျွန်တော် ကောင်းကောင်း မခုခံနိုင်ခဲ့ဘူး။ သူ့လို ကျွန်တော် မချစ်မနှစ်သက်တဲ့ သူတွေနဲ့ ကင်းကင်းရှင်းရှင်း မနေနိုင်ခဲ့ဘူး။ ကိုငှက်က ရှင်းတယ်၊ ပြတ်တယ်၊ သူ့အနုပညာကို ဘယ်လိုပဲ ပိတ်ပင် ပိတ်ပင်၊ ဘယ်လိုပဲ တားဆီးတားဆီး၊ ကိုငှက်ဟာ ပေါ်လစီ သီချင်းတစ်ပုဒ် တလေတောင်မှ ရေးလည်း မရေးခဲ့သလို ဆိုလည်း မဆိုခဲ့ဘူး။ ဒီအတွက် ကျွန်တော်သူ့ကို လေးစားတယ်၊ ဆရာတင်တယ်။ ကိုငှက်က သူလုပ်ချင်တာတွေ လုပ်ခွင့်မရခဲ့ပေမဲ့ သူမလုပ်ချင်တဲ့ဟာတွေကို မလုပ်ဘဲနေရဲတဲ့ သတ္တိအပြည့်ရှိ သူပါ။ ဒါကြောင့် ကျွန်တော် သူ့ဈာပနမှာ နောက်ဆုံး အနေနဲ့ ကိုငှက်ကို အလေးနီပြုပါတယ်” တဲ့။
 
စိုင်းထီးဆိုင် ရင်ဖွင့်ပြောကြားခဲ့တဲ့ စကားတွေပါ။ ကျွန်တော်တို့ တိုင်းပြည်မှာက ဖက်ဆစ်ဝါဒ ဓားမိုးထားတဲ့ အောက်ကနေပဲ အနုပညာရှင် အသီးသီးက ရပ်တည် ရှင်သန်နေရ၊ ရုန်းကန် လှုပ်ရှားနေရတာ ဆိုတော့ တစ်ခါတစ်ရံမှာ စစ်အာဏာရှင်တွေဘက်က အတင်းအဓမ္မ ဖိအားပေး အကျပ်ကိုင် ခြိမ်ခြောက် အနိုင်ကျင့်တာမျိုးတွေကို အမြင်မစောင်းကြဖို့ အပြစ်တင် မစောဖို့ အထူးပဲ လိုပါတယ်လို့ ပြည်ပရောက် အဆိုတော်ကြီး ဒေါ်မာမာအေး အမြဲ သတိပေးနေတာ ဖြစ်ပါတယ်။
 
ဘာပဲဖြစ်ဖြစ် စိုင်းထီးဆိုင်ဟာ စိုင်းထီးဆိုင်ပါပဲ။ ကျွန်တော်တို့ နှလုံးသားထဲက စိုင်းထီးဆိုင်က စိုင်းထီးဆိုင်ပါပဲ။ ။
 

‘မီးတုတ် မီးတုတ် ရှို့ရှို့၊ သပိတ် သပိတ် မှောက်မှောက်၊ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ရမည်’
ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ် သံဖနောင့်တွေအောက်က တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ဖို့ ရုန်းကန် ကြိုးစားခဲ့ကြတဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ်ကြီးထဲမှာ ကျွန်တော်တို့ ဘိုးဘွားတွေဟာ ‘အရေးတော်ပုံ အောင်ရမည်၊ အရေးတော်ပုံ အောင်ရမည်’ လို့ ယုံကြည်ချက်နဲ့ ရဲရဲ ဟစ်ကြွေးခဲ့ကြဖူးပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေတို့ခေတ် အင်္ဂလိပ်အခက် ဗမာ့အချက် လို့ တိုက်ပွဲခေါ်ခဲ့ကြတဲ့ ၁၃၀၀ပြည့်နှစ် အရေးတော်ပုံအစမှသည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်စိုးတို့ ဦးဆောင်တဲ့ ၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲတဲ့ အရေးတော်ပုံအလယ်၊ အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီစာချုပ်တွေရဲ့ အဆုံး တစ်တိုင်းတစ်ပြည်လုံး တစ်မျိုးသားလုံးရဲ့ စည်းရုံးညီညွတ်မှုအားနဲ့ ၁၉၄၈ မှာ နှစ်ပေါင်း ၁၂ဝ ကျော်ကြာ ကိုလိုနီတစ်ဇာတ် သိမ်းပြီး မြန်မာတို့ လွတ်လပ်ရေး ရခဲ့ပါပြီ။ သို့သော် – – ။
လွတ်လပ်ရေး အရေးတော်ပုံရဲ့ အောင်တေး အောင်သံတွေကို လွတ်လွတ်လပ်လပ်မှ နားမဆင်ရသေးခင်မှာပဲ ပြည်တွင်းစစ် ဆိုတဲ့ မီးကြီးက တဟုန်းဟုန်းထ တောက်လောင်ပါရောလား။ လွတ်လပ်ရေးရဲ့ အရသာသစ်ကလေးဟာ ပြည်တွင်းစစ်မီး ကူးစက် လောင်ကျွမ်းလို့ ခါးတူးသွားရပါတော့တယ်။ မြန်မာပြည်သူတွေအဖို့ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဆိုတဲ့ အရေးတော်ပုံကို ဆက်လက် ဆင်နွှဲရတဲ့ ကာလပါပဲ။
နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်းဆိုသလို မြန်မာ့နိုင်ငံရေး ကံကြမ္မာဟာ ပါလီမန် ဒီမိုကရေစီ စနစ်ကလေးမှ အသားမကျသေးခင် ၁၉၅၈ မှာ အရိုင်းအစိုင်းတွေ လက်ထဲ ကျရောက်သွားရပါတော့တယ်။ အဲဒါကတော့ ၁၉၅၈ ခုနှစ်မှာ ပါလီမန် ဒီမိုကရေစီ အစိုးရ တစ်နည်းအားဖြင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ထဲကနေ စစ်တပ်က ပထမအကြိမ် အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်ပါပဲ။
          အဲဒီစစ်တပ်က ကြီးမှူးကျင်းပတဲ့ ၁၉၆ဝ အထွေထွေရွေးကောက်ပွဲအလွန် ၁၉၆၂ မှာတော့ စစ်တပ်ဟာ ရွေးချယ်ခံ လူထု အစိုးရသစ် လက်ထဲကနေ ဒုတိယအကြိမ် အာဏာကို အပြီးအပိုင် သိမ်းခဲ့တာဟာ ၁၉၈၈ အထိတိုင်ပါပဲ။
          စစ်အာဏာရှင်ကြီးစိုးတဲ့ ခေတ်ကာလ တစ်လျှောက်လုံးမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ဖြုတ်ချရေး၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရရှိရေး ကျောင်းသား အရေးတော်ပုံ၊ အလုပ်သမား အရေးတော်ပုံ၊ လူထု အရေးတော်ပုံတွေ ဆက်တိုက် ဆိုသလို ပေါ်ထွက်လာခဲ့တာပဲ မဟုတ်လား။ ၁၉၈၈ ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မဆလ တစ်ပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
          ဒါပေမဲ့ အရေးတော်ပုံ အောင်ပွဲခံဖို့ လက်တစ်ကမ်းအလိုမှာတော့ မဆလ တစ်ပါတီ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန် စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို တတိယအကြိမ် မတရား သိမ်းပိုက်လိုက်ပြန်တာမို့ မြန်မာပြည်သူ လူထုဟာ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဇွဲနဲ့ ဆက်လက် ဆင်နွှဲနေရဆဲပါပဲ။
နဝတ စစ်တပ်က ကျင်းပပေးတဲ့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အပေါ် နဝတ စစ်တပ်က မျက်ကွယ်ပြုခဲ့တာကနေ ဒီကနေ့ ၂ဝဝ၉ မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်တပ်က မတရား အမှုဆင် ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်ထဲ ထည့် ချုပ်နှောင်ထားတာတွေအထိ ကျောင်းသားတိုက်ပွဲတွေ၊ သံဃ တော်လှန်ရေးတွေမှာ အရေးတော်ပုံ အောင်ရမည် လို့ ရဲရဲရင့်ရင့် ယုံယုံကြည်ကြည် ကြွေးကြော်ခဲ့ကြတာပဲ မဟုတ်လား။
အဲဒီလို ကြွေးကြော်ခဲ့ကြတဲ့ လူထုထဲမှာ၊ ပြည်သူထဲမှာ စာပေနဲ့ အနုပညာရှင်တွေလည်း တစ်ခန်း တစ်ကဏ္ဍ အနေနဲ့ ပါဝင်ခဲ့ကြတယ် ဆိုတဲ့ အချက်ကလည်း ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဂုဏ်ယူ ဝင့်ကြွားစရာ တစ်ခုပဲ မဟုတ်လား။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း အမှူးပြုပြီး သခင်ဘသောင်း၊ သခင်နု၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဦးသိန်းဖေမြင့်၊ မဟာဆွေ၊ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ ကာတွန်းဦးဘဂျမ်း စတဲ့ ကိုလိုနီခေတ် လွတ်လပ်ရေး တိုက်ပွဲဝင် စာရေးဆရာ၊ သတင်းစာဆရာ၊ ကာတွန်းဆရာကြီးတွေရဲ့ ကျေးဇူးကို ကျွန်တော်တို့ မမေ့ကြသေးပါဘူး။
စစ်ပြီးခေတ် ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့ ခေတ်မှာ လူထုကို လမ်းပြပေးခဲ့တဲ့ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်၊ ခင်နှင်းယု၊ ခင်ဆွေဦး စတဲ့ စာရေးဆရာတွေရဲ့ ဂုဏ်ပုဒ်ကို ကျွန်တော်တို့ ဂုဏ်ယူလို့ မဆုံးသေးပါဘူး။
စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတစ်လျှောက် ကိုယ်ကျိုးစွန့် အနစ်နာခံသွားခဲ့ကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေ အားလုံးကို ကျွန်တော်တို့ အလေးပြုရမယ် မဟုတ်လား။
‘အရှေ့က နေဝန်းထွက်သည့်ပမာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ တို့ဗမာ ဟေ့ တို့ဗမာ’ ဆိုတဲ့ ၁၉၅၃ ခုနှစ်မှာ ပေါ်ထွက်လာတဲ့ ဒို့ဗမာအစည်းအရုံးကြီးအတွက် ရေးစပ်ထားတဲ့ ‘တို့ဗမာ’ သီချင်းဟာ ဂီတပညာရှင် ၀ိုင်အမ်ဘီ ဆရာတင်ရဲ့ လက်ရာပါ။
နိုင်ငံရေးအစိုးရခေတ်တုန်းက  ‘အောင်ပွဲအဆက်ဆက်ခံဦးမည်’ ဆိုတဲ့ ဗကသများ အဖွဲ့ချုပ် သီချင်းကို ရေးစပ်ပေးခဲ့သူတွေကရော ဘယ်သူတွေလဲ၊ ဆရာမြတ်လေး နဲ့ စန္ဒရားချစ်ဆွေတို့ပဲ မဟုတ်လား။ လူထုအရေးတော်ပုံ အဆက်ဆက် ဂီတအနုပညာရှင်တွေရဲ့ တိုက်ပွဲဝင် သီချင်းတွေဟာ လက်နက်သဖွယ် ထက်မြက်ခဲ့တာပဲ မဟုတ်လား။
ရှစ်လေးလုံး အရေးတော်ပုံကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထု အစည်းအဝေးပွဲကြီးမှာ အခမ်းအနားမှူးအဖြစ် လူထုရှေ့မှောက် ရဲရဲ ထွက်ရပ်ခဲ့သူကလည်း ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေပဲ မဟုတ်ပါလား။
ရှစ်လေးလုံး အရေးတော်ပုံက စလို့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တောက်လျှောက် အရေးတော်ပုံ ပေါ်လာရင် လူထုနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ နယ်ပယ် အသီးသီးက ရဲဘော်တွေကို ကျွန်တော် ဂုဏ်ယူနေဆဲ၊ ဂုဏ်ပြုနေဆဲပါပဲ။
ကျွန်တော်တို့ ခေါင်းဆောင်၊ ကျွန်တော်တို့ လမ်းပြ ဒေါ်အောင်ဆန်းစုကြည် သည်ပင်လျှင် မြန်မာပြည်မှာ ပထမဆုံး လူထုကို မိန့်ခွန်းပြောခဲ့တာက ၁၉၈၈ သြဂုတ် ၂၄ ရန်ကုန်ဆေးရုံကြီး၊ နှလုံးရောဂါဆောင်ရှေ့က ကျွန်တော်တို့ စာပေ အနုပညာရှင်များရဲ့ စင်မြင့်ကပဲ မဟုတ်ပါလား။
အခု အစီအစဉ်ဟာ အရေးတော်ပုံအဆက်ဆက်၊ ယုံကြည်ချက်နဲ့ ရင်ခုန်ခဲ့ကြတဲ့ စာပေနဲ့ အနုပညာရှင်တွေ အကြောင်းကို လက်လှမ်းမီသလောက် မှတ်တမ်းတင်ဖို့ ကြိုးစားကြည့်တာပါပဲ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အောင်ဝေး၊ ၆-၂၂-၂၀၀၉
မိုးမခမှတဆင့်



 

” – – – ရင်ဆိုင်ရတဲ့ ရန်သူရဲ့ အနေအထား၊ ဖြတ်သန်းရတဲ့ ခေတ်ကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင်တော့ သမီးလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖအေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထက် ပိုပြီး တော်တယ်လို့ ကျွန်တော် သတ်မှတ်ချင်ပါတယ် – – – ”
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ဖြစ်ပါတယ်။
၁၉၈၈ မတ်လ ဖုန်းမော် အရေးအခင်း၊ တံတားနီ အရေးအခင်း၊ ဇွန်လ မြေနီကုန်း အရေးအခင်းတွေ ကနေစပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ မဆလ တစ်ပါတီ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး လူထု အုံကြွမှုကြီး ပေါ်ပေါက်ခဲ့တယ်။
လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို မဆလ စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် နှိမ်နှင်းနေတဲ့ကြားကပဲ ခွပ်ဒေါင်း အလံတွေတလူလူ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ တဝေေ၀နဲ့ ကျောင်းသားထုနဲ့ လူထုကြီးဟာ ဒီမိုကရေစီ တိုက်ပွဲကို ရဲရဲရင့်ရင့် ရှေ့ဆက်ချီတက်ခဲ့ကြတယ်။
၁၉၈၈ခု သြဂုတ်လ (၈)ရက် (၈)ရက် (၈)လ (၈၈)မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ သပိတ်ကြီး  ဆင်နွှဲဖို့ ကျောင်းသားတပ်ဦးက တစ်တိုင်း တစ်ပြည်လုံးကို အသိပေး ကြေညာထားတဲ့ အချိန်။ အဲဒီတုန်းက တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် နိုးကြားတက်ကြွနေတဲ့ အချိန်ပေါ့။
ဒီလိုနဲ့ ချိန်းဆိုထားတဲ့နေ့၊ ကျောင်းသားတွေ ပြည်သူတွေ ရင်ခုန် စောင့်စားနေတဲ့နေ့ (၈)ရက် (၈)လ (၈၈)နေ့ ရောက်လို့လာခဲ့ပါပြီ။ ရန်ကုန်မြို့ကြီးကတော့ မိုးမလင်းခင်ကတည်း နိုးထနေခဲ့ပါပြီ။ အဲဒီမနက်က စုရပ်လုပ်ထားတဲ့ ရန်ကုန်ဆေးရုံကြီးရှေ့မှာ သပိတ်မှောက် အင်အားစုတွေ အစုံအညီစုဝေးရောက်ရှိနေကြပါတယ်၊ ရန်ကုန်မြို့တွင်း လှည့်လည် ဆန္ဒပြဖို့ ကျောင်းသားတွေက တပ်ဦးကနေ လမ်းကြောင်းဆွဲထားတာပါ။
အားလုံး ညီညီညွတ်ညွတ်နဲ့ စည်းကမ်းတကျ ဆန္ဒပြဖို့ စတင် ချီတက်လိုက်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ အနော်ရထာလမ်း၊ ဆူလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း စသည်ဖြင့် အဲဒီနေ့က လမ်းကြောင်းရှည်ကြီး ချီတက် ဆန္ဒပြကြပါတယ်။
သပိတ်မှောက် အင်အားစု အသီးက လက်သီးလက်မောင်းတွေ ဆန့်တန်းပြီး ကြွေးကြော်သံတွေကို အားပါးတရ ဟစ်ကြွေး ချီတက်နေကြပါတယ်။ လမ်းဘေးကရပ်ပြီး အားပေးနေတဲ့ ပရိသတ်ကြီးကလည်း လက်ခုပ်ဩဘာတွေ တီးနေကြပါတယ်။
တချို့နေရာ လမ်းဆုံလမ်းခွတွေမှာ မဆလ စစ်သားတွေ မုဆိုးဒူးထောက် သေနတ်နဲ့ချိန်ပြီး လမ်းပိတ်ထားတာ တွေ့ရင် တပ်ဦးက ချီတက်နေတဲ့ အလံကိုင်ကျောင်းသား တပ်ဖွဲ့က တခြားလွတ်တဲ့ လမ်းဘက်ကို ကွေ့ပြီး ရှေ့ဆက်ချီတက်နေတာပါ။ ဒီလို ချီတက် ဆန္ဒပြနေတဲ့ အင်အားစုကြီးထဲမှာ ကျွန်တော်တို့ စာပေနဲ့ အနုပညာရှင်များလည်း ကိုယ့်ဆိုင်းဘုတ်အောက်မှာ ကိုယ်လိုက်ပါချီတက်နေကြတာပါ။ စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်တွေဟာ “ဒီမိုကရေစီ ရရှိရေး – ဒို့အရေး”ဆိုပြီး လက်သီးလက်မောင်းတန်း ဟစ်ကြွေးနေကြပါတယ်။
အဲဒီအထဲမှာ စာပေသမားတွေထဲမှာ ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင်တို့ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားနေတာကို ကျွန်တော်တို့ သတိထားခဲ့မိပါတယ်။ ဒီဆရာကြီး နှစ်ပါးဟာ လမ်းတစ်လျှောက်လုံး ဘာကြွေးကြော်သံမှ လိုက်ပြီး ကြွေကြော်တာမတွေ့ရဘူး။ လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ သူတို့ရဲ့ခေါင်းတွေကိုတောင် ငုံ့ပြီး နှစ်ယောက်သား ပခုံးချင်းဆိုင် စကားတွေ တတွတ်တွတ် ပြောလာကြတာပါ။
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ပြောဆို ငြင်းခုံနေတဲ့ ဟန်လည်း မဟုတ်ပါဘူး။ သေရေးရှင်ရေး အရေးကြီးနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ဒီဆရာကြီး နှစ်ယောက် မနားတမ်း ဝေဖန်သုံးသပ် ပြောဆိုနေပုံ ရပါတယ်။
တစ်နေရာရာမှာ မဆလ စစ်တပ်က မုဆိုးဒူးထောက် သေနတ်နဲ့ ချိန်ပြီး လမ်းပိတ်ထားလို့ ဆန္ဒပြစစ်ကြောင်း ခဏ ရပ်တန့်နေရရင်လည်း ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင် ဒီဆရာကြီးနှစ်ယောက်ရဲ့စကားဝိုင်းကတော့ ရပ်မနေပါဘူး။
ကျွန်တော်တို့ကတော့ ဆရာရင်း တပည့်ရင်းတွေ ဖြစ်တာမို့ နှစ်ယောက် ဘာတွေ ပြောတယ်၊ ဘာတွေတိုင်ပင်နေတယ် ဆိုတာ အရိပ်အမြွက်လောက်တော့ ခန့်မှန်းနိုင်ကြပါတယ်။
ချီတက်ရာလမ်းကြောင်း ရှည်ကြီးတစ်လျှောက် လှုပ်ရှား အော်ဟစ်နေတဲ့ လူအုပ်ကြီး ကြားမှာ ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင်တို့ နှစ်ယောက်ဟာ ငြိမ်ငြိမ်သက်သက်နဲ့ပဲ ဆန္ဒပြပွဲပြီးဆုံးတဲ့အထိ သူတို့ရဲ့ တိုက်ပွဲ အပေါ် သဘောထားတွေကို မရပ်မနား ဆွေးနွေးခဲ့ကြတာပါပဲ။
နောက်ပိုင်းမှာ ဆရာမောင်သော်က ဆရာဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ ဆရာဦးဝင်းခက်တို့ ဦးဆောင်တဲ့ စာနယ်ဇင်း သမဂ္ဂ ပေါ်ထွက်လာပါတယ်။ စာနယ်ဇင်း သမဂ္ဂရုံးခန်းနဲ့ ကျောင်းသား သမဂ္ဂက ထုတ်တဲ့ သတင်းစာ အယ်ဒီတာရုံးခန်းတို့က တစ်နေရာတည်းမှာ ဖွင့်ထားတာပါ။
ကျောင်းသား သမဂ္ဂ သတင်းစာ အယ်ဒီတာအဖွဲ့က အကူအညီတောင်းလို့ ကျွန်တော် ဆရာမြသန်းတင့် ဆီကို စာမူသွားတောင်းခဲ့ပါတယ်။ ဆရာမြသန်းတင့်က ကျောင်းသား သမဂ္ဂသတင်းစာကို သူအားပေးပါတယ်၊ ထောက်ခံပါတယ် တဲ့။ ဒါပေမဲ့ သူ့စာမူကိုတော့ ကျောင်းသားသမဂ္ဂ သတင်းစာမှာ မထည့်ပါနဲ့ တဲ့။ သူတင်မက ဆရာဒဂုန်တာရာတို့ ဘာတို့ ဆီကလည်း မတောင်းပါနဲ့ တဲ့။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒဂုန်တာရာတို့ စာမူတွေပါလာရင် မဆလ စစ်အစိုးရက ကျောင်းသားတွေထဲကို အနီတွေ၊ လက်ဝဲတွေ၊ ဗကပတွေ လွှမ်းမိုး ထိုးဖောက်နေပြီလို့ မတရား စွပ်စွဲလာလိမ့်မယ် တဲ့။ ဒါကြောင့် ဆရာမြဆီက စာမူ မရခဲ့ပါဘူး။ ကျောင်းသားတွေကလည်း ဒီအချက်ကို နားလည် လက်ခံကြပါတယ်။
ဆရာမြသန်းတင့်ဟာ သူ့အသက်ရှိသရွေ့ ကျွန်တော်တို့ လူငယ်တွေ ပြည်သူတွေကို ရှေ့ဆောင်လမ်းပြခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ၊ ဆရာမကွယ်လွန်ခင် အရေးကြီးတဲ့ မှတ်ချက်တစ်ခုကို စာပေလောက အ၀န်းအ၀ိုင်းမှာ ဆရာ တရားဝင် ပြောခဲ့တာကို အားလုံးက မှတ်မိနေကြပါတယ်။
အဲဒါကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မှတ်ချက်ပါ။ ဆရာမြသန်းတင့်က ရင်ဆိုင်ရတဲ့ ရန်သူရဲ့ အနေအထား၊ ဖြတ်သန်းရတဲ့ ခေတ်ကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင်တော့ သမီးလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖအေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထက် ပိုပြီး တော်တယ်လို့ ကျွန်တော် သတ်မှတ်ချင်ပါတယ် ဆိုတဲ့ စကားပါပဲ။
အခုတော့ ဆရာ မြသန်းတင့် ကွယ်လွန်ခဲ့တာ (၁၁)နှစ် တိုင်ခဲ့ပါပြီ။ ဆရာဟာ ကွယ်လွန်တဲ့ အချိန်မှာ မဆလ စစ်အစိုးရ စာပေစိစစ်ရေးဌာနရဲ့ black list ထဲမှာ No 1 ရန်သူ နံပါတ်တစ် အဖြစ် သတ်မှတ်ခံထားခဲ့ရသူပါ။
ဆရာဟာ နောက်ဆုံးထွက်သက် အထိ ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ အရေးတော်ပုံ ပေါ်ရင် ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်၊ ယုံကြည်ရင်ခုန်ခဲ့တဲ့ ပြည်သူ့ဘက်သား၊ တိုင်းပြုပြည်ပြု စာရေးဆရာကြီး တစ်ယောက်ဆိုတာ သမိုင်းက သက်သေပြခဲ့ပါပြီ။
ဆရာ့ရဲ့ရဲဘော်ကြီး ဆရာဦးဝင်းတင်ကတော့ အခုအချိန်အထိ NLD နဲ့ ပြည်သူလူထုကို ရဲရဲရင့်ရင့် ဦးဆောင်နေဆဲပါပဲ ဆရာ။
အားလုံးကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။     ။
အောင်ဝေး
၇-၅-၂၀၀၉

မိုးမခမှတဆင့်

 

အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ လူထုကို ပထမဆုံး မိန့်ခွန်းပြောတဲ့နေ့ပါပဲ။ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်။ နေရာက ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါဆောင်ရှေ့မှာ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီး ဒီရေမြင့်တက်လာတာနဲ့ အမျှ ရန်ကုန်မြို့ နေရာအနှံ့မှာ ဒီမိုကရေစီ ဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ထွက်ပေါ်လာခဲ့ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာတွေ၊ ရုပ်ရှင်နဲ့ ဂီတ အနုပညာသည်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ နိုင်ငံရေးသမားဟောင်းတွေ၊ တပ်မှူးဟောင်းတွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊  ကိုကိုးကျွန်းပြန်တွေ စသည်ဖြင့် ဟောပြောပွဲ စင်မြင့် အသီးသီးမှာ တက်တက်ကြွကြွ ဟောပြော နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ထောင်သောင်းချီတဲ့ ပရိသတ်ကလည်း တစ်ခဲနက် အားပေးနေတဲ့ အချိန်ပါ။
ရန်ကုန်ဆေးရုံကြီးထဲမှာ ဟောပြောပွဲ စင်မြင့်က ပထမ နှစ်ခုရှိခဲ့ပါတယ်။ တစ်ခုက အရေးပေါ်ဌာနဘေးက ကွက်လပ်မှာ ဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပြီးတဲ့နောက်မှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့ ၇၄-၇၅-၇၆ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ ပူးပေါင်းပြီး ထိုးလိုက်တဲ့ စင်မြင့်ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ပထမဆုံး ပေါ်ထွက်လာတဲ့ ဒီမိုကရေစီ ဟောပြောပွဲ စင်မြင့်လို့ ဆိုနိုင်ပါတယ်။
ရန်ကုန်ဆေးရုံကြီး ထဲမှာပဲ နောက်ထပ် ဟောပြောပွဲ စင်မြင့် တစ်ခုက နှလုံးရောဂါဆောင်ရှေ့က ကျွန်တော်တို့ စာပေနဲ့ အနုပညာရှင်တွေရဲ့ စင်မြင့်ပါပဲ။ ရရာ၊ တွေ့ရာ ရေတိုင်ကီပုံးတွေကို ခင်းပြီး အရေးပေါ် လုပ်ထားတဲ့ စင်တစ်ခုပါပဲ။
၁၉၈၈ ခုနှစ် ဩဂုတ်လ(၂၄)ရက်၊ အဲဒီနေ့က အဲဒီရေတိုင်ကီပုံး စင်မြင့်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် က “စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျွန်မတို့ ထူထောင်ရမယ်” ဆိုတဲ့ သူ့ရဲ့  မြန်မာပြည်သူ လူထုကို ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်း ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ စင်ပေါ်ကို တက်လာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘေးက ခြံရံလို့ စင်ပေါ်ကို အတူ တက်လိုက်လာသူကတော့ ကိုယ်ကလေးစောင်းစောင်း ခေါင်းကလေးစောင်းစောင်းနဲ့ ဆရာမောင်သော်ကပါပဲ။
နောက် ၅ ရက်လောက် ကြာတဲ့အခါမှာတော့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက် ရန်ကုန် တက္ကသိုလ် ဆဲဗင်းဂျူလိုင် ရင်ပြင်မှာ ကျင်းပတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန် ဗကသများ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းခြင်း အခမ်းအနားမှာ စာပေနဲ့ အနုပညာရှင်များ ကိုယ်စား မိန့်ခွန်း ပြောရပါတယ်။ ဆရာက မိန့်ခွန်း ပြောနေစဉ်မှာ သူ့ကဗျာတပုဒ် ထည့်ရွတ်ဆိုသွားခဲ့ပါတယ်။
“ငါ့တွင် ဒဏ်ရာ
 ရခဲ့ပါ၏
သို့ငြားသော်လည်း ငါမသေ။
ငါ့ဒဏ်ရာလည်း
သွေးစိမ်းရှင်ထွက်
တစ်သက်မကြေ၊ ငါမသေ။
လဲလျောင်း ခဏ
မနက်ဖြန် ထလို့
ငါတို့တိုက်ပွဲ ဆက်ဆင်နွှဲ” တဲ့။
ဆရာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ စာပေနဲ့ အနုပညာရှင်တွေကို တပ်ဦးကနေ ရွပ်ရွပ်ချွန်ချွန် ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဆရာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ပထမဆုံးနေ့မှာပဲ အပျော်လွန်ပြီး သေနတ်ဖောက်မိလို့ စစ်တပ်အချုပ် ကွာတား ကျသွားရတဲ့ ရေတပ်သားကလေး ဘသော် ဘဝကနေ ရေတပ်ဗိုလ်မှူး ဘသော် အဖြစ်နဲ့ တပ်မတော်က အငြိမ်းစား ယူခဲ့တဲ့ နိုင်ငံကျော် စာရေးဆရာကြီး ဖြစ်ပါတယ်။ 
ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးနဲ့အတူ မျိုးချစ်တပ်မှူးဟောင်းတွေ၊ ကြည်းရေလေ တပ်မတော်သားတွေ လူထုနဲ့ လက်တွဲပြီး ဒီမိုကရေစီ တိုက်ပွဲထဲ ဝင်ရောက်လာကြပါတယ်။  
ဆရာမောင်သော်ကဟာ သူဟောပြောတဲ့ စင်မြင့်တိုင်းမှာ တပ်မတော်သားတွေကို ဦးတည်ပြီး ပြည်သူ့ဘက်က ရပ်တည်တဲ့ ပြည်သူ့တပ်မတော်အဖြစ် ကူးပြောင်းလာဖို့ ရဲရဲတောက် ဟောပြောတတ်ပါတယ်။ တချို့စင်မြင့်တွေမှာ သူနဲ့အတူ တပ်မတော်အကြောင်း ပြောဖို့ စစ်တပ်က လတ်တလော ထွက်လာတဲ့ ကဗျာဆရာ နေဇော်နိုင်နဲ့ စစ်သား သားသမီးတစ်ယောက် ဖြစ်တဲ့ ကျနော့်ကို ဆရာက တွဲခေါ်တတ်ပါတယ်။
ကျွန်တော်တို့ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းတဲ့ အခါမှာတော့ အားလုံးက ဆရာမောင်သော်ကကို ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ရွေးချယ် တင်မြှောက်လိုက်ကြပါတယ်။ ဆရာ ဦးဆောင်ပြီးတော့ ကျွန်တော်တို့ စာနယ်ဇင်းသမဂ္ဂဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံခဲ့တယ်၊ ကျောင်းသားသမဂ္ဂကို ဝိုင်းရံခဲ့တယ်။ ဆရာ့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့ စာနယ်ဇင်းသမဂ္ဂဟာ ရုပ်ရှင် နဲ့ ဂီတ၊ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းပြီး ကြီးမားတဲ့ အနုပညာ တပ်ပေါင်းစုကြီးတစ်ခု တည်ဆောက်နိုင်ခဲ့ပါတယ်။
ဆရာမောင်သော်ကဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင် ကတည်းက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ဝေဖန်တဲ့ သရော်စာတွေ အမြောက်အများ ရေးခဲ့တဲ့သူပါ။
၁၉၅၆ ဆရာ ရေတပ်ဗိုလ်ကြီးဘဝနဲ့ တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင်မှာ သင်္ဘော မုန်တိုင်းမိ နစ်မြှုပ်ပြီး ပင်လယ်ထဲ ရက်ပေါင်းများစွာ မျှောပါ ရုန်းကန်ခဲ့ရတဲ့အကြောင်း ရေးထားတဲ့ “တိုက်ရေယာဉ် ၁ဝ၃” ဆိုတဲ့ စာအုပ်ထဲမှာ ဆရာ့ရဲ့ ခေါင်းဆောင်ပီသမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ စိတ်ဓာတ် ကြံ့ခိုင် မာကျောမှုတွေကို တွေ့နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ တည်ထောင်တဲ့အခါ ဆရာဟာ အဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်လာပါတယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး။ ၁၉၈၉ မှာ ဆရာဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့ မရှေးမနှောင်းမှာပဲ နဝတ စစ်အစိုးရက တပ်မတော်ကို ဖြိုခွဲတယ် ဆိုတဲ့ စွဲချက်နဲ့ ဆရာမောင်သော်ကကို ဖမ်းဆီးလိုက်ပြီး ၈၉ ခုနှစ် အောက်တိုဘာလမှာ စစ်ခုံရုံးကနေ တစ်သက်တစ်ကျွန်း ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်ပါတော့တယ်။
၁၉၅၆ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တုန်းက အသက် မသေဘဲ ကျန်ခဲ့တဲ့ ဆရာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန် အကျဉ်းထောင်ထဲမှာ လူမဆန်တဲ့ စစ်ထောက်လှမ်းရေးတွေ၊ ထောင်အာဏာပိုင်တွေရဲ့ ပြင်းထန်တဲ့ နှိပ်စက် ညှင်းပန်းမှု ဒဏ်တွေကြောင့် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ ကျဆုံးခဲ့ရရှာပါတယ်။
သိမ်ဖြူလမ်း မွတ်ဆလင် သုဿာန်မှာ အကျဉ်းရုံး ပြုလုပ်တဲ့ ဆရာ့ ဈာပနကိုတော့ စစ်တပ်က စောင့်ကြည့်နေတဲ့ ကြားက ကျွန်တော်တို့ လေထန်ကုန်းက စာပေနဲ့ အနုပညာသမားတွေ သွားရောက် ဂါရဝ ပြုခဲ့ကြပါတယ်။
ဆရာဟာ နဝတ စစ်အစိုးရရဲ့ မတရားမှုတွေကို ကြံ့ကြံ့ခံ ခုခံ ရင်ဆိုင်ရင်း သူရဲကောင်း ပီသစွာ ကျဆုံးသွားခဲ့တာပါ။ ဆရာဟာ ပြည်သူ့ရဲ့ သူရဲကောင်း တစ်ဦးပါပဲ။
ဆရာဟာ ဒေါ်အောင်ဆန်းစုကြည်ခေတ် ဒုတိယ လွတ်လပ်ရေး တိုက်ပွဲအတွက် အသက်ပေးသွားတဲ့ အာဇာနည် တစ်ဦးပါပဲ။ ဆရာ့ကို ဆရာ ဘာသာပြန်ခဲ့တဲ့ အင်္ဂလိပ် ကဗျာ တစ်ပိုဒ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။
“သို့ပေလည်း
ပင်လယ်ငှက်က အိပ်တန်းဆီ ပြန်သွားပြီ
သားရဲက သူ့သားရဲတွင်းထဲ ချည်းနင်း လှဲအိပ်
ချွေးသိပ်ရမယ့် ရာသီ ပီပီပင် ရောက်သော်လည်း
ငါ့တဲအိမ် ငါပြင်ဖို့ သွားရဦး၊
ငါ့တဲအိမ် ငါပြင်ဖို့ သွားရဦး – – – ”
အောင်ဝေး
၇၊ ၇၊ ၂ဝဝ၉
 မိုးမခမှတဆင့်

      တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးရဲ့ဘဝမှာ စာပေနဲ့ အနုပညာဟာ ဘယ်အခန်းကဏ္ဍက ပါဝင်သလဲ။ ဘယ်လို အနေအထားမှာ ရှိသလဲ။

      ဆရာဇော်ဇော်အောင်ရဲ့ “ဝေဝေရီရီ” ဝတ္ထုထဲမှာ ဖတ်ခဲ့ဖူးတဲ့ စာသားတွေကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ဆရာဇော်ဇော်အောင်က-
      နိုင်ငံဟာဖျားနာနေတယ်။ နာတာရှည်ပေါ့။ ရောဂါ ရနေတယ်။ အဲဒါ စာပေအနုပညာက ပျောက်ကင်းအောင် ကုသ ကယ်တင်ရမယ်။ အဲဒီတော့ စာပေအနုပညာက လုပ်ငန်းတာဝန် (၃)ခုကို  ယူရလိမ့်မယ် တဲ့။ တစ်ခုက နှစ်သက်ကြည်နူးမှုရသ ပေးဖို့။ ဒုတိယက အမှားအမှန် ခွဲခြားပြသ ညွှန်ကြားဖို့။ နောက်ဆုံးတစ်ခု ကတော့ လူတွေရဲ့ ဝိညာဉ်ကို ကယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကုစားဖို့ပါပဲ တဲ့။
      ပြီးတော့ ဆရာဇော်ဇော်အောင်က အခုလို ဆက်ပြောပြပါသေးတယ်။
      ရုပ်ပစ္စည်း ချမ်းသာဖို့၊ ကြွယ်ဝဖို့၊ ပြည့်စုံဖို့ ဆိုတာ သိပ်မခက်ဘူး။ တကယ် ခက်တာက စိတ်။ စိတ်ဓာတ် အရေးအရာတွေမှာ အားနည်းနေတာ၊ အောက်တန်းကျနေတာ၊ ချွတ်ခြုံကျနေတာတွေကို ဖြည့်ဆည်းဖို့က သိပ်ခက်တယ်။ သိပံ္ပနဲ့ နည်းပညာကလည်း ထိထိရောက်ရောက် မကယ်တင်နိုင်ဘူး။ စိတ်ဓာတ်မှာ စွဲကပ်နေတဲ့ နာတာရှည်ရောဂါမျိုးကို ကယ်တင်နိုင်တာ စာပေ နဲ့ အနုပညာပဲရှိတယ် တဲ့။
      ဟုတ်ပါတယ်။ ဆရာဇော်ဇော်အောင်ပြောတာကို ကျွန်တော်တို့ လက်ခံရမယ်။ သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာကတော့ စာပေနဲ့ အနုပညာဟာ နည်းမှန် လမ်းမှန်နဲ့ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရတဲ့ အခြေအနေမှာ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ စာပေနဲ့ အနုပညာ လွတ်လပ်ခွင့် လုံးဝမရှိဘူး။ ဒီလို မရှိတဲ့ အခြေအနေကြားမှာပဲ ဖက်ဆစ်ဝါဒ ဓားမိုးထားတဲ့ အောက်ကပဲ စာပေနဲ့ အနုပညာသည်တွေဟာ ပြည်သူလူထုကို ဖြေဖျော်ဖို့၊ လမ်းပြဖို့၊ တိုင်းပြည်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတာပဲ မဟုတ်လား။
      အဲဒီ အထဲကမှ ဝါရင့် သဘာရင့် အာဂ ရုပ်ရှင် အနုပညာရှင်ကြီး တစ်ယောက်ရဲ့ ပြည်သူ့ဘက်က ရဲရဲရင့်ရင့် ရပ်တည်မှုနဲ့ သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ ကျွန်တော် ပြန်လည် အောက်မေ့ တသ လာမိပါတယ်။
      ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်၊ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်။
      ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်း ရန်ကုန်တစ်မြို့လုံးကလူတွေ အဲဒီနေရာမှာ လာပြီး စုကြတဲ့နေ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး သမိုင်းဝင် လူထု အစည်းအဝေးကြီး။ ပရိသတ် (၅)သိန်းကျော်ဟာ မိုးတဖွဲဖွဲအောက်မှာ သူတို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကို စောင့်မျှော်နေကြပါတယ်။ သူတို့ခေါင်းဆောင်ရဲ့ မိန့်ခွန်းကို မျှော်လင့်နေကြပါတယ်။ သောင်းနဲ့ချီတဲ့ ခွပ်ဒေါင်းအလံ၊ သုံးရောင်ခြယ်အလံ၊ ဖက်ဆစ်တော်လှန်ရေးအလံ၊ ကြယ်ငါးပွင့် ပြည်ထောင်စု အလံတွေကို၊ ဝှေ့ယမ်းနေတဲ့ လူထုကြီးရဲ့  ရင်ခုန်သံက မိုးသံလေသံကို ဖုံးအုပ်သွားပါတယ်။
      အဲဒီ အချိန်မှာ အခမ်းအနားစင်မြင့် ဆီကနေ “ဒီမိုကရေစီ မြတ်နိုးတဲ့ လူထုပရိသတ်ကြီးခင်ဗျား” ဆိုပြီး အောင်မြင်ခံ့ညား ထည်ဝါလှတဲ့ အသံသြဇာနဲ့ ပရိသတ်ကို လှုပ်နှိုးလိုက်တဲ့ အသံကို ကြားလိုက်ရပြီး ပရိသတ်က စင်မြင့်ဆီကို လှမ်းကြည့်လိုက်ကြတဲ့ အခါမှာတော့။
      ပရိသတ်ကြီးရဲ့ လက်ခုပ်သြဘာသံတွေဟာ သောင်းသောင်း ညံသွားခဲ့ပါပြီ။ ပရိသတ်ကြီးဟာ သူတို့ အင်မတန် ချစ်ခင်လေးစားတဲ့ ရုပ်ရှင်မင်းသားကြီး တစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထု အစည်းအဝေးကြီးမှာ အခမ်းအနားမှူးတစ်ဦး အဖြစ် မြင်တွေ့လိုက်ရတော့ အလွန့်ကို အားတက်ကျေနပ် ပီတိဖြစ်သွားကြပါတော့တယ်။
      အဲဒီနေ့က ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက သူ့ရဲ့ အနုပညာ အောင်မြင်ကျော်ကြားမှုတွေကို စတေးပြီး ပြည်သူ့ဘက်သား တစ်ယောက် အနေနဲ့ လူထုရှေ့မှောက် ရဲရဲ ထွက်ရပ်ပြခဲ့တာပဲ မဟုတ်လား။ ဒီအခမ်းအနားဟာ မြန်မာ့ သမိုင်းမှာရော ဒေါ်အောင်ဆန်းစုကြည် သမိုင်းမှာပါ အင်မတန်ကြီးကျယ် လေးနက်တဲ့ အခမ်းအနားပါ။
      ရင်းနှီးသူတွေက “လေးလေး”လို့ ခေါ်ကြတဲ့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေဟာ အဲဒီလို ဒီမိုကရေစီ တိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့အတွက် နဝတ၊ နအဖ စစ်အာဏာသိမ်း အစိုးရ အဆက်ဆက်မှာ ရုပ်ရှင်ရိုက်ခွင့် မရခဲ့တော့ပါဘူး။ (အခု အချိန်မှာ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကို အဓမ္မ ပိတ်ပင် ထားတာမျိုးပေါ့)
      ဦးထွန်းဝေတို့၊ ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေးတို့ ဆိုတာ သမိုင်းနဲ့ အစဉ်အလာနဲ့ ဖြတ်သန်းလာခဲ့ကြတဲ့ အနုပညာသည်တွေပါ။ ခုမှ မဟုတ်ပါဘူး။ ၁၉၆၇ မြန်မာနိုင်ငံမှာ ဆန်ရှားပါးတဲ့ ပြဿနာတွေဖြစ်တော့ မဆလ စစ်တပ်က လူထု အာရုံပြောင်းအောင် တရုတ်-ဗမာ အဓိကရုဏ်း ဖန်တီးတဲ့ အခါ ဦးထွန်းဝေနဲ့ ဦးမြတ်လေးတို့ကို မဆလ အစိုးရက ဖမ်းဆီးထောင်ချခဲ့ဖူးပါတယ်။
      ပြည်တွင်းမှာတုန်းက တစ်နေ့မှာ ဆရာမောင်စွမ်းရည်နဲ့ ကျွန်တော် လေးလေးဦးထွန်းဝေ နေတဲ့ ဘောက်ထော်က အိမ်ကို လူမမာမေး ရောက်သွားကြပါတယ်။
      နဝတ အစိုးရ တက်လာကတည်းက ရုပ်ရှင် မရိုက်ရတော့တဲ့ လေးလေးဟာ ကျောင်းသုံး မြေဖြူလုပ်ငန်းကလေးနဲ့ ရပ်တည်ခဲ့ရပါတယ်။ ရုပ်ရှင် ပိတ်ကားပေါ်မှာ တွေ့ခွင့် မရတော့ပေမဲ့ နှစ်စဉ်လိုလို တောင်သမန်က အမေလူထု ဒေါ်အမာရဲ့ မွေးနေ့ပွဲတွေမှာ လေးလေးကို အမြဲ ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ရတတ်ပါတယ်။
      ဦးထွန်းဝေက သူ့ကို ရုပ်ရှင်ရိုက်ခွင့် ပိတ်ထားတာနဲ့  ပတ်သက်လို့ နဝတ၊ နအဖ အစိုးရတွေကို ပြစ်တင်တာ၊ ရှုတ်ချတာတွေ တစ်ခွန်းမှ မပြောပါဘူး။ အသနားလည်း မခံပါဘူး။ ပြည်သူ့ရင်ထဲမှာ “ထွန်းဝေ”  ရှိနေရင် ပြည့်စုံတာပဲလို့ သူခံယူတဲ့ အကြောင်း ဦးထွန်းဝေက ဆရာစွမ်းတို့၊ ကျွန်တော်တို့ကို ပြောပြပါတယ်။
      လေးလေးဟာ အင်မတန် လူကြီးလူကောင်း ပီသတဲ့ ရုပ်ရှင် အနုပညာသည်ကြီးပါ။ သူ့ရဲ့ အနုပညာတွေကို တာဆီး ပိတ်ပင်ထားတဲ့ အတွက် တိုင်းပြည်နဲ့ လူမျိုးအဖို့ အများကြီး နစ်နာ ဆုံးရှုံးရပါတယ်။
      ခုတော့ လေးလေး ဦးထွန်းဝေ ကွယ်လွန်ခဲ့ပါပြီ။ သူကွယ်လွန်တဲ့ အချိန်မှာ  နာရေးကြော်ငြာကိုတောင် လွတ်လွတ်လပ်လပ် ထည့်ခွင့်မရတဲ့ အထိ စစ်အစိုးရက ဖိနှိပ် ချုပ်ချယ်ခဲ့ပါတယ်။
      ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ်၊ ဘယ်လိုပဲ ချုပ်ချယ် ချုပ်ချယ် ပြည်သူတွေရင်ထဲက ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေရဲ့ အနုပညာနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်တွေဟာ ဘယ်တော့မှ သေဆုံးမသွားဘူးလို့ ကျွန်တော် ယုံကြည်နေဆဲပါပဲ။
      ပြီးခဲ့တဲ့ ရွှေဝါရောင် သံဃအရေးတော်ပုံမှာတုန်းက ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူတို့၊ ကိုဇာဂနာတို့ လူထုရှေ့မှောက် ရဲရဲ ထွက်ရပ်ခဲ့တာလည်း မင်းသားကြီး ဦးထွန်းဝေလမ်းစဉ်ကို ဆက်ခံ လျှောက်လှမ်း ခဲ့ကြတာပဲ မဟုတ်ပါလား။  
      လေးလေး ဦးထွန်းဝေ ကောင်းရာ သုဂတိ ရောက်ပါစေ။    ။
 မိုးမခမှတဆင့်

ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းက အင်မတန် အလင်္ကာ ဆန်လှပါတယ်။

 
ဒေါ်အောင်ဆန်းစုကြည်က “မိုးကုတ်စက်ဝိုင်း မှာတော့ မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲပါပဲ” လို့  တင်စား ပြောခဲ့တဲ့ စကားပါ။ အဲဒီလို မိုးထဲလေထဲက အဖြစ်အပျက်လေး တစ်ခုကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။
(၈)ရက် (၈)လ (၈၈)နေ့ နောက်ပိုင်း ရန်ကုန်မြို့ပေါ်မှာ လူထု ဆန္ဒပြပွဲတွေ ပိုပြီး အင်အား ကြီးမားလာတဲ့ အချိန်။ တစ်နေ့မှာ ဆန္ဒပြ လူထု စစ်ကြောင်းကြီး တစ်ကြောင်းဟာ ရန်ကုန်ဆေးရုံကြီး ရှေ့ကနေ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး အတိုင်း ဆူးလေ-ပန်းဆိုးတန်း ဘက်ကို ဖြတ်သန်း ချီတက်လာကြပါတယ်။ အဲဒီ စစ်ကြောင်းကြီးထဲမှာ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင် ဂီတ အနုပညာရှင်များလည်း ပါပါတယ်။
အဲဒီနေ့က ကျွန်တော်တို့ ကဗျာဆရာတွေနဲ့ အတူ ချီတက်လိုက်ပါလာတဲ့သူတစ်ဦးက ကဗျာဆရာ ဒါရိုက်တာ ‘ပိုင်သ’ ပါပဲ။ ကျွန်တော်တို့တွေ ကြွေးကြော်သံတွေ ကြွေးကြော်လိုက်၊ လက်သီး လက်မောင်း တန်းလိုက်၊ ကိုယ့်အာရုံနဲ့ ကိုယ် မိုးထဲလေထဲမှာ ဇွဲနဲ့ ရှေ့ကို အပြင်း ချီတက်နေကြတာပဲ ဆိုပါတော့။
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်က ရုပ်ရှင်ရုံတွေ ရှေ့ကို ဖြတ်ကြတော့ ကျွန်တော်တို့ အားလုံး ရုပ်ရှင်ရုံ တစ်ရုံရဲ့ ရှေ့မျက်နှာစာပေါ်က ရုံဆင် ပိုစတာကြီး တစ်ခုကို အာရုံစိုက်မိသွားကြပါတယ်။ အဲဒီ ရုပ်ရှင် ပိုစတာက ရန်အောင်၊ နေအောင်၊ မို့မို့မြင့်အောင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ “အချစ်နားနီး အချစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြော်ငြာ ပိုစတာပါ။ အဲဒီ ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ပိုင်သ။ အခု ကျွန်တော်တို့နဲ့ အတူ ချီတက် ဆန္ဒပြနေတဲ့ ပိုင်သပါပဲ။
ပိုင်သခမျာ ခေတ်ပျက်ကြီးထဲမှာမှ ရုံတင်လာတဲ့ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကား ပိုစတာကို ကြည့်ငေးရင်း ကြေကွဲနေပုံရပါတယ်။ ဒီဇာတ်ကားဟာ သူ ဒါရိုက်တာ လုပ်ပြီး ပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ၁၉၈၅ က စရိုက်ခဲ့တဲ့ ဇာတ်ကား။ ပိုင်သအတွက်တော့ ဂုဏ်ယူကျေနပ် အမှတ်တရဖြစ်စရာပေါ့။ အဲဒီဇာတ်ကားမှာ ဒါရိုက်တာ ဦးဝင်းဖေတို့က သူ့ကို အများကြီး ပါဝင် ကူညီပေးထားတယ် လို့လည်း ပိုင်သက ဆိုပါတယ်။
အခုတော့ ဒါရိုက်တာဟာ သူ့ရဲ့ ပထမဦးဆုံးလက်ရာ အတွက် ဂုဏ်မယူအားသေးပါဘူး။ ဒီမိုကရေစီ ရရှိရေး – ဒို့အရေး ဆိုပြီး အများပြည်သူတွေနဲ့ အတူ ချီတက် ဆန္ဒပြနေရပါတယ်။ ဆန္ဒပြ စစ်ကြောင်းကြီးထဲက ရုပ်ရှင်ချစ်သူ ပြည်သူ လူထုတွေ ခမျာလည်း ဒါရိုက်တာ ပိုင်သရဲ့ လက်ရာဆိုတဲ့ အဲဒီ “အချစ်နားနီး အချစ်” ရုပ်ရှင် ပိုစတာကို တစ်ချက် မော့ကြည့်ရုံ ကြည့်ပြီး မဆုံးသေးတဲ့ ရှေ့ခရီးကို အပြင်း ဆက်နှင်သွားကြပါပြီ။
ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်ရဲ့ ရင်ထဲမှာ သူပြောချင်တဲ့ သူပြချင်တဲ့ အနုပညာ ခံစားမှု အကြောင်းတွေ၊ သူရိုက်ချင်တဲ့ စိတ်ကူးတွေ၊ ဇာတ်လမ်းတွေ အများကြီး ရှိနိုင်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အားလုံးဟာ အသက်အရွယ်ကလည်း ငယ်ကြသေးတာကိုး။ ကျွန်တော်တို့မှာ လုပ်ချင် ကိုင်ချင်တဲ့ အနုပညာ အလုပ်တွေက ရင်နဲ့ မဆံ့အောင် ရှိနေခဲ့ကြတာပဲ မဟုတ်လား။
သို့သော် ကျွန်တော်တို့ လုပ်ချင်တဲ့ အနုပညာ အလုပ်တွေဟာ လုပ်လို့မရအောင်ကိုပဲ မဆလ စစ်အာဏာရှင် ကြီးစိုးတဲ့ ခေတ်ပျက်ထဲကြီးမှာ အနုပညာ လွတ်လပ်ခွင့်တွေ ဆိတ်သုန်းပျောက်ကွယ် ခဲ့တယ်။ အနုပညာ ဖန်တီး၊ ဖော်ထုတ်ခွင့်တွေ တားမြစ် ပိတ်ပင်ခံခဲ့ရတယ်။ ကျွန်တော်တို့ အနုပညာလောကကြီး တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့အတူ မိုးမှောင်ကျခဲ့ရတာပဲ မဟုတ်လား။
မဆလ စစ်အုပ်စုဟာ စာပေ၊ ရုပ်ရှင်၊ ဂီတ ဘယ်အနုပညာကိုပဲ ဖြစ်ဖြစ် သူတို့အာဏာ တည်မြဲရေး စစ်ဝါဒ သက်ဆိုးရှည်ရေး အတွက် အသုံးချတဲ့ ၀ါဒဖြန့် ကရိယာတွေ အနေနဲ့ပဲ ခွင့်ပြုထားတယ်။ ပြည်သူ ခံစားချက်ကို ဖော်ထုတ်ဖို့ လူထုဘ၀ကို ထင်ဟပ်ဖို့၊ ပြည်သူ လူထုရဲ့ မျှော်လင်ချက် ၊ ယုံကြည်ချက်ကို ဖော်ပြဖို့ ဆိုတဲ့ အခွင့်အရေးတွေ အားလုံးကိုတော့ မဆလ အစိုးရက ပိတ်ပင် ချုပ်ချယ်ထားခဲ့တယ်။
ဒါကြောင့်မို့လည်း ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့၊ ကန့်သတ်ပိတ်ပင် ခံနေရတဲ့၊ ဖမ်းဆီး ချုပ်နှောင် ခံနေရတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာ သမားတွေဟာ သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ လူထုအုံကြွမှု တိုက်ပွဲထဲကို တစ်ခဲနက် ခုန်ဝင်ခဲ့ကြတာပဲ မဟုတ်လား။ လက်တွဲ ဆောင်ရွက်ခဲ့ကြတာပဲ မဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး ပေါ်မှာ မိုးက တဖွဲဖွဲ ရွာနေပါတယ်။ သူငယ်ချင်း ပိုင်သက နောက်မှာ ကျန်ရစ်တဲ့ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကား ရုံဆင် ပိုစတာကို ခြင်္သေ့လည်ပြန် တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။ သူ့မျက်ဝန်းတွေက ဆွေးမြေ့ ရီဝေနေမယ် ဆိုတာ သေချာပါတယ်။ ပြီးတော့ ကြွေးကြော်သံတွေကို သူ အားပါးတရ ကြွေးကြော်လိုက်ပြီး သူ ရှေ့ကို ဆက်လက် ချီတက်သွားပါတော့တယ်။
အဲဒီနေ့က ကျွန်တော်တို့ဘေးမှာ ကျွန်တော်တို့နဲ့အတူ ပိုင်သရဲ့ ညီဖြစ်တဲ့ ‘ဆူး’ ကလည်း မမှိတ်မသုန် လိုက်ပါ ချီတက်နေတာပါ။ ဆူးဟာ နာမည်ကျော် တေးရေးဆရာ၊ အဆိုတော် တစ်ယောက်ပါ။
ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြိုခွင်းခံရပြီးတဲ့ နောက်မှာတော့ ပိုင်သတို့က ပန်းဆိုးတန်း ကိုတင်လှိုင် လက်ဖက်ရည်ဆိုင်မှာ စုမိသွားကြပါတယ်။ ဆူးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်တွေမှာ ချင်းတောင်တန်းတွေပေါ်အထိ လိုက်ပါခဲ့သူပါ။ ကျွန်တော်ကတော့ ၁၉၈၉ အာဇာနည်နေ့ အရေးအခင်းနဲ့ ပုသိမ်ထောင်ထဲ ပြန်ရောက်သွားပါတယ်။
ကျွန်တော် ထောင်က ပြန်လွတ်လာတော့ ပိုင်သကို သူတို့ရဲ့ ပန်းဆိုးတန်း ဟောလိဝုဒ် ကလေးမှာပဲ ဆရာမြတ်လေး၊ ဆရာမောင်သာရ၊ မောင်ခက်ပန် တို့နဲ့ အတူ တက်တက်ကြွကြွ ပြန်တွေ့ရပါတယ်။ ပြီးတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ မြန်မာ့ ရုပ်သံက ပညာရှင်တွေ ဖြစ်ကြတဲ့ ကိုစန်းအောင် နဲ့ ချားလ်စ် ဘရှင် တို့ကိုလည်း အဲဒီမှာ တွေ့လိုက်ရပါတယ်။ ဆူးကတော့ မကျန်းမာလို့ မန္တလေးကို ပြန်သွားခဲ့ပါပြီ။
ဘာပဲပြောပြော ဖက်ဆစ်ဝါဒ ဓားမိုးထားတဲ့အောက်ကပဲ အနုပညာက လုပ်နိုင်သလောက်၊ လုပ်ခွင့်ရသလောက် အလုပ်တွေကို ဒီပုဂ္ဂိုလ်တွေ တစ်နည်း ပြည်သူချစ်တဲ့ အနုပညာသည်တွေက ကြိုးစားပမ်းစား လုပ်ခဲ့တာပဲလို့ ကျွန်တော် အမြဲ ယုံကြည်နေပါတယ်။
ခေတ်အဆက်ဆက်၊ အရေးတော်ပုံ ပေါ်ရင် ရင်ခုန်ပါဝင်ရဲတဲ့ ရုပ်ရှင်သမားတွေ၊ ဂီတသမားတွေကို ပြည်သူလူထုကြီး တစ်ရပ်လုံးက လေးစားဂုဏ်ယူနေကြတာပဲ မဟုတ်လား။
အခုအချိန်မှာတော့ ဒီမိုကရေစီ မြတ်နိုးတဲ့ ပိုင်းသနဲ့ ဆူး၊ မန္တလေးသား ညီအစ်ကို နှစ်ယောက် မရှိကြတော့ပါဘူး။
မိုးကုတ်စက်ဝိုင်းမှာတော့ မုန်တိုင်း မိုးတိမ်တွေက ဆင်နေဆဲပါပဲလေ။ ။
မိုးမခမှတဆင့်


ကျွန်တော် ကဗျာဆရာ တစ်ယောက်ပါ။ “မဆလ ခေတ်တုန်းက ကဗျာဆရာ တစ်ယောက်ဟာ စင်ပြိုင်အစိုးရ တစ်ရပ် ဖြစ်တယ်” ဆိုတဲ့ ရုရှားကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ စကားနဲ့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြတယ်။
          ရှစ်လေးလုံး အရေးတော်ပုံခေတ်၊ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေတ်ကို ရောက်လာတဲ့အခါ ကျတော့ “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင် ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျွန်မတော့ ထင်မိတယ်” ဆိုတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် စကားဟာ ကျွန်တော်တို့ ကဗျာဆရာတွေ အတွက် အားပါ။
          ဒီလိုပါပဲ။ စစ်သားဟောင်းကြီး တစ်ဦးရဲ့ အမြင်ကလည်း “ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ အမှန်တရား၊ သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အရေးအခင်း တစ်ခုကြုံရရင် အမှားဘက်၊ အမှန်ဘက်ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေက ရှေ့ဆုံးက ပါဝင်လာကြတယ်လို့ ကျွန်တော်ထင်ပါတယ်” တဲ့။ အဲဒီ မှတ်ချက်ပေးခဲ့သူကတော့ ဗိုလ်ချုပ်ကြီး (ဟောင်း) သူရဦးတင်ဦးပါ။
          ရှစ်လေးလုံး အရေးတော်ပုံအတွင်းက ဆရာမောင်သော်က၊ ဆရာဦးဝင်တင်၊ ဆရာမောင်မိုးသူ၊ ဆရာဦးဝင်းခက်တို့ ဦးဆောင် စာနယ်ဇင်း သမဂ္ဂဖွဲ့ခဲ့ကြပါတယ်။ အဲဒီ စာနယ်ဇင်း သမဂ္ဂထဲမှာ ဆရာမောင်ဝံသ တို့ရဲ့ သတင်းစာဆရာများ အဖွဲ့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကဗျာဆရာများ အဖွဲ့တွေဟာ အခြား ကာတွန်းဆရာ၊ ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေနဲ့ အတူ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပဲပေါ့။
          ရန်ုကုန်မြို့မှာ ဒီမိုကရေစီဟောပြောပွဲ စင်မြင့်တွေ ဟိုကဒီက အလျှိုအလျှို ထွက်ပေါ်လာပြီ ဆိုတာနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကဗျာဆရာများ အဖွဲ့ကလည်း ၃၃လမ်း ထိပ်မှာ ဒီမိုကရေစီ ဟောပြောပွဲ စင်တစ်ခု ထိုးလိုက်ကြပါတယ်။
          ၃၃လမ်းဟာ ကဗျာဆရာတွေရဲ့လမ်းပါ။ ၃၃ လမ်းက လမ်းတိုကလေးပါ။ ဒါပေမဲ့ ကဗျာဆရာတွေရဲ့ ဒုက္ခကတော့ ရှည်လျားလှပါတယ်။ ၃၃လမ်းထိပ်မှာ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်ရှိတယ်။ ရွှေကြည်အေးမှာ ထိုင်တဲ့ ကဗျာဆရာတွေအားလုံး ပြည်သူလူထုကြီးနဲ့ အတူ ဒီမိုကရေစီ တိုက်ပွဲထဲရောက်နေကြပြီ။
          လေသာ မိုးသာထဲနေ့ တစ်နေ့မှာ ကျွန်တော်တို့ ကဗျာဆရာတွေရဲ့ ပထမဦးဆုံး ၃၃လမ်း ဒီမိုကရေစီ ဟောပြောပွဲကို စတင်လိုက်ကြပါတယ်။ အဲဒီပွဲမှာ ကဗျာဆရာ အစစ်တွေနဲ့အတူ ပါဝင်ဟောပြောသူတစ်ဦးကတော့ ရုပ်ရှင်ထဲက ကဗျာဆရာပါပဲ။
          အဲဒီနေ့က နေရောင် ပြည့်ပြည့် မရတဲ့နေ့ပါပဲ။ ၃၃လမ်း ထိပ် ခရေပင်ရိပ်မှာ ချွေးသိပ် အမောဖြေနေတဲ့ တိုက်ပွဲဝင် ကဗျာဆရာတွေနဲ့ အတူ ဒီမိုကရေစီ လူထုပရိသတ်ကြီး။
          ကဗျာဆရာ ဇောင်းထက်က စင်ပေါ်ကနေ ဂျာမန်ကဗျာဆရာ ဗားတော့ဘရက်ရဲ့ “အကုန် ရရင်ရ၊ မရရင် ဘာမှ မလိုချင်ဘူး။ အကုန်လွတ်ရင်လွတ်၊ မလွတ်ရင် တစ်ယောက်မှ မလွတ်ချင်ဘူး။ တစ်ယောက်တည်း လွတ်သွားလည်း၊ သူရပ်တည်နိုင်မှာ မဟုတ်ဘူး။ သေနတ်လား၊ အချုပ်အနှောင် သံကြိုးလား၊ ရွေးကြစို့” ဆိုတဲ့ ကဗျာကို ရွတ်တော့ စင်အောက်က ပရိသတ်ကြီးက သံပြိုင် လိုက်ရွတ်ဆိုကြပါတယ်။
          အဲဒီတုန်းက ကဗျာဆရာ ဇောင်းထက်က ဆရာတက္ကသိုလ် ဘုန်းနိုင်တို့ နာယက အဖြစ် ပါဝင်တဲ့ တက္ကသိုလ်ဆရာများသမဂ္ဂကိုလည်း သူက ကိုယ်စားပြုထားပါတယ်။ အရေးအခင်း ပြီးတော့ ဇောင်းထက် မြန်မာပြည်မြောက်ဖျား ဖြစ်ကြီးနားတက္ကသိုလ် အပြောင်းခံရပြီး မကြာခင် ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့ရပါတယ်။
          အဲဒီနေ့က ဇောင်းထက်ပြီးတော့ စင်ပေါ်ကို တက်လာသူကတော့ ရုပ်ရှင်ဇာတ်ကားထဲက ကဗျာဆရာပါပဲ။ အပြင်မှာတော့ ကဗျာဆရာ မဟုတ်ပါဘူး။ ဗန်းမော်တင်အောင်ရဲ့ ဝတ္ထုကို ရိုက်ကူးတဲ့ “ဝမ်းနည်းဝမ်းသာ” ရုပ်ရှင်ထဲမှာ သူက ကဗျာဆရာ ကိုသစ္စာအဖြစ် မြင့်မြင့်ခင်နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တာပါ။
          အခု ကိုသစ္စာက ဟောပြောဖို့ စင်မြင့်ပေါ်ကို ရောက်နေပါပြီ။ သူ မျက်ခုံးတစ်ချက် ပင့်၊ ပခုံးတစ်ချက် တွန့်လိုက်ပါတယ်။ လူထု ပရိတ်သတ်ကြီးဆီက လက်ခုပ်ဩဘာသံတွေ ဆိုတာ တော်တော်နဲ့ မစဲတော့ပါဘူး။ သူဆိုတာ တခြားသူမှ မဟုတ်ဘဲ။ လုထုချစ်တဲ့၊ ပရိသတ်က လေးစားတဲ့ မင်းသားကြီး ဦးမြတ်လေးပါပဲ။ ကျွန်တော်တို့ အားလုံး ဦးမြတ်လေးရဲ့ ဟောပြောမှု ရေအလျဉ်ထဲမှာ တသိမ့်သိမ့် စီးမျောပါသွားကြပါပြီ။
          ဦးမြတ်လေး။ ဆရာမြတ်လေး။ ရုပ်ရှင်မှာ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး။ နိုင်ငံရေးမှာ ထွန်းဝေ၊ မြတ်လေး။ တက္ကသိုလ်မှာ စန္ဒရား ချစ်ဆွေ၊ မြတ်လေး။ ဒီအစဉ်အလာတွေကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ် တုန်းက ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ကြိုးပမ်းမှုထဲမှာ ဆရာမြတ်လေး ရေးခဲ့တဲ့ “စစ်ကိုမလိုပါ၊ ငြိမ်းချမ်းရေးသာ ပေးကြပါ။ စစ်ဆိုသည်မှာ အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ” ဆိုတဲ့ သီချင်းသံကို ပြန်ကြားလာရပါတယ်။
          ၁၉၆ဝ အောက်တိုဘာလမှာ ဗကသများအဖွဲချုပ်ရဲ့ ဆဋ္ဌမအကြိမ်မြောက် ညီလာခံကို ကျင်းပပါတယ်။ ဗကသ ဥက္ကဋ္ဌက ကိုခင်မောင်အုန်း။ (အခုကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာ မိုးဟိန်းကိုပါ) အဲဒီညီလာခံမှာ “အောင်ပွဲ အဆက်ဆက်ခံဦးမည်” ဆိုတဲ့ ဗကသများအဖွဲချုပ် သီချင်းကို အတည်ပြု ပြဌာန်းလိုက်ကြပါတယ်။ ဒီသီချင်းကို ရေးစပ် သီကုံးသူကတော့ ဆရာမြတ်လေးပါပဲ။ ဆရာစန္ဒရားချစ်ဆွေနဲ့အတူ ပူးတွဲပြီး ကေသီပန်တီးဝိုင်းနဲ့ အသံသွင်းပေးခဲ့တဲ့ သီချင်းပါ။
          ဒါဟာ မြတ်လေးပါပဲ။ ကျောင်းသားတွေရဲ့ မြတ်လေး၊ ခွပ်ဒေါင်းတွေရဲ့မြတ်လေး၊ ပြည်သူတွေရဲ့ မြတ်လေးပါပဲ။ အခု ကျောင်းသားတွေရဲ့ မြတ်လေးဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး မှာ ပြည်သူတွေနဲ့အတူ ခွပ်ခေါင်းအလံတော်အောက်မှာ ချီတက်နေပါပြီ။ ဒီမိုကရေစီ ဟောပြောပွဲ စင်မြင့်ပေါ်မှာ ရဲရဲတောက် ဟောပြောနေပါတယ်။
          အဲဒီနေ့က ၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ နေရောင်ပြည့်ပြည့် မရပေမဲ့၊ ပွဲဖျက်မယ့် ပဉ္စမံမိုးတွေကတော့ တစ်စက်မှ မရွာခဲ့ပါဘူး။
          မြန်မာနိုင်ငံ ကဗျာဆရာများ အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ။
 မိုးမခမှတဆင့်



(ပန်းချီ အောင်လတ်)
နိုင်ငံတကာ သမိုင်းဖြစ်ရပ်တွေနဲ့ ဆက်စပ် ပတ်သက်နေတဲ့ ဥပဒေ ဆိုင်ရာ စကားတစ်ခွန်း ရှိပါတယ်။ အဲဒီစကားကတော့ “ခေတ်တစ်ခေတ်မှာ အဲဒီခေတ်နဲ့ ကိုက်ညီတဲ့ ရာဇဝတ်ကောင်ဆိုတာ အမြဲရှိတယ်” ဆိုတဲ့ စကားပါပဲ။

          ကျွန်တော်တို့နိုင်ငံမှာတော့ ၁၉၅၈၊ ၁၉၆၂ စစ်အာဏာသိမ်းမှုတွေကနေ ပေါက်ဖွားလာတဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ သူ့ရဲ့ တော်လှန်ရေးကောင်စီအစိုးရ၊ နောက်တော့ ဗိုလ်ချုပ်ကြီးနေဝင်း တဖြစ်လဲ သမ္မတ ဦးနေဝင်း နဲ့ သူ့ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ။
          ခေတ်သမိုင်းရဲ့ ရာဇဝတ်ကောင် ဆိုတာ ရှိသလို အဲဒီရာဇဝတ်ကောင်ကို တော်လှန် ဆန့်ကျင်တဲ့ ပုန်ကန်ခြားနားတဲ့ လူထုလူတန်းစား အင်အားစု အသီးသီးလည်း အမြဲ ရှိခဲ့တာပါပဲ။ မြန်မာပြည်က သမိုင်းရာဇဝတ်ကောင်ဟာ စစ်ရာဇဝတ်ကောင် ဖြစ်ပါတယ်။ စစ်အာဏာရှင်ဖြစ်ပါတယ်။ အဲဒီ စစ်ရာဇဝတ်ကောင်၊ စစ်အာဏာရှင်ကို ဆန့်ကျင် ပုန်ကန်ကြတဲ့သူတွေထဲမှာ ကျောင်းသားတွေဟာ တပ်ဦးက ပါဝင်ခဲ့တယ်။ အလုပ်သမား၊ လယ်သမား အခြေခံ နိုင်ငံရေးပါတီတွေ ပါဝင်ခဲ့တယ်။ ခေတ်ပညာတတ်တွေ၊ ပညာရှင်တွေ ပါဝင်ခဲ့တယ်။ ရဟန်းသံဃာတော်တွေ ပါဝင်ခဲ့တယ်။
          ဒါ့အပြင်လည်း ထူးခြားချက်အနေနဲ့ မြန်မာပြည် စစ်ရာဇဝတ်ကောင်၊ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ စစ်တပ်အတွင်းကလည်း လူထုသူရဲကောင်းတွေ ထွက်ပေါ်လာတယ်ဆိုတဲ့ အချက်ပါပဲ။ အင်းစိန်အကျဉ်းထောင်ထဲမှာ ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်၊ စစ်ထောက်လှမ်းရေးတွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့် ရေကြည်အိုင်မှာ ကွယ်လွန်ခဲ့ရတဲ့ ဗိုလ်ကြီးမြင့်ထူး၊ မော်လမြိုင်အကျဉ်းထောင်မှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်ကြီး ဝင်းဘို စတဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး စစ်ကျွန်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ တပ်မတော်သားကောင်းတွေ ရှိခဲ့ပါတယ်။
          အဲဒီလို သမိုင်းခေတ်ရဲ့ စစ်ရာဇဝတ်ကောင်ကို ဆန့်ကျင်ခဲ့ကြတဲ့ အထဲမယ် စာရေးဆရာတွေ၊ သတင်းစာဆရာတွေရဲ့ အခန်းကဏ္ဍဟာလည်း ကြီးကျယ် ထင်ရှားတဲ့ အပိုင်းက ပါဝင်ခဲ့ပါတယ်။ ဒါဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း လျှောက်လှမ်းခဲ့တဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေး လမ်းစဉ်အတိုင်းပါပဲ။
          တိုးတက်တဲ့၊ တော်လှန်တဲ့ သမိုင်းအစဉ်အလာကို ဆက်ခံတဲ့ စာပေအင်အားစုတွေကို အိမ်စောင့်အစိုးရ လက်ထက်မှာရော မဆလအစိုးရ လက်ထက်မှာပါ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆ဝ နဲ့ ၁၉၇ဝ ဟိုး ဝေးလံတဲ့ ကိုကိုးကျွန်းတွေဆီကို အကြိမ်ကြိမ် ပို့ခဲ့ပါတယ်။
          အင်းစိန်အကျဉ်းထောင်နဲ့ အခြားနာမည်ကြီး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ခဲ့ပါတယ်။ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်၊ လေးထီးဦးအုန်းမောင် တို့ဟာ ကိုကိုးကျွန်းပြန် စာရေးဆရာတွေပါပဲ။
          လူထုဦးလှ၊ လူထု ဒေါ်အမာ၊ ဒဂုန်တာရာ တို့ဟာ ထောင်ထွက် စာရေးဆရာတွေပါပဲ။
          ဒီလိုနဲ့ စစ်အာဏာရှင်ခေတ် တစ်လျှောက်လုံးမှာ တိုးတက် တော်လှန်တဲ့ စာပေအင်အားစုတွေဟာ စစ်အစိုးရက မျက်မုန်းကျိုးတဲ့၊ စစ်အစိုးရက မနှစ်မြို့တဲ့၊ အစိုးရ စစ်ထောက်လှမ်းရေးတွေက အမြဲ စောင့်ကြည့်နေတဲ့ အတိုက်အခံ အင်အားစုတစ်ခုလို ဖြစ်လာပါတယ်။
          ဒါကြောင့် မဆလ စစ်အစိုးရက စာရေးဆရာ၊ သတင်းစာဆရာတွေကြားကို ဝင်ရောက် သွေးခွဲဖို့ ကြိုးစားပါတယ်။ စစ်အစိုးရက ဦးဆောင်ပြီး စာပေလုပ်သားအဖွဲ့ ဆိုတာ ဖွဲ့ပါတယ်။ အတွေးအခေါ်၊ အယူအဆ မခိုင်မာတဲ့၊ ကိုယ်ကျိုးစီးပွား မျှော်မှန်းတဲ့ စာပေသမားတချို့က စစ်အစိုးရနဲ့ ပူးပေါင်းသွားပြီး အဲဒီ စာပေလုပ်သားအဖွဲ့ထဲ ဝင်ခဲ့ကြပါတယ်။
          တချို့လည်း စစ်အစိုးရက အတင်းအဓမ္မ သေနတ်ထောက်ပြီး မဝင်မနေရလို့ မဝင်ချင်ဘဲနဲ့ ဝင်ခဲ့ရတဲ့ စာပေသမားတွေလည်း ရှိခဲ့ပါတယ်။
          မဆလ တစ်ခေတ်ဟာ နိုင်ငံရေး အကင်းမပါးတဲ့ စာပေ အနုပညာသမားတွေ အဖို့၊ တစ်နည်း စစ်အစိုးရရဲ့ ပရိယာယ်ကို နားမလည်တဲ့အတွက် မဆလစစ်အုပ်စုရဲ့ အသုံးချခံတွေ၊ မဆလအစိုးရရဲ့ ပထွေးအားကိုး ပုဆိန်ရိုးတွေ ဖြစ်သွားခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေလည်း ရှိခဲ့တာပါပဲ။
          ဘာပဲဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖြုတ်ချရမယ် ဆိုတဲ့ အတွေးအခေါ်ရှိတဲ့ စာပေအင်အားစုဝင်တွေဟာ အရေးတော်ပုံပေါ်ပြီ ဆိုတာနဲ့ တိုက်ပွဲအလံကို မြင့်မြင့်မားမား လွှင့်ထူခဲ့ကြတာပဲ မဟုတ်လား။
          မြန်မာပြည်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါ ကျောင်းသားတွေရဲ့ နောက်မှာ အခြား လူထုလူတန်းစား အသီးသီးနဲ့ အတူပဲ မြန်မာနိုင်ငံက စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ၊ ဓာတ်ပုံဆရာတွေဟာ အင်နဲ့ အားနဲ့ တက်တက် ကြွကြွ ပါဝင်ခဲ့ကြတာပဲ မဟုတ်လား။
          ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲ အလယ်လောက်မှာ ရှေ့နေကြီး သခင်ချစ် ဦးစီးတဲ့ ဆရာမောင်ကိုယု၊ ခေါ်မြင်မြင့်ခင်တို့ ရှေ့နေများကောင်စီက လက်မှတ်တွေရေးထိုးပြီး မဆလ စစ်တပ်ရဲ့ လူမဆန်တဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ရပ်ဆိုင်းပစ်ဖို့ နိုင်ငံတော်ကောင်စီကို စာတင်ပါတယ်။
          ကျွန်တော်တို့ စာပေအင်အားစုကလည်း အဲဒီလို စာတင်ဖို့ ရန်ကုန်မြို့လုံး ပတ်ပြီး စာရေးဆရာ ကြီးငယ်တွေ ဆီမှာ လက်မှတ်လိုက်ထိုးကြပါတယ်။
          မြန်မာစာပေလောကရဲ့ အကြီးအမှူးတွေ ဖြစ်ကြတဲ့ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့က အရင်ဦးဆုံး လက်မှတ်ထိုးခဲ့ကြပါတယ်။ ဆရာ ဦးခင်မောင်လတ်နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံကလည်း ချက်ချင်း လက်မှတ်ထိုးခဲ့တယ်။ မန္တလေးက ဆရာမကြီး အမေလူထုဒေါ်အမာကလည်း တယ်လီဖုန်းနဲ့ လှမ်းပြီး လက်မှတ်ထိုးပါတယ်။
          အဲဒီအချိန်မှာ ဆရာဇော်ဂျီက အသက် (၈၁)နှစ်၊ ဆရာမင်းသုဝဏ်က (၇၉)နှစ် ရှိနေကြပါပြီ။ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ သုံးဦးက (၇၃)နှစ်ထဲမှာပါ။
          အဲဒီလို သက်ကြီးရွယ်အို စာရေးဆရာတွေဟာ ငယ်ရွယ်နုပျိုတဲ့ မျိုးဆက်သစ် စာပေသမားတွေနဲ့ အတူ ရင်ပေါင်တန်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လက်မှတ်တွေ မကြောက်မရွံ့ ထိုးခဲ့ကြတာပါပဲ။ ဆရာမောင်သော်ကတို့၊ ဆရာဦးဝင်းတင်တို့ စာနယ်ဇင်းသမဂ္ဂ ဖွဲ့တဲ့ အခါမှာလည်း ဒီဆရာသမားကြီးတွေက နယကတွေအဖြစ်နဲ့ ရဲရဲ ရင့်ရင့် ရပ်တည်ပေးခဲ့ကြတာပဲ မဟုတ်လား။
          အခု ဒီဆရာကြီး၊ ဆရာမကြီးတွေ မရှိကြတော့ပါဘူး။ ဆရာဇော်ဂျီက ၁၉၉ဝ ပြည့်နှစ်မှာ (၈၃)နှစ်နဲ့ ကွယ်လွန်ခဲ့သလို ဦးခင်မောင်လတ်က ၁၉၉၆ အသက် (၈၁) နှစ်မှာ၊ ခေါ်ခင်မျိုးချစ်က ၁၉၉၉ အသက် (၈၄)နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ကြပါတယ်။ ဆရာမင်းသုဝဏ်က ၂ဝဝ၄ ခုနှစ် အသက် (၉၅)နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပြီး အမေလူထု ဒေါ်အမာ ကတော့ ၂ဝဝ၈ခုနှစ် အသက်(၉၃)နှစ်မှာ ကွယ်လွန်ခဲ့တာပါ။
          ဒီဆရာကြီး၊ သမားကြီးတွေဟာ သူတို့ အသက်ရှင်သရွေ့ ဘဝတစ်လျှောက်လုံးမှာ တိုင်းပြည်နဲ့ လူမျိုး အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ပြီး ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော် အနာဂတ်ကို မမှိတ်မသုန် ယုံကြည် မျှော်မှန်းခဲ့ကြတဲ့ တိုင်းပြုပြည်ပြု စာဆိုတွေ ဖြစ်ကြပါတယ်။ အခု ဒီကျောက်အုတ်တို့ ပြိုခဲ့ပါပြီ။
          ကျောက်အုတ်တို့ ပြိုလေရာ နောက်ထပ်ကျောက်အုတ် အသစ်တွေနဲ့ အစားထိုးနိုင်ဖို့ ကျွန်တော်တို့ စာပေမျိုးဆက်သစ်တွေက မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားကြရမယ်လို့ ကျွန်တော် ယုံကြည်မျှော်လင့်ပါတယ်။
          ဓာသွားထက် ကလောင်သွား ထက်ပါတယ်။
          ကျွန်တော်တို့ လက်ချင်းမြဲမြဲ ဆုပ်ကြပါစို့။ ။
အောင်ဝေး – ၈၊ ၈၊ ၂ဝဝ၉
 မိုးမခမှတဆင့်