Category: အတိတ်ကိုတူးဆွခြင်း


မိုက်ကယ် ဂရေးဗားစ် Saturday, June 05, 2010

thuzana

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို လက်မခံရန် ဆုံးဖြတ်လိုက်ခြင်းသည် ကရင်ပြည်နယ်  ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြသည့် ကြည်ညိုဖွယ် ရဟန်းတော်တပါး၏ စွမ်းဆောင်ချက်ဟု အသိအမှတ် ပြုထားကြသည်။

DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ (ခေါ်) ဗိုလ်ချစ်သူက အခန်း ၄၀ ပါ ခေတ်မီ အိမ်သစ်တက်ပွဲ အခမ်းအနား ကို မကြာသေးမီက မြ၀တီမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဗိုလ်ချစ်သူသည် မြ၀တီမြို့တွင် နေထိုင် ကာ အကျိုးအမြတ်များစွာရရှိသော နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ထားသူဖြစ်သည်။ မြန်မာစစ်တပ်နှင့် အလွန် နီးစပ်ပြီး ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ကို စစ်အစိုးရက တိုက်ခိုက်သည့် အချိန်တိုင်းတွင် လည်း DKBA က အစိုးရတပ်များကိုယ်စား တိုက်ပေးလေ့ရှိသည်။ Continue reading

(Photo-Wiki Myanmar)
အောင်သန်းသည် မေ့လျော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ခြင်းကို ခံနေရ၏။ သို့ရာတွင် သူ့အား လိုက်လံရှာဖွေ ကြမည့် မိဘတို့သည်မရှိ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးညာတိကာတို့သည်လည်းမရှိ။ သူ့ကို မေ့လျော့ထားကြသည့်အတွက် အောင်သန်းသည် များစွာအရေးထားလှပုံမရ။ စွန့်ပစ်ထားခြင်း ကို ခံရသည့်အတွက်လည်း သူသည် ဝမ်းနည်းမိဟန်မတူ။ သူသည် ရဲရင့်သော လူသား တယောက်ပီပီ သူ့အား မေ့လျော့စွန့်ပစ်ထားကြသော လူ့ဘောင်ကြီးအတွင်း၌ သူ၏ စွမ်းပကား ဖြင့် အသက်တချောင်းကို မွေးမြူနေထိုင်လျက်ရှိသည်။ အောင်သန်းသည် ကျေးလက်၏ ရလဒ်ဖြစ်သော်လည်း နေပြည်တော်၌ စွဲမြဲနေထိုင် လျက်ရှိသည်။ ကျေးလက်၏ သားသမီးပီပီ အောင်သန်းသည် စိမ်းလန်းသော လယ်ကွင်းများ သို့ အဘယ်ကြောင့် ပြန်၍ မနေထိုင်ရသနည်း။ ပြွေသံနှင့် နွားခလောက်သံများကို သူသည် မလွမ်းဆွတ်လေသလော။ မှိုနတိုနှင့် ချဉ်ပေါင်ရေတည်တို့ကိုလည်း သူသည် မေ့လျော့လေပြီ လော။ အဘယ်ကြောင့် သူ့အား လူရာမသွင်းသော နေပြည်တော်၌ ပျော်ပိုက်၍ နေရသနည်း။ သူသည် အခလွတ် ပညာသင်ကြားခွင့် ရသည်ဆိုသော တက္ကသိုလ်ပညာရေးကို တပ်မက်နေ သလား။ သို့မဟုတ် ကမ္ဘာအေးစေတီကို ဖူးမြှော်ရင်း ပြည်တော်သာစီမံကိန်း၏ တိုက်တလုံး၊ ကားတစီးနှင့် လစာရှစ်ရာတထောင်တို့ကို စောင့်စားနေသလား။ ပုထုဇနော ဥမ္မတကောဟု ဘုရားရှင် ဟောကြားထားသော်လည်း အောင်သန်းသည် မိုက်မဲ လောက်အောင်ကား မရူးပါ။


အောင်သန်းသည် လယ်ကွင်းပြင်များ၌ မွေးဖွားလာခဲ့ရသော လယ်သမား သားသမီးပီပီ နွားကျောင်းရင်း ပြွေကြူလို၏။ သူသည်ကွင်းပြင်၌ တိုက်ခတ်သောလေကို ရှူရှိုက်လို၏။ သို့ရာတွင် ကျေးလက်၌ ယနေ့တိုင် မိုးကောင်းလျက်ရှိသော မြေရှင်က သူ့အား ကျောတရာ၊ ရင်တရာ ရိုက်ခတ်၍ လယ်ကွင်းများထဲမှ နှင်ထုတ်လိုက်သည်။ သူအဘိုး၏ လယ်ကိုသိမ်း ယူ၍ သူ့အဘကိုလည်း လယ်ထဲမှ ကန်ထုတ်လိုက်သောအခါ အောင်သန်းသည် ပြေးမိပြေးရာ သို့ပြေးရင်း နေပြည်တော်သို့ ရောက်လာခြင်းဖြစ်၏။
အောင်သန်းသည် ဤကဲ့သို့ အမွေမဲ့သားတယောက် ဖြစ်လာခဲ့ရသည်။ သူ့တွင် အတတ်ပညာလည်း မရှိပေ။ သူသည် လူလားမမြောက်ရမီပင် သူ၏ ဝမ်းတထွာကို ရသောနည်းနှင့် ကျောင်းခဲ့ရသည်။ သူ၏ အသက်ရှင်နေနိုင်ရေး တိုက်ပွဲသည် ကြပ်တည်းလှ၏။ မနိုင်သောဝန်ကိုလည်း ထမ်းခဲ့ရ၍ မရောက်နိုင်သောခရီးကိုလည်း သွားခဲ့ရ၏။ ဘဝ၏ ထန်ပြင်းသောမုန်တိုင်းအကြားဝယ် သူသည် လွင့်ချင်ရာလွင့် နေခဲ့ရ၏။ ငတ်မွတ်ရခြင်းသည် သူ၏ ညီအစ်ကိုဖြစ်၍၊ နာကျင်ရခြင်းများသည် သူ့နောက်သို့ တကောက်ကောက် လိုက်ပါ နေကြသော အရိပ်များဖြစ်ကြသည်။
သို့ရာတွင် အောင်သန်း၌ လေးမြတ်စရာကောင်းသော သတ္တိတခုရှိသည်။ သူသည် အတိတ်ကို လုံးဝ မြှုပ်နှံထားနိုင်ခြင်းပင် ဖြစ်၏။ သူသည် ပစ္စုပ္ပန်၌သာ နေထိုင်လျက်၊ အနာဂတ် ကိုလည်း အိပ်မက် မက်ခြင်း ရှိပုံမရ။ သူသည် နံနက်စာကို တွေ့ရသောအခါ စား၏။ သို့ရာတွင် ညစာအတွက် သူသည် မစဉ်းစား၊ တွေ့လျှင်လည်း စားမည်။ မတွေ့လျှင်လည်း မစားဘဲနေ လိုက်မည်။ မခံမရပ် နိုင်လောက်အောင် ဆာလောင်လာသောအခါ သူသည် တော၏ဥပဒေ အတိုင်း ရှာဖွေ၍ စားသောက်တတ်သည်။ သည်အတွက်နှင့် သူ့ကို ဝိုင်းဝန်းဖမ်းဆီး၍ တရားရုံး များသို့ ပို့ကြ၏။ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံသော တရားမင်းများက နေပြည်တော် အရပ်၌ တောဥပဒေကို လိုက်နာသော အောင်သန်းအား အပြစ်ပေးကြ၏။
ရန်ကုန်ထောင်အတွင်းသို့ အောင်သန်းသည် အကြိမ်ကြိမ်ရောက်ခဲ့ပြီးပေပြီ။ သူသည် ကလေးအရွယ်၌ ကလေးထောင်တွင် နေထိုင်ကြီးပြင်းခဲ့ရ ပြီးလျှင် ယခု အသက် (၄ဝ) နီးသော အရွယ်၌ကား ဗမာနိုင်ငံ အကျဉ်းထာင် အနှံ့အပြား၌ လှည့်လည်နေထိုင်ခဲ့ပြီးလေပြီ။ ဤအတိုင်း သွားနေလျှင် သူသည် ထောင်ထဲ၌ အရိုးထုတ်ရလိမ့်မည်ဟု ခန့်မှန်းရသည်။
၁၉၅၂ – ခုနှစ်အတွင်းက နိုင်ငံတော်အစိုးရ၏ ကျေးဇူးကြောင့် အထက်ပါ အောင်သန်း ကို သွေးများ စွန်းထင်းနေသော ရန်ကုန်ထောင်ကြီး အတွင်း၌ ကျွန်တော်သည် တွေ့ဆုံခဲ့ရ လေပေသည်။

(၂)

ကျီးကန်းနှင့်စာငှက်များကို အရှင်ရအောင် ဖမ်းနိုင်သည်ဆိုသော ထူးခြားသည့် အရည်အချင်းကြောင့် အောင်သန်းကို ကျွန်တော်သည် စတင်၍ စိတ်ဝင်စားမိ၏။ ထို့ထက်လွဲ၍ အောင်သန်းအကြောင်းကို ဘာမျှတော့မသိသေး။ ကျီးကန်းနှင့် စာငှက်များကို အရှင်ရအောင် ဖမ်းဆီးနိုင်သော လူတယောက်ထက်လွဲ၍ သူ၏ နာကျင်ရှည်လျားလှသော ငိုချင်းရှည်ကြီးကို ဘာမျှမသိရှိသေးမီ အောင်သန်းကို ကျွန်တော် စတင်တွေ့ရှိရသည်။
ပိန်ချည့်သေးကွေးသော လူတယောက်သည် အရောင်အဆင်းမရှိသော ပုဆိုးစုတ်ကို လည်တွင် ဂွင်းသိုင်းလျက်၊ တုတ်တချောင်းကို ဝှေ့ရမ်းကိုင်ဆောင်ကာ ငါးအဆောင်သို့ဝင်၍ လာသဖြင့် တံခါးဝ၌ တာဝန်ရှိသော အကြပ်က ထုံးစံအတိုင်း ဟန့်တားပိတ်ပင်သည်။
“ဟေ့ ဝါဒါ၊ မင်း ဖွင့်ပေးမလား၊ မပေးဘူးလား”
အကြပ်က အောင်သန်းအား တံခါးဖွင့်မပေးဘဲ နှင်ထုတ်၏။
အောင်သန်းသည် အကြပ်ကို နောက်ထပ် ဘာမျှပြောဆိုခြင်း မပြုတော့ဘဲ သံတိုင်ကို ကျော်တက်၍ ငါးအဆောင်တွင်းသို့ ဝင်သွား၏။ မိန်းဂျေးမှ စီအိုင်ဒီများသည် အောင်သန်းကို ဘာမျှမပြောဆိုနိုင်ဘဲ လက်ပိုက်၍ ကြည့်နေကြရ၏။
“အဲဒါပေါ့ဗျ၊ အောင်သန်းဆိုတာ” ဟု မိတ်ဆွေတယောက်က ကျွန်တော့်အား လှမ်း၍ ပြောပြ၏။
ချုပ်ချယ်မှုအား တော်လှန်တတ်သော အောင်သန်းကို ကျွန်တော်သည် ဤသို့စတင် တွေ့ရှိကာ သူ့အား သဘောကျမိသည်။ ချုပ်ချယ်ခြင်းခံနေရသည့်အကြား၌ ထပ်မံချုပ်ချယ် ခြင်းကို ပုန်ကန်ဝံ့သော အောင်သန်း၏ ပင်ကိုယ်သတ္တိကို ကျွန်တော်သည် လေးစားသလို ဖြစ်မိ၏။ သူ့ကို ရင်းရင်းနှီးနှီး သိကျွမ်းလိုသော စိတ်များလည်း ပေါ်ပေါက်လာသည်။
“ဟေ့……. အောင်သန်း၊ မင်းဘယ်သွားမလို့လဲ” ကျွန်တော်က စတင်၍ သူ့အား နှုတ်ဆက်ကာ တားလိုက်သည်။
“ခင်ဗျား ဘယ်သူလဲ” ဟု အောင်သန်းက ကျွန်တော့်ကို အကဲခတ်သလို ပြန်၍မေးလာ ၏။
“ငါလဲ မင်းလို ထောင်ထဲရောက်နေတဲ့ လူတယောက်ပါပဲကွာ”
“ခင်ဗျား ဘီကလပ်ကလား”
“အေး”
“ဒါဖြင့် ဆေးလိပ်တလိပ်လောက်ပေးစမ်းပါ”
သူ၏ ပွင့်လင်းခြင်းကို သဘောကျမိသည်။ ထို့ကြောင့် သူ့အား ကျွန်တော့် အခန်းတွင်း သို့ ခေါ်လာခဲ့ပြီးလျှင် လက်ဖက်ရည်ဖျော်၍ တိုက်ရင်း သူ့ကို လေ့လာကြည်ရှုမိသည်။ အောင်သန်းသည် လုံလောက်သော အာဟာရနှင့် ဆေးဝါးများကို မမှီဝဲခဲ့ရသဖြင့် အသက် အရွယ်နှင့် မလိုက်အောင် သေးကွေး ပိန်ချည့်နေသည်။ လူစဉ်မမီနိုင်အောင် ညှိုးနွမ်းနေသည်။
“ဒါထက်……. မင်းကျီးကန်းနဲ့ စာကလေးတွေကို အရှင်ရအောင် ဖမ်းတတ်တယ်ဆို” ဟု ကျွန်တော် က မေးကြည့်သည်။
“ကျီးကန်းတကောင် လိုချင်ရင် ဆေးလိပ်ငါးလိပ်နဲ့ရမယ်” ဟု အောင်သန်းက သူ၏ ပေါက်ဈေးကို တောင်းလာ၏။
“စာကလေးတကောင်ကကောကွ”
“ငါးလိပ်ပဲ”
“တူတူပဲ လားကွ”
“ဖမ်းရတာ တူတူပဲ”
ညီမျှသော လုပ်အားအတွက် ညီမျှသော တန်ဖိုးကို အောင်သန်းက တောင်းဆို၏။
လက်ဖက်ရည် သောက်ပြီးသွားသောအခါ ကျွန်တော်သည် အောင်သန်းအား ဆေးလိပ် ဆယ်လိပ်ခန့် ပေးလိုက်သည်။ သူသည် ဆေးလိပ်များရသဖြင့် ဝမ်းသာအားရ ထွက်သွားသည်။
နောက်ထပ်၍ သုံးရက်မျှ အောင်သန်းနှင့် မတွေ့ရပေ။
သုံးရက်ခန့် အကြာတွင် အောင်သန်းသည် ကျွန်တော့်ဆီသို့ လာ၏။ သူနှင့်အတူ စာကလေး အရှင် နှစ်ကောင်ကိုလည်း ကျွန်တော့်အတွက် ယူလာခဲ့ပေသည်။

(၃)

အောင်သန်းနှင့် အကျဉ်းထောင်ထဲတွင် တစထက်တစ ရင်းနှီးကျွမ်းဝင်လာပြီးနောက် အောင်သန်းကို နီးနီးကပ်ကပ် လေ့လာနိုင်ရန်အတွက် ကျွန်တော့်အနီးသို့ ခေါ်ထားခဲ့သည်။ ထိုသို့ အောင်သန်းကို ကျွန်တော်က အနီးသို့ ခေါ် ထားသည့်အတွက် ထောင်အာဏာပိုင်များက ကျေးဇူးတင်ကြသည်။ ဝမ်းသာကြသည်။ အဘယ်ကြောင့်ဆိုသော် အောင်သန်းကို သူတို့ အုပ်ချုပ်ထိန်းသိမ်း၍ မရကြသည့်အတွက် ဖြစ်သည်။
အောင်သန်းသည် အကျဉ်းထောင်အတွင်း၌ ဖိနှိပ်ချုပ်ချယ်ခြင်းကို အမြဲတစေ တော်လှန်တိုက်ခိုက်ဝံ့သော သတ္တိရှိလေသည်။ သူ့ကို အပြစ်ဒဏ်ပေးသောအနေနှင့် အလုပ် လုပ်ခိုင်း၍ မရ။ အာဏာပိုင်တို့က သူ့အားခိုင်းစေလျှင် “မလုပ်ဘူးကွ” ဟု တင်းတင်းမာမာ ပြန်၍ပြော၏။ အချို့သော အကြပ်များက အောင်သန်းအား ပါးစပ်ဖြင့် ပြောဆို၍မရသဖြင့် တုတ်ဖြင့်ချောက်လှန့်ရန် ကြိုးစား၏။ ထိုအခါ အောင်သန်းသည် အုတ်ခဲတလုံးကို ကောက်၍ ကိုင်တတ်၏။
အောင်သန်းကို ထောင်ထဲ၌ ထောင်ချကြည့်၏။ တိုက်ပိတ်သည်ဟူ၍ ခေါ်၏။ ထိုကာလ၌ အောင်သန်းသည် ထောင်မင်းကြီးမှစ၍ အကြပ်အထိ ကော်၍ ဆဲရေး၏။ အော်ဟစ်ဆဲရေးပြီးသောအခါ သူ့အား ဤသို့ ချုပ်ချယ်ခြင်းကို အပြင်းထန်ဆုံးသော လက်နက်ဖြင့် ပြန်လည်၍ တိုက်ခိုက်၏။ ထိုလက်နက်မှာ အခြားမဟုတ်၊ အစာငတ်ခံခြင်းပင် ဖြစ်၏။ ဤတိုက်ပွဲကို အောင်နိုင်သည်အထိ အောင်သန်းသည် ရွပ်ရွပ်ချွံချွံဆင်နွှဲ၏။ နောက်ဆုံး၌ ထောင်အာဏာပိုင်တို့သည် အောင်သန်းကို အရှုံးပေး၍ လွှတ်လိုက်ရသည်။
တိုက်ထဲမှ လွတ်မြောက်လာပြီးနောက် အောင်သန်းသည် ရန်ကုန်ထောင်ကြီးအတွင်း၌ သွားချင်ရာ သွား၍ လာချင်ရာလာ၏။ လုပ်ချင်ရာလုပ်၍ စားချင်ရာ လျှောက်စား၏။ သူ့ကို ဘယ်အကြပ်တို့ကမှ ဘာမျှ မပြောနိုင်ကြတော့။ သက်ဆိုင်ရာထောင်မှူးများကလည်း သူ့ကို လက်မြေ‡ာက်ထားကြ၏။ သူသည် ဖိနှိပ်ချုပ်ချယ်ခြင်းအား သူရသတ္တိရှိစွာဖြင့် အဆုံးတိုင် တိုက်ခိုက်အောင်နိုင်ခဲ့သော ရန်ကုန်ထောင်တွင်း သူရဲကောင်းကြီးမဟုတ်လော။
ရန်ကုန်ထောင်ကြီးအတွင်း၌ စွန်လွှတ်ခြင်းကို ပိတ်ပင်ထား၏။ အောင်သန်းသည် ပြတ်လွင့်လာသော စွန်များကို လိုက်လံဖမ်းဆီး၍ ကြိုးတိုက်ပေါ်သို့ တက်ကာ စွန်လွှတ်၏။ ဘယ်သူက ဘာပြောနိုင်သနည်း။
ထောင်ပိုင်သည် နံနက်ခင်းအချိန်တွင် ထောင်အတွင်းသို့ လှည့်လည်ကြည့် ရှုလေ့ရှိ၏။ ထိုအချိန်၌ အဆောင်တံခါးများ ပိတ်ထားတတ်၏။ အဝင်အထွက် မရှိရ။ လမ်းပေါ်၌လည်း ဘယ်သူမှ ရပ်မနေရ။ သို့ရာတွင် အောင်သန်းသည် ပုဆိုးကို လည်ပင်းကွင်းသိုင်း၍ တုတ်တ ချောင်းကိုင်ကာ ထောင်ပိုင့်လမ်းတွင် ကန့်လန့်လုပ်နေတတ်၏။
“မင်း မလွတ်သေးဘူးလား အောင်သန်း” ဟု ထောင်ပိုင်ကပင် သူ့ကို နှုတ်ဆက်မေးမြန်း ရ၏။
“မလွတ်သေးဘူး၊ ဦးဘသိန်း ဘယ်တော့လာဦးမလဲ” ဟု သူက ပြန်၍မေး၏။ ဦးဘသိန်းသည် အကျဉ်းထောင်မင်းကြီးဖြစ်၏။ အောင်သန်း ကလေးထောင်၌ စတင်နေထိုင် ရစဉ်က ဦးဘသိန်းသည် ကလေးထောင်တွင် ထောင်မှူးဖြစ်သည်။ သို့ရာတွင် ယခုအခါဝယ် ဦးဘသိန်းသည် ထောင်မင်းကြီးပင်ဖြစ်ခဲ့လေပြီ။ အောင်သန်းကား ထောင်ထဲတွင် နေထိုင် ရတုန်းပင်ဖြစ်သည်။
“လာတဲ့အခါ မင်းကိုခေါ်မယ်လေ ဟုတ်လား”
“အင်း”
“ထောင်ထဲမှာ ကောင်းကောင်းနေနော် အောင်သန်း”
“အင်း”
ထောင်ပိုင်ကလည်း အောင်သန်းကို ချော့မော့ပြောဆိုရသည်။ အဘယ်ကြောင့်ဆိုသော် အောင်သန်းသည် ထောင်မင်းကြီး၏ မိတ်ဆွေလည်း ဖြစ်သောကြောင့်တည်း။

(၄)

အောင်သန်းအား ကျွန်တော်တို့ ထမင်းဝိုင်းတွင် ကျွေးမွေးကာ ကျွန်တော့်အနီးတွင် ခေါ်ထားသော ကာလအတွင်း ၎င်း၏လေးမြတ်ချစ်ခင်စရာကောင်းသော စိတ်နေသဘောထား ကလေးများကို တွေ့ရသည်။ အာဏာပိုင်များက အပြစ်ဒဏ်ထားသောအနေဖြင့် ခိုင်းစေသော အလုပ်ကိုသာ မလုပ်သော်လည်း သူပါ ဝင်ရောက်စားသောက်သော ထမင်းဝိုင်းအတွက် လိုအပ်သော ထင်းများကို မည်သူကမှ တိုက်တိုက်တွန်းတွန်း မပြောဆိုရဘဲ ထင်းဂိုဒေါင်သို့ သူ့ဘာသာ သူသွား၍ ထမ်းယူလာပေး၏။ နံနက်လင်း၍ အိပ်ဆောင်ဖွင့်လျှင် ဖွင့်ချင်း အိပ်ရာမှထကာ ထင်းသယ်ရန်သွား၏။ တရက်တလေမျှ မပျက်ကွက်ခဲ့။ ထင်းထမ်း၍ ပြန်ပို့ ပေးပြီးနောက်မှ သူလည်ချင်ရာသို့ လျှောက်၍ လည်နေတတ်သည်။ သူသည် လူ့ ကျင့်ဝတ်ကို လိုက်နာပြုလုပ်တတ်ပေသည်။
ရှိသေး၏။
အောင်သန်းသည် ယခင်က ညစ်ညစ်ပတ်ပတ်နှင့် ဖြစ်သလို နေလေ့ရှိခဲ့သည်။ ရေကို ချိုးချင်သည့်အခါမှ ချိုးလေ့ရှိ၏။ ကျွန်တော်နှင့် လာရောက် နေထိုင်သောအခါ သူ့အား သန့်သန့်ရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ်နေထိုင်ရန် အကျိုးသင့်အကြောင်းသင့် ပြောဆိုဆုံးမ ကြည့်သည်။ နောက်တနေ့မှစ၍ အောင်သန်းသည် တနေ့လျှင် ရေသုံးခါလောက်ချိုး၏။ မိုးတွင်းကြီး၌ပင် တနေ့လျှင် ရေသုံးခါ မှန်မှန်ချိုးနေသောကြောင့် “အောင်သန်းရာ မင်းရေချိုးတာ လျှော့ပါဦးကွာ” ဟု ကျွန်တော်ကပင် ပြန်၍ တောင်းပန်ယူရသည်။ အထူးတန်း အကျဉ်းသားများကဲ့သို့ အောင်သန်းသည် သပ်သပ်ရပ်ရပ် နေထိုင်ရန်အတွက် ကျွန်တော့်ထံမှ ဆပ်ပြာမွှေး၊ ပေါင်ဒါ၊ ခေါင်းလိမ်းဆီ စသည်တို့ကို နေ့တိုင်း တောင်းလာသဖြင့် “မင်းဟာက လျှော့ပါဦးကွာ” ဟု ကျွန်တော်က တောင်းပန်ရပြန်၏။
အောင်သန်းသည် လူတယောက်ပီပီ သပ်သပ်ရပ်ရပ်နှင့် သန့်သန့်ပြန့်ပြန့်ကလေး နေလိုရှာသည်။ သို့ရာတွင် ထိုကဲ့သို့နေထိုင်ရန်အတွက် သူသည် အခွင့်အရေးမရခဲ့ပေ။ ဝမ်းတထွာတိုက်ပွဲကို အလူးအလဲ တိုက်ခိုက်နေခဲ့ရဟန်တူသည်။ ထို့ကြောင့် သူသည် လူစင်စစ်က တိရစ္ဆန်တကောင်လို နေခဲ့ရရှာသည်။ အကယ်၍သာ သူ့အား မေတ္တာကရုဏာဖြင့် စိတ်ရှည်ရှည်ထား၍ ပြုပြင်လေ့ကျင့်ပေးနိုင်မည်ဆိုခဲ့လျှင် အောင်သန်းသည် လူ့ဘောင်ကြီး၏ စည်ပင်တိုးတက်ရာ တိုးတက်ကြောင်းအတွက် များစွာအဖိုးတန်သော လူတယောက် ဖြစ်လာ လိမ့်မည်ဟု ကျွန်တော်ယူဆမိသည်။
အောင်သန်းသည် လူအများ၏ အကျိုးကို ဆောင်ရွက်လိုသော သဘောလည်း ရှိသည်။ ညမိုးချုပ်၍ ထောင်ပိတ်သောအခါများတွင် အချို့သော သူများသည် ထောင်အပြင်ဘက်၌ လှန်းထားသော အဝတ်အစားများကို မေ့ထားတတ်ကြသည်။ အောင်သန်းသည် အိပ်ဆောင် ပိတ်သောအခါ ထိုမေ့ကျန်နေသော အဝတ်အစားများကို လျှောက်၍ သိမ်းဆည်းလာတတ်ပြီး လျှင် အဝတ်အစားရှင်များအား အော်ဟစ် မေးမြန်း၍ လိုက်လံပေးကမ်းတတ်သည်။
သူသည် ငတ်ပြတ်သောအခါ ထောင်၏ အပြင်ဘက်၌ ခိုးယူစားသောက်ခြင်း ပြုခဲ့သော်လည်း ထောင်ထဲ၌ကား ခိုးယူတတ်ခြင်းမပြု၊ သူလိုချင်သော ပစ္စည်းကို တောင်းရမ်းတတ်သည်။ ဘဝတူ အကျဉ်းသားများကို သူသည် ဘယ်တော့မျှ အနှောက် အယှက် မပေးတတ်။ အာဏာပိုင်များကို ကြမ်းကြမ်း တမ်းတမ်း ပြန်လည်၍ တိုက်ခိုက် တတ်သော အောင်သန်းသည် ဘဝတူအကျဉ်းသားများနှင့် ဆက်ဆံရာ၌ ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံတတ်သည်။ မည်သည့် အကျဉ်းသားကမဆို သူ့အား အကျိုးသင့်အကြောင်းသင့် ပြောဆိုဆုံးမလျှင် သူသည် ဣနြေ္ဒရရ နားထောင်တတ်သည်။
တခါတရံ အောင်သန်းအား ၎င်း၏ အတိတ်ဘဝအကြောင်းကို ကျွန်တော်သည် မေးမြန်းကြည့်သည်။ အောင်သန်းသည် ၎င်း၏ အတိတ်ဘဝအကြောင်းကို ပြန်၍ပြောပြချင်ပုံ မရ။ သူသည် အတိတ်ကို စိတ်နာကြည်းဟန်တူ၏။ ဘယ်လိုများခံခဲ့ရသော အတိတ်ဘဝမျိုး ဖြစ်လိမ့်မည် မသိ။ တော်တော်ခံခဲ့ရဟန် တူပေသည်။
စိတ်လက်ကြည်လင်ရွှင်ပျသောအခါ သူသည် ဟင်္သာတသား ဇာတိဖြစ်ကြောင်း ပြောပြတတ်၏။ ဟင်္သာတ တောဘက်တွင် သူငယ်စဉ်က နွားကျောင်းရင်း ပြွေကြူခဲ့သော အဖြစ်အပျက်များကိုလည်း ပြောပြ၏။ ထိုအခါ သူ၏စကားကို နင်း၍ ကျွန်တော်က သူ့အတိတ် အကြောင်းကို တူးဖော်နှိုက်ယူ၍ကြည့်မိ၏။
သူ့အဘိုးသည် ကိုယ်ပိုင်လယ်လုပ် ဖြစ်သော်လည်း သူ့အဘသည် လယ်အငှားလုပ်ခဲ့ ရသည်။ လယ်အငှားလုပ်သားဘဝမှ လယ်ကူလီဘဝသို့ လျှောကျသွားခဲ့ရသည်။ လယ်ကူလီ၏ သား အောင်သန်းသည် (၁၃) နှစ်သားခန့်တွင် သရက်မြို့ ကလေးထောင်သို့ ကျရောက်ခဲ့သည်။ ကလေးထောင်မှ လွတ်လာသောအခါ၊ သူသည် ထမင်းတလုပ် မှန်မှန်နှင့် ဝဝကလေးမှ မစားရ သော တောဘက်ရှိ လယ်ကူလီ မိဘများထံသို့ မပြန်တော့ဘဲ ပြည်မြို့မှ ရန်ကုန်မြို့သို့ မီးရထားခိုးစီးရင်း လိုက်ပါလာခဲ့သည်။
ကျွန်တော်သည် အောင်သန်း၏ အတိတ်ဘဝမြစ်ဖျားခံရာ တောင်ကြားများကို ဤသို့ တောနင်း ရှာဖွေခဲ့ရသည်။

(၅)

ဗမာနိုင်ငံမြို့တော်ဖြစ်သော ရန်ကုန်မြို့›ကြီး၌ အောင်သန်းသည် နှစ်ပေါင်း အစိတ် သာသာခန့် နေထိုင်ခဲ့သည်။ သို့ရာတွင် သူ့မှာ အိုးအိမ်မရှိ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လည်းမရှိ။ မှီခို အားထားခြင်းပြုရသော ဆွေမျိုးညာတိကာများလည်း မရှိ။ အောင်သန်းသည် နှစ်ပေါင်းအစိတ်မျှ ရန်ကုန်မြို့တော်ကြီး၌ အဘယ်သို့ အသက်ရှင်နေထိုင်ခဲ့လေသနည်း။
ချစ်သော အောင်သန်း၏ ဝတ္ထုသည် ဤနေရာမှ စပေပြီ။
တရက်တာမျှ ဝင်ငွေမရှိလျှင် တရက်တာမျှ နေထိုင်ရန် ကြပ်တည်းခက်ခဲလှသော၊ နေထိုင်ရန် မဖြစ်နိုင်သော ရန်ကုန်မြို့တော်ကြီး၌ အညတြအောင်သန်းသည် နှစ်ပေါင်းနှစ်ဆယ် အစိတ်ခန့်မျှ အဘယ်သို့ အသက်မွေးမြူနေထိုင်ခဲ့သနည်း။ သူသည် အဘယ်သူ့အိမ်၌ အိပ်စက်၍ အဘယ်သူ့အိမ်၌ စားသောက်ခဲ့သနည်း။
အောင်သန်း၌ အသက်မွေးဝမ်းကျောင်း အတတ်ပညာဟူ၍ ဘာမျှမရှိ။ အားခွန်ဗလကို အားကိုး၍ လုပ်ကိုင်စားသောက်ရအောင်ကလည်း သူ့တွင် အားခွန်ဗလမရှိ။ ပိန်လှီသေးကွေး သော လူတယောက်သာဖြစ်သည်။ သူသည် အားခွန်ကို ရောင်းစားခြင်းပြုရသော ကျပန်းကူလီ အလုပ်ကို အသက်မွေးမှု အတွက် လုပ်ကိုင်လို၏။ သူ့အား ခေါ်ယူငှားရမ်းရန် အလုပ်ရှင်များကို လည်း မြို့တော်၏ အနှံ့အပြား လိုက်လံရှာဖွေခဲ့ဖူး၏။ သို့ရာတွင် လူစဉ်မမှီသော အောင်သန်းကို အဘယ်သူကမှ မငှားရမ်း မစေခိုင်းလိုကြပေ။
“ရန်ကုန်မြို့ကြီးမှာ မင်းဘယ်ကရလို့ ဘာကို စားနေသလဲကွ အောင်သန်း” ဟု ကျွန်တော်က မေးမြန်းကြည့်မိ၏။
“ဟိုက ဒီက ဒီလိုပဲ ရှာဖွေစားရတာပေါ့ဗျ” ဟု သူက ပေါ့ပေါ့ဆဆ ပြန်၍ပြော၏။
သူ၏ ပေါ့ပေါ့ဆဆပေးသော အဖြေကို ကျွန်တော်သည် လွယ်လင့်တကူ လက်မခံနိုင် ပေ။
“ကောင်းကောင်းပြောစမ်းပါကွ၊ မင်း ထမင်း ဘယ်ကရသလဲဆိုတာ”
“လျှောက်တောင်းစားတဲ့အခါ တောင်းစားရတာပေါ့”
“မင်း ဒီလိုပဲ တောင်းစားတိုင်း စားရသလားကွာ”
“တခါတလေလဲ သူများအိမ်နောက်ဖေးမှာ ပစ်ထားတာတွေ လိုက်ရှာ စားတယ်”
“အေး အေး ပြီးတော့ကောကွာ”
“မစားရတဲ့အခါလဲ ငတ်တာပေါ့”
“မင်း ဘယ်လောက်ကြာကြာများ အငတ်ခံနိုင်သလဲကွ”
“နှစ်ရက် သုံးရက်တော့ ခံရဖူးတယ်”
“ငတ်တဲ့အခါကော မင်းဘယ်လိုရှာစားသလဲ”
“သိပ်ငတ်လာတဲ့အခါ ရတဲ့နေရာက ဝင်ခိုးတာပေါ့”
“မင်းဘာတွေ ခိုးဖူးသလဲဟင်”
“တခါတုန်းက တရုတ်ဆိုင်က ဘဲကင်တကောင် ဝင်ခိုးတာနဲ့ ထောင်ခြောက်လ ကျတယ်”
အောင်သန်းအား အချို့ အကျဉ်းသားများက “အောင်သန်း၊ တွေ့လိုသူ ဘဲမ” ဟူ၍ ထောင်ဝင်စာခေါ်ကာ နောက်ဖူးသော အကြောင်းကို ယခုမှ လိပ်ပတ်လည်မိသည်။
“ဒီ့အပြင်ကောကွာ”
“လွယ်လွယ်ရတာ ခိုးတာပဲ”
“မင်းကို ပုလိပ်ဖမ်းမိတဲ့အခါများ ညှဉ်းသေးသလားကွ”
“အကုန်လုံးဖွင့်ပြောတော့ ပုလိပ်က ဘယ်ညှဉ်းမှာလဲ”
“ခိုးလို့မိတဲ့အတွက် မင်းထောင်ဘယ်နှစ်ခါ ကျဖူးသလဲဟင်”
“အများကြီးပဲ၊ မမှတ်မိတော့ဘူး”
မင်းထောင်ထဲမှာနဲ့ အပြင်ဘက်မှာ ဘယ်သင်းနေချင်သလဲကွာ”
“ဘယ်သင်းမှာမှ မနေချင်ဘူး”
“ဒါဖြင့် ဘယ်မှာ သွားနေချင်သလဲ”
အောင်သန်းသည် ထိုအမေးကို မဖြေတတ်ရှာပေ။ ရန်ကုန်မြို့မှာရော၊ ထောင်ထဲ၌ရော တလှည့်စီ ပြောင်းလွဲနေထိုင်ခဲ့ရဖန် များလှပြီဖြစ်သော အောင်သန်းသည် နှစ်ခုစလုံးကို စိတ်ပျက်မိဟန်ရှိသည်။ သူ့အား မွေးဖွားခဲ့သော တောအရပ်ဒေသကိုလည်း နာကြည်းမေ့လျော့ နေပြီထင်၏။
ရန်ကုန်မြို့၏ ပန်းခြံများနှင့် လမ်းဘေးပလက်ဖောင်းများသည် နွေရာသီကာလ၌ အောင်သန်း၏ နေထိုင်အိပ်စက်ရာ အရပ်ဒေသများဖြစ်ကြ၍ မိုးရာသီ၌ သူသည် ဆူးလေဘုရား ကုန်းတော်နှင့် မြူနီစပါယ် ရုံး၏ စင်္ကြန်များတွင် စတည်းချလေ့ရှိသည်။ ဤအိပ်ရာနေရာများနှင့် ပတ်သက်၍သူသည် ရန်ကုန် ပုလိပ်အဖွဲ့ကြီး၊ မြူနီစပါယ်ပုလိပ်အဖွဲ့၊ ဆူးလေဘုရားပုလိပ် အဖွဲ့များနှင့် တိုက်ပွဲများ ဆင်နွှဲခဲ့ရသည်။ ပန်းခြံများတွင် ဝင်အိပ်လျှင် မြူနီစပါယ်ပုလိပ်များက နှင်ထုတ်၏။ လမ်းဘေးပလက်ဖောင်းတွင် ဝင်ကွေးလျှင် ရန်ကုန်ပုလိပ်များက ရန်ရှာ၏။ ဆူးလေကုန်းတော်ပေါ်၌လည်း ဘုရားပုလိပ်များက သူ့ကို မောင်းထုတ်၏။ သူသည် ဤရန်သူ သုံးပါးကို ခုခံကာကွယ်ရင်း အိပ်စက်ရလေသည်။
ရာသီဥတုက နှိပ်စက်၍ဖြစ်စေ၊ အာဟာရနှင့် ဆေးဝါးများ လုံလောက်အောင် မမှီဝဲနိုင်၍ဖြစ်စေ၊ နာမကျန်းသော အခါကာလများ၌ အောင်သန်းသည် ပြည်သူ့ဆေးရုံးကြီးသို့ တက်ရောက်ကုသခွင့်မရပေ။ သူသည် တိရစ္ဆာန်ရုံတွင်းသို့ ကျော်ဝင်ကာ လူသူရှင်းသော ချုံစပ်တခုခုတွင် အရှင်မရှိသော တိရစ္ဆာန်တကောင်လို တိုးဝင်ညည်းတွားနေလေ့ရှိသည်။ ရန်ကုန်မြို့တော်၌ ပြည်သူ့ဆေးရုံနှင့် ဆေးပေးခန်းများ အပြင် အခြားကုသိုလ်ဖြစ်ဆေးရုံ အများ အပြားပင် ရှိကြသည်။ သို့ရာတွင် ထိုဆေးရုံများသည် အညတြအောင်သန်းကိုကား လက်မခံ ခဲ့ကြ။ သူသည် ရောဂါဘယ၏ နှိပ်စက်ခြင်းကို ပိုင်ရှင်မရှိသော ခွေးဝင်စားတကောင်နှင့်မခြား ခံခဲ့ရသည်။
သမိုင်းတလျှောက်၌ လူသားတို့ နာကျင်ခဲ့ရသော အဖြစ်အပျက်များ အားလုံးကို အောင်သန်း၏ဝတ္ထု၌ အလုံးစုံတွေ့ရှိရသည်။ ပြည်ထောင်စု အစိုးရမင်း ရုံးများစိုက်လျက် နိုင်ငံခြားသံတမန်များ သံတဲများ ဆောက်လုပ်နေထိုင်လျက် ရှိကြသော ရန်ကုန်မြို့တော်ကြီး၌ လျှပ်စစ်မီးများ လင်းထိန်ကာ ယန္တရားယာဉ် အမျိုးမျိုးကို မောင်းနှင်အသုံးချနေကြစဉ်၊ လူပေါ်စဦးခေတ်က ရုန်းကန်နေထိုင်ရသော နည်းအတိုင်း အောင်သန်းသည် အသက်ရှင် နေထိုင် နေရသည်။
မြို့တော်ကြီး၌ သူသည် တော၏ ဥပဒေအတိုင်း လိုက်နာနေထိုင်လျက်ရှိသည်။ သူသည် အသက်မွေးရန် လုံလောက်သော စား-ဝတ်-နေမှုအတွက် အသုံးအဆောင်များကို ထုတ်လုပ်ခြင်း မပြုနိုင်ရှာပေ၊ ရှာဖွေရသည်။ ရှာဖွေမရနိုင်သောအခါ ခိုးဝှက်ယူသည်။ လုယက်ယူသည်။ ထိုအခါ သူ့အား မြို့တော်၏ ယဉ်ကျေးမှုကို အစဉ်သဖြင့် စောင့်ကြပ်လျက်ရှိ သော ရှပ်နက်တပ်သားများက ဝိုင်းဝန်းဖမ်းဆီးကြသည်။ ထို့နောက်တွင် သူသည် သွေးများ စွန်းကွက်ပေကျံနေသော အုတ်ထရံကြီးများအတွင်းသို့ရောက်ရသည်။
ချစ်သောအောင်သန်း၏ ဝတ္ထုသည် ရန်ကုန်ထောင်ကြီးအတွင်း၏ အတွင်းနှင့်အပြင် ဝင်လိုက် ထွက်လိုက် နေခဲ့ရသော အဖြစ်အပျက်နှင့် အကြောင်းအရာများသာဖြစ်သည်။ ရန်ကုန်ထောင်၏ အပြင်၌ သူသည် တိရစ္ဆာန်တကောင်နှင့်မခြား နေရသည်။ ထောင်၏ စခန်းအတွင်း၌ကား သူသည် အကျဉ်းသားလို နေရသည်။ ဤသို့ အောင်သန်း အသက်ရှင် နေထိုင်ခဲ့ရသည်မှာ အနှစ် နှစ် ဆယ် – အစိတ်ခန့်ရှိခဲ့ပေပြီ။ လူ့တသက်ဟူ၍ ခေါ်နိုင်၏။
အောင်သန်းသည် အများနည်းတူ ပခုံးနှစ်ဘက်အကြားမှ ခေါင်းပေါက် လာသူဖြစ်သော် လည်း လူတယောက်မှ ဟုတ်ပါသေး၏လော။ လူဖြစ်နေ၍ လူဟု ခေါ်ရလျှင် လူပေါ်ဦးစက လူသာဖြစ်လိမ့်မည်။

(၆)

အောင်သန်းသည် မေ့လျှော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ထားခြင်းကိုလည်း ခံနေရ၏။
နောက်ဆုံးအပတ် ထောင်ဒဏ် (၂) နှစ်မျှ ကျခံခဲ့ရပြီးနောက် အောင်သန်းသည် သွေးများစွန်းထင်း ညစ်ပတ်နေသော အုတ်ရိုး၏ အပြင်ဘက်သို့ ထွက်သွားရပြန်၏။ သူ့ကို လူရာမသွင်းသော မြို့တော်၌ အဘယ်သို့ ရှာဖွေစားသောက်နေသည်ကား မသိရ။
အုတ်ရိုးအပြင်သို့ထွက်သွားပြီးနောက် သူသည် မကြာမီ အုတ်ရိုးအဝင်ဝသို့လာ၏။ အတွင်းသို့လာ ခြင်းကားမဟုတ်။ ကျွန်တော့်အား သတိရသဖြင့် ထောင်ဝင်စာလာတွေ့ခြင်းသာ ဖြစ်ပေသည်။
သူသည် များစွာပိန်ချုံး၍သွား၏။ ထောင်ထဲမှာတုန်းကကဲ့သို့ မနက်ညမှန်မှန် စားသောက်ရခြင်း ရှိပုံမရ။ သူ့အသားအရည်များလည်း ညှိုးနွမ်းနေသည်။ ညစ်ပတ်နေသည်။ ရေမှန်မှန်မချိုးရတော့ ဟန်တူ၏။ သူ၏ အဝတ်အစားများသည်လည်း ညစ်ပေစုတ်ပြတ် လျက်ရှိသည်။
ကျွန်တော့်အား ထောင်ဝင်စာလာတွေ့ရာ၌ သူသည် အမှတ်တရ တရုတ်မုန့်ထုပ် ကလေး တထုတ် ယူလာသည်။ သူ၏ ကြီးမားဖြူစင်သော စေတနာသဒ္ဓါတရားကို ဤသို့ ကြေကွဲဖွယ်ရာ တွေ့ရှိရသည်။
“ရော့ ဆရာ စားဖို့” ဟု သူက တရုတ်မုံ့ထုတ်ကိုပေးသည်။
ရင်ထဲ၌ နင့်သွားရသည်။ အောင်သန်း၏ မေတ္တာနှင့်သဒ္ဓါတရားသည် နှလုံးသားကို လှုပ်ရှားစေသည်။
“မင်းဝယ်လာတာလားကွာ” ဟု ပြန်၍ မေးကြည့်မိ၏။
“ဒီလိုပဲ ရှာလာတာပေါ့” ဟု သူက ပေါ့ပေါ့ပင် ပြောဆိုလိုက်သည်။
တောင်းရမ်းရှာဖွေ၍ လည်းကောင်း၊ ခိုးဝှက်၍လည်းကောင်း၊ နေပြည်တော်၌ စား သောက်နေထိုင်ရသော အောင်သန်းသည် အဘယ်သို့ ဤတရုတ်မုန့်ထုပ်ကို ရှာဖွေလာ သနည်း။ သူသည် တရုတ်ဆိုင် တဆိုင်မှ အလစ်သုတ်လာပုံရ၏။ သူ၏ အစွမ်းသတ္တိဖြင့် စွန့်စား ယူငင်လာရသော ဤမုန့်ထုပ်ကို ကျွန်တော့်အား စားသောက်စေချင်၍ ပေးလျက်ရှိသည်။ ထိုတရုတ်မုန့်ထုပ်ကလေးကို ကျွန်တော်သည် အဘယ်သို့မျို၍ ကျနိုင်ပါမည်နည်း။
လူသားတဦးအပေါ်သို့ တဦးက တုန့်ပြန်တတ်သော မေတ္တာတရားကို ကျွန်တော်သည် လေးလေးနက်နက်ယုံကြည်လာသည်။
“မင်းမုန့်ကို မင်းဘာသာမင်းပဲ စားပါကွာ” ဟု သူ့အား မုန့်ထုပ်ကို ပြန်ပေးရင်း ပြောလိုက်မိသည်။
“ဆရာ စားစေချင်လို့ ကျနော် ခိုးလာတာဗျ” ဟော – အောင်သန်းက ပွင့်လင်းစွာ ပြောလိုက်ပေပြီ။
ရင်ထဲ၌ လှုပ်ရှားသွားမိ၏။ ခိုးရာပါပစ္စည်းအား စားသောက်ရမည့် အရေးကို ထိတ်လန့် ၍တော့ မဟုတ်။ ကျွန်တော့်အား စားစေချင်၍ ခိုးယူလာသည်ဟု ခပ်ပြောင်ပြောင်ပြော လိုက်သော အောင်သန်း၏ နှလုံးသားကို လေးစား၍ဖြစ်သည်။ သူသည် ဖြူစင်သော လူသား တယောက် ဖြစ်လေသည်တကားæ။
အောင်သန်းအား ချော့မော့၍ သူ၏ မုန့်ထုပ်ကို ပြန်ပေးရင်း သူ သုံးစွဲဖို့ ငွေနှစ်ကျပ်ပေး လိုက်သည်။ နောက်တပတ်လာတွေ့လျှင် သူ့အတွက် အင်္ကျီ လုံချည်များပေးမည့် အကြောင်း လည်း ပြောလိုက်သည်။
သည့်နောက် အောင်သန်းသည် မကြာခဏဆိုသလို ကျွန်တော့်အား ထောင်ဝင်စာ လာ၍ တွေ့သည်။ သူလာသောအခါတိုင်း ရှာဖွေ၍ရလျှင် သရက်သီးကင်းကလေးများကစ၍ ကျွန်တော်စားဖို့ ရှာဖွေယူလာတတ်သည်။ ထိုသို့ သူလာတွေ့သော အခါတိုင်း သူသုံးဖို့အတွက် ငွေတကျပ်စ နှစ်ကျပ်စ ကျွန်တော်က ပေးလိုက်သည်။
များမကြာမီက သူသည် ကျွန်တော့်အား လာရောက်တွေ့ဆုံကာ ရန်ကုန်မြို့၌ အလွန်တရာ အနေအထိုင်ရခက်လာသောကြောင့် တောဘက်သို့ ပြန်ဦးမည်ဟု ထူးထူး ခြားခြား ပြောဆိုတိုင်ပင်လာ၏။ ကျွန်တော်ကလည်း သူ့အတွက် ဘယ်လိုမျှ နေရာချမပေးနိုင် သဖြင့် သူတောသို့ပြန်ရန်အတွက် လမ်းစရိတ် ငါးကျပ်ပေးလိုက်သည်။ ထို့နောက် အောင်သန်းသည် သုံးလကျော်၊ လေးလနီးပါးခန့်မျှ ပျောက်သွားသည်။ သူသည် စိမ်းလန်းသော လယ်ကွင်းများ၌ နွားကျောင်းရင်း ပြွေကြူနေလေပြီဟု အောက်မေ့ထား လိုက်သည်။ သို့ရာတွင် တလောက အင်းစိန်ထောင်မှ ရန်ကုန်ထောင်သို့ ပြောင်းရွှေ့ခံရသော ဘဝတူ အကျဉ်းသားအချို့ထံမှ ပျောက်ကွယ်နေသော အောင်သန်း၏ သတင်းကို ကြားရသည်။ အောင်သန်းသည် မီးရထားခိုးစီး၍ အင်းစိန်ထောင်၌ (၇) ရက်မျှ နေထိုင်သွားရသော သတင်းဖြစ်သည်။ သူသည် တောမှ ပြန်လာပြန်ပြီလော။ အဘယ်ကြောင့်နည်း။ တောအရပ် ဒေသ၌ အနေရသာ၍ ခက်လေသလော။
အင်းစိန်ထောင်မှ လွတ်သွားပြန်သော သတင်းကို ကြားရပြီးနောက် များမကြာမီ အောင်သန်းသည် ကျွန်တော့်အား ထောင်ဝင်စာ လာတွေ့သည်။ သူသည် ပိန်ချုံးသည်ထက် ပိန်ချုံးလျက်ရှိသည်။ ကောင်းစွာ ကျန်းမာပုံလည်း မရပေ။
“မင်း ဘာပြုလို့ တောကပြန်လာရပြန်တာလဲကွ” ဟု ကျွန်တော်က မေးကြည့်ရ ပေသည်။
“တောမှာ သိပ်ဆူတယ်ဆရာရဲ့”
ရှေ့ဆက်၍ ဘာမျှပြောစရာ အကြောင်းကမရှိပေ။ ကျွန်တော်ပြောပြချင်သည့် အကြောင်းများကိုလည်း အောင်သန်းသည် နားလည်လိမ့်မည်မဟုတ်။ ခပ်လှမ်းလှမ်းတွင် စုံထောက်ကလည်း အညတြအောင်သန်းနှင့် စာရေးဆရာ ဗန်းမော်တင်အောင်တို့ စကားပြော နေသည်ကို အကဲခတ်နားထောင်နေ၏။
အိတ်ကပ်ထဲ၌ အခန့်သင့်ပါလာသော ငွေတကျပ်ကို အောင်သန်းအား ပေးပြီး၍ ပြန်ထွက်လာတော့မည်အပြု….. “တကျပ်နဲ့ ဝယ်စားလို့ မလောက်ဘူးဆရာ၊ နောက်တကျပ် ပေးပါဦး” ဟု အောင်သန်းက မတောင်းစဖူး တကျပ်ထပ်၍ တောင်းသည်။
အဘိရာဇာလက်ထက်မှစ၍ ယခုထက်တိုင် ကုလားများနှိပ်စက်ခြင်းကို အောင်သန်း သည် နားလည်ရှာသည် မဟုတ်သော်လည်း လက်တွေ့ဝယ်စားရာ၌ အစစအရာရာ ဈေးတက် နေသော အကြောင်းကိုကား သိလေသည်။ ထို့အတွက် သူသည် ခါတိုင်း တကျပ်နှင့် ဝယ်စား နိုင်သော်လည်း ယခုအခါတွင် တကျပ်နှင့် ဝယ်စား၍ မလောက်သောကြောင့် နောက်ထပ်၍ တကျပ်တောင်းနေခြင်းသာ ဖြစ်သည်။
ကျွန်တော်သည် အသိထောင်မှူးတဦးထံမှ ငွေတကျပ်ချေးကာ အောင်သန်းအား ပေးပြီးနောက် အုတ်ရိုးအတွင်းသို့ ပြန်လှည်၍ ဝင်လာခဲ့သည်။ အောင်သန်းကတော့ ငွေနှစ်ကျပ် ရသွားသဖြင့် အုတ်ရိုးအပြင်သို့ ပြန်ထွက်သွားလေပြီ။
ကျွန်တော်သည် အိပ်ဆောင်သို့ လေးလံထိုင်းမှိုင်းစွာ ပြန်လာရစဉ် အောင်သန်းအတွက် နှင့် ပတ်သက်၍ အမျိုးမျိုးဆက်စပ်တွေးလာခဲ့သည်။
အညတြအောင်သန်းကို တတ်နိုင်သမျှ ကူညီလိုသော ကျွန်တော်သည် လွတ်ရက်မရှိ သေးသော အကျဉ်းသမားတဦး ဘဝ၌ပင် ရှိနေသေးသည်။
မင်းနေပြည်တော်အရပ်၌ စွန့်ပစ်မေ့လျော့ထားခြင်းခံရသော အောင်သန်းအား ကယ်တင်နိုင်သူများနှင့် ကူညီနိုင်မည့်သူများက အောင်သန်းကို ကူညီကယ်တင်ခြင်း မပြု နိုင်သေးမီ ကာလအတွင်း ချစ်သောအောင်သန်းအတွက် အလုံခြုံဆုံးနှင့် အသင့်တော်ဆုံး အရပ်ဒေသသည်ကား ရန်ကုန်ထောင်သာလျှင် ဖြစ်တော့သည်တကား။
ချစ်သောအောင်သန်းæ သင့်အား လူရာမသွင်းသော နေပြည်တော်၌ အရှင်မရှိသော တိရစ္ဆာန်တကောင်ကဲ့သို့ လေလွင့်နေမည်လော။ သင့်အား ဘဝတူများက လေးစားကြင်နာ ကြသော ထောင်ထဲသို့ ပြန်လာမည်လော။

ဗန်းမော်တင်အောင်
(၂၁၊ ၁၁၊ ၅၅)
ရှုမဝမဂ္ဂဇင်း
(မာယာအွန်လိုင်းမဂ္ဂဇင်း မှတဆင့် ကူးယူဖော်ပြလိုက်ပါသည်၊)

၁၉၆၀ ခုနှစ်၊ ဧပြီလ ၅ရက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်သို့ ကျွန်တော် ရောက်သွားပါသည်။ ဆရာကြီးကို ရှိခိုးဦးချပြီး ဆရာနေထိုင်ကောင်းပါရဲ့လားဟု မေးသောအခါ၊ အေး၊ သခင်ဘမောင်လားဟေ့၊ လူတော့ နေကောင်းပါတယ်ကွယ်။ ဒါပေမဲ့ မင်းတို့ကို ဖမ်းသွားတဲ့နောက်၊ ဆရာလဲ စိတ်လက် တယ်မကောင်းပါဘူး။ အထူးသဖြင့် မျက်စေ့တဖက်က ကောင်းကောင်း ကြည့်မရအောင် ဖြစ်သွားတယ်ဟု ဆရာကြီးက မိန့်ကြားပါသည်။


ကျွန်တော့်မှာ ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်က အဖမ်းခံရပြီး၊ ပထမ အင်းစိန် တွဲဘက်ထောင်၊ ၎င်းမှ ပြည်ထောင်၊ သရက်ထောင်၊ ထိုနောက် ကိုကိုးကျွန်းထောင် တွင် တနှစ်ခန့်ထားပြီး၊ အင်းစိန်ထောင်ကြီးသို့ ပြန်ပို့ကာ ၁၉၆၀ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် လွှတ်လိုက်ပါသည်။ ထောင်ကလွတ်ပြီး ၅ ရက် အကြာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်သို့ သွားခဲ့ခြင်း ဖြစ်ပါသည်။
ဆရာကြီးနှင့် စပ်မိစပ်ရာပြောရင်း “တို့ ငြိမ်းချမ်းရေး ရှစ်ဦး အဖွဲ့ကြီးကိုလဲ ဖျက်လိုက်ကြပြီကွဲ့။ တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရသေးတာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေး မရသေးသမျှလဲ ဘာမှ အောင်အောင်မြင်မြင် လုပ်လို့ရမယ် မထင်ပါဘူး၊ ဒါကြောင့် ငြိမ်းချမ်းရေးအဖွဲ့တော့ ရှိနေဘို့ ကောင်းတာပေါ့” ဟု ဆရာကြီးက ဆက်လက်မိန့်ကြားပါသည်။
ဟုတ်ကဲ့ဆရာ၊ ကျွန်တော်လဲ ထောင်က ပြန်လွတ်လာတာ ငါးရက် ရှိပါသေးတယ်၊ အိမ်လဲ အဖျက်ခံထားရလို့ မိတ်ဆွေတယောက်အိမ်မှာ ခဏ တက်နေရပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးအဖွဲ့ ပြန်ဖွဲ့နိုင်အောင်လည်း ကြိုးစားပါမယ်။ ဘယ်ပုံဘယ်နည်း လုပ်သင့်တယ် ဆိုတာလဲ အမိန့်ရှိပါဦးလို့ ကျွန်တော်က ပြောသောအခါ၊ ဘယ်ပုံဘယ်နည်း လုပ်သင့်တယ် ဆိုတာတော့ စဉ်းစားကြပေါ့ကွယ်၊ ငြိမ်းချမ်းရေးရဘို့အတွက် နည်းစပ်မယ်ထင်တဲ့ လမ်းစတခုကတော့ အရင် ‘မောင်နု’ ပြောခဲ့တဲ့ အချက်သုံးချက်ကို တကယ် ဖြစ်မြောက်အောင် ဆက်ကြိုးစားသင့်တယ်လို့ ဆရာထင်တယ်။ အဲဒီ အချက်သုံးချက်ကို အရင်က ဆရာတို့ ရှစ်ဦးကော်မတီ ငြိမ်းချမ်းရေးအဖွဲ့ကရော၊ မောင်တို့ ပမညတ (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု) ကရော သဘောတူခဲ့ကြပြီး မဟုတ်လားဟု ဆရာကြီးက မိန့်ကြားပါသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း မိန့်ကြားသည့် “မောင်နု ပြောခဲ့ဘူးသော အချက်သုံးချက်” ဆိုသည်မှာ ၁၉၅၈ ခုနှစ်၊ ဇန္န၀ါရီလ ၂၉ ရက်နေ့ ကမ္ဘာအေးကုန်းတော် တန်ဆောင်းတွင် ကျင်းပသည့် ဖဆပလ ညီလာခံ၌ ၀န်ကြီးချုပ်ဦးနုက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တောတွင်းလက်နက်ကိုင်များအား ရည်ညွှန်းပြောကြားခဲ့သော အချက်သုံးချက် ဖြစ်ပါသည်။ ယင်းအချက်တို့မှာ-
(၁) ခင်ဗျားတို့နှင့် ကျွန်တော်တို့ ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ဆိုတာ ပြောမနေကြပါနှင့်တော့။
(၂) ခင်ဗျားတို့ မှားတာရှိရင်လဲ ကျွန်တော်တို့က သည်းခံပါမယ်၊ ကျွန်တော်တို့ မှားတာ ရှိရင်လဲ ခင်ဗျားတို့က သည်းခံကြပါ။
(၃) ဒါကြောင့် ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ၀ါဒချင်း မတူစေကာမူ ပြည်သူတို့ ကောင်းကျိုးအတွက် တူညီရာတွေကို လက်တွဲလုပ်ကြရအောင် လာခဲ့ကြပါတော့။
ဟူသည်တို့ ဖြစ်ပါသည်။ ဤအချက် သုံးချက်၏ အနှစ်သာရမှာ ၂ ဘက် အာဃာတ မထားရေး၊ သင်ပုန်းချေရေး၊ အလုပ်အတူ ပူးတွဲလုပ်ရေးတို့ပင် ဖြစ်ပါသည်။
ဒီလိုဆိုရင် အဲဒီ အချက်များအပေါ် အခြေထားပြီး ငြိမ်းချမ်းရေး ကြိုးပမ်းကြဘို့ ပြည်သူတရပ်လုံးကိုရော အစိုးရနှင့် တောတွင်းလက်နက်ကိုင် အင်အားစုများကိုရော ဆရာ့အနေနှင့် နှိုးဆော်ချက် ပထမထုတ်ပြန်ပြီးတဲ့နောက် ငြိမ်းချမ်းရေး အဖွဲ့ဖွဲ့ဘို့ ဆက်လုပ်ကြ ရမှာဘဲဟု ကျွန်တော်က အကြံပေးသည့်အခါ ဆရာကြီးက “အေး၊ တိုင်ပင်သင့်တဲ့ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ပြီး အချိန်ရှိတုန်း လုပ်ကြကွယ်” ဟု ပြန်လည် မိန့်ကြားပါသည်။
ထိုနောက် ဆွေးနွေးသင့်သူများနှင့် ဆွေးနွေးကြပြီး ၁၉၆၀ ခုနှစ် မေလထဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြည်သူ့အစိုးရနှင့် တောတွင်းလက်နက်ကိုင်များသို့ ငြိမ်းချမ်းရေး ကြိုးပမ်းကြရန်အတွက် နှိုးဆော်ချက်တရပ် ထုတ်ပြန်ခဲ့ပါသည်။ ယင်းသည့် နောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဆရာဝန်ကြီးဦးဆင်ဖိုးနှင့်အတူ အရှေ့ဂျာမနီနိုင်ငံ သို့ ထိုနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ဆေးကုသရန် သွားရောက်ခဲ့လေသည်။
ဆရာကြီး ဆေးကုသွားရာမှ ပြန်ရောက်သောအခါ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့ကြပါသည်။ အဖွဲ့တွင် ဆရာကြီးကိုယ်တိုင် ဥက္ကဌ တာဝန်ယူပြီး ဒုတိယဥက္ကဌများအဖြစ် သစ်တောအရေးပိုင်ဟောင်း ဦးဘသော်နှင့် ဗိုလ်မျူးချုပ်ဟောင်း ကျော်ဇော၊ အတွင်းရေးမှူး အဖြစ် ၀တ်လုံဦးထွန်းတင်၊ အမှုဆောင်လူကြီးများအဖြစ် ဆရာတော်ဦးဥတ္တမနှစ်မ ဒေါ်အိမ်စိုး၊ ၀တ်လုံဦးလှကျော်၊ ၀တ်လုံ ဦးဘကျော်၊ ဦးအောင်ဇေ (တော်ဘုရားလေး)၊ ဦးကျော်၊ လူထု ဦးတင်မောင်တို့ ဖြစ်ကြပါသည်။ သခင်ထွေး၊ သခင်ဖေသန်း၊ သခင်ခင်အောင်၊ သခင်ဘမောင် (စာရေးသူ)၊ တို့က အကြံပေးလူကြီးများအဖြစ် တာဝန်ယူကြရပြီး၊ ဗန်းမော်တင်အောင်၊ လူငယ်များအစည်းအရုံး (ဗလစ)မှ ဦးစိုးမင်း၊ ၀တ်လုံဦးလှတင်တို့က အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် တာဝန်ယူကြသည်။
ထိုအချိန်ကား ၀န်ကြီးချုပ် ဦးနုကြီးမှူးသော ပထစ (ပြည်ထောင်စုအဖွဲ့) အစိုးရ လက်ထက် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့သည် ငြိမ်းချမ်းရေးအတွက် ပြည်သူသို့ တင်ပြခြင်း၊ အစိုးရနှင့် တောတွင်းအင်အားစုများကို အကြံပေးခြင်းတို့ လုပ်ရန် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်၌ မကြာခဏ ဆွေးနွေးကြပါသည်။
တနေ့သ၌ ဆရာကြီးအိမ်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည် အစိုးရနှင့် တွေ့ရန်လိုမည် စသည်ဖြင့် စပ်မိစပ်ရာ ပြောကြပါသည်။ ထိုအချိန်တွင် တစုံတယောက်က အစိုးရအဖွဲ့ဝင် ၀န်ကြီးများမှာ ပုတီးစိတ်သူကစိတ်၊ ဥပုသ်စောင့်သူကစောင့်ဖြင့် တွေ့ရန်လွယ်ကူမည် မထင်ကြောင်း၊ ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင် လည်း ပုပ္ပါးတောင်တွင် ဥပုသ်ရက်ရှည်စောင့်နေကြောင်း ပြောကြားပါသည်။
ထိုအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်ဆိုတာ ပုတီးစိတ် ဥပုသ်စောင့်နေရုံနှင့် ပြီးတာ မဟုတ်ဘူး၊ ဆရာတို့ ဗုဒ္ဓဘာသာတရားအလိုအရ ပုတီးစိတ်တယ်၊ ဥပုသ်စောင့်တယ်ဆိုတာ အမှန်တော့ ကိုယ်ရေးကိုယ်တာ အလုပ်ပါဘဲ။ ကိုယ်ကုသိုလ်ရဘို့၊ ကိုယ်တမလွန်ဘ၀ကူး ကောင်းဘို့အတွက်ပါဘဲ။ ဆရာ ဥပုသ်စောင့်ရင် လည်း ဆရာကုသိုလ်ရတာဘဲ။ အခြားသူများ မရကြပါဘူး။ အခြား မောင်နီ မောင်ဖြူတို့ ကုသိုလ်ရအောင် ဆရာက ဥပုသ်စောင့်ပေးလို့၊ အလှူဒါနပြုပေးလို့ မရပါဘူး။ ကိုယ့်အတွက်သာ ကိုယ်လုပ်နိုင်ပါတယ်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်၊ တိုင်းသူပြည်သားတို့က မင်းအစိုးရအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရလို့ မင်းအစိုးရလုပ်တယ်ဆိုတာက တိုင်းသူပြည်သား အများ အကျိုးအတွက် လုပ်ဆောင်ကြရမယ့် တာဝန်ရှိတယ်။ တိုင်းသူပြည်သားတို့ရဲ့ စားဝတ်နေမှု မျှတချောင်လည်ရေး၊ ကျန်းမာရေး၊ အတတ်ပညာသင်ကြားနိုင်ရေး၊ ငြိမ်းချမ်းသာယာရေးတို့ အတွက် ဆောင်ရွက်ပေးကြရမှာ ဖြစ်တယ်။ အဲဒီလို အများအကျိုး သည်ပိုးတဲ့အခါ မြှောက်စားသင့်တာ မြှောက်စား၊ ဖိနှိပ်သင့်တာ ဖိနှိပ်၊ ဖယ်ရှားသင့်တာ ဖယ်ရှား၊ ပရိယာယ်ေ၀၀ုစ်လုပ်ပြီး လိမ်တန်လိမ်၊ ကုန်ကုန်ပြောရရင် သတ်သင့်ဖြတ်သင့်တာ ရှိရင်တောင် သတ်ဖြတ်ရသည်အထိ လုပ်ကြရတယ်။
သိင်္ဂိုကျွန်းလို့ခေါ်တဲ့ သီဟိုကျွန်းမှာ တစတစ၀င်ပြီး နယ်ချဲ့စိုးမိုးလာတဲ့ ကုလားများရဲ့ ဘေးရန်ကြောင့် ဗုဒ္ဓဘာသာ သီဟိုလူမျိုး တိုင်းရင်းသားများအဖို့ နေစရာပြည်ကလဲ ကျဉ်းမြောင်း၊ စားစရာ ဆန်ရေစပါးလဲ နည်းပါးပြီး၊ ကိုးကွယ်မှုဆိုင်ရာ ကျောင်းကန်ဘုရားများ ကိုပင် အဖျက်ဆီးခံရသည်အထိ ဖြစ်ရတယ်။ အဲဒီအခါ ဒုတ္ထဂါမဏိမင်းကြီးဟာ တိုင်းသူ ပြည်သားတို့ အကျိုး၊ ဘာသာ သာသနာ အကျိုးတို့အတွက် ကုလားများကို သတ်ဖြတ်နှိမ်နင်း ပြစ်ခဲ့ရဆို မဟုတ်လား။
မဟောသဓဇာတ်မှာလဲ ဘုရားအလောင်း မဟောသဓဟာ ကေးဝဋ်ပုဏ္ဏားကြီးနှင့် စကားစစ်ထိုးပြုလုပ်ကြရာမှာ ပုဏ္ဏားကြီးကို သူ့လက်ထဲက ပတ္တမြားလုံးပြပြီး လက်ဆောင်ပေး ပါရစေလို့ ပြောတယ်။ ပုဏ္ဏားကြီးက လက်ဝါးဖြန့်ပြီး လှမ်းယူတဲ့အခါ အပေါ်က မြှောက်ချလိုက် တော့ ပတ္တမြားက အောက်ကျသွားတယ်။ အဲဒီအခါ ပုဏ္ဏားကြီးက ပတ္တမြားလုံးကို ကုန်းကောက်ရှာတယ်။ ဒီတော့ ပုဏ္ဏားကြီး လည်ဂုတ်ကိုင် မြေကြီးနှင့် နဖူးထိအောင် နှိပ်ချပြီး၊ ပုဏ္ဏားကြီး ကျုပ်က သားမြေးအရွယ်ပါ၊ ရှိမခိုးပါနှင့်လို့ သူ့ပါးစပ်က သူ့တိုင်းသူပြည်သားများ အကျိုးအတွက် လိမ်လည် အော်ဟစ်ပြောလိုက်တယ်။ သူအော်ဟစ်ပြောသံ ကြားတဲ့အခါ ကြိုတင်စည်းဝါးရိုက်ထားတဲ့ သူ့လူ ဖွားဘက်တော်များက “ပုဏ္ဏားကြီးက တို့အရှင်ကို ရှိခိုးနေပြီ ဟေ့” လို့ ၀ိုင်းအော်ကြတယ်။ မဟောသဓရဲ့ လူများအော်သံကြားတော့ ကေးဝဋ်ပုဏ္ဏားကြီးကို ခြံရံလိုက်လာကြတဲ့ စူဠနီဗြဟ္မာဒတ်မင်းရဲ့ ဗိုလ်ပါရဲမက် သိန်းသန်းချီပြီး ပါဝင်တဲ့ စစ်တပ်ကြီးဟာ ထိတ်လန့်ပြန်ပြေးကြရှာတယ်ဆို မဟုတ်လား။
မင်းအစိုးရဆိုတာ မိမိတို့ တိုင်းသူပြည်သားတို့ ကောင်းကျိုးချမ်းသာအတွက် လိမ်တန်လိမ်၊ သတ်တန်သတ်ကြ ရတာကဘဲ။ ငရဲကြီးမှာ အကုသိုလ်ဖြစ်မှာ ကြောက်ရင် မင်းအစိုးရ လုပ်လို့ မဖြစ်ပါဘူး။ တေမိဇာတ်တော်မှာ တေမိမင်းသားကလေးဟာ အရင်ဘ၀က ငရဲကျခဲ့ဘူးတာမြင်ပြီး၊ ရှင်ဘုရင်လုပ်ရရင် ငရဲကျချည်သေးရဲ့လို့ ကြောက်နေတဲ့အတွက် ရှင်ဘုရင်မလုပ်ရအောင် စကားမပြောဘဲ အ အ, ယောင်ဆောင်နေတာလို့ ဖော်ပြထားတယ်။
တို့တိုင်းပြည်မှာ တိုင်းသူပြည်သားတို့ရဲ့ စားဝတ်နေရေး စသည်များကောင်းမွန်အောင် လုပ်ဖို့ တော်တော်အရေးကြီးနေသေးတယ်။ လွတ်လပ်ရေး ကြေညာပြီးတယ်ဆိုသော်လဲ ရေရေရာရာဖြစ်အောင် ခိုင်မြဲအောင် လုပ်ဖို့ လိုသေးတယ်။ ငြိမ်းချမ်းသာယာမှု ပြန်ရအောင် လုပ်ဖို့လဲ လိုတယ်။ အင်္ဂလိပ် အမေရိကန်ဆိုတဲ့ နယ်ချဲ့သမားများရဲ့ ဘေးရန်ကိုလဲ သတိနှင့် စောင့်ကြည့်ကာကွယ်ဖို့ လိုသေးတယ်။ ဒီလို အချိန်အခါမျိုးမှာ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ပုတီးစိတ်၊ ဥပုသ်စောင့်တာကိုချည့် ဦးစားပေးလုပ်နေချင်ရင်တော့ အဲဒီလို ၀န်ကြီးတွေကို အနောက်ဖက်လွန် မင်းတရားကြီး လုပ်သလိုသာ လုပ်လိုက်ကြဖို့ ကောင်းပါတယ်ဟု ပြောကြားပါသည်။
တစုံတယောက်က အနောက်ဖက်လွန်မင်းတရားကြီးက ဘယ်လိုလုပ်ခဲ့ဖူးသလဲ အမိန့်ရှိပါအုန်း ဆရာကြီးရဲ့လို့ မေးလိုက်သဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အနည်းငယ်ဆိုင်ငံ့ပြီးမှ အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။
အနောက်ဖက်လွန် မင်းတရားဆိုတာက အင်းဝ ညောင်ရမ်းမင်းတရားကြီးရဲ့ သားတော် ကြီး မဟာဓမ္မရာဇာဘွဲ့ခံ ဘုရင်ဖြစ်တယ်။ အောက်ပြည် ဒဂုံ၊ သံလျင်၊ မုတ္တမကစ တနင်္သာရီ ဇင်းမယ်ထိအောင် ပုန်ကန် ခြားနားသူများကို တိုက်ခိုက်အောင်မြင်ပြီး ဟံသာဝတီ ပဲခူးမြို့မှာ ခေတ္တ စံနေတယ်။ အဲဒီအချိန် ဗေဒင်အလိုအရ ချောင်းအနောက်ဖက်မှာ ယာယီစံနန်း ဆောက်ပြီး နေထိုင်တုန်း သားတော်မင်းရဲဒိဗ္ဗ လုပ်ကြံလို့ ကွယ်လွန်ခဲ့ရတယ်။ အဲဒါကို အကြောင်းပြုပြီး အနောက်ဖက်လွန် မင်းတရားရယ်လို့ ခေါ်တွင်တာပါဘဲ။
အဲဒီ အနောက်ဖက်လွန် မင်းတရားလက်ထက်မှာ အောက်ပိုင်းဒေသများဖြစ်တဲ့ ဒဂုံ၊ သံလျင်၊ မုတ္တမ စတဲ့နယ်များက ပုန်ကန်ခြားနားမှုတွေဟာ ပိုမိုကြီးမားလာတယ်။ အထူးသဖြင့် သံလျင်စား ကုလားငဇင်ကာတို့ တသိုက်က အဆိုးဆုံးပေါ့။ အင်အားစုပြီး အင်းဝအထိ တက်တိုက်ဖို့ ကြံစည်လာကြတယ်။ ဒါကြောင့် တူတော် မင်းသားတပါးကို ရဲမက်ဗိုလ်ပါများနှင့် အခြေအနေ စုံစမ်းရန် စေလွှတ်လိုက်တယ်။
ဘုရင့် တူတော်မင်းသားလဲ စစ်လှေကြီးတစင်းနဲ့ စုံဆင်းလာလို့ မင်းဘူးရောက်တဲ့အခါ ရွှေစက်တော်ဘုရားကို ဖူးမျှော်ချင်စိတ် ပေါက်လာတဲ့အတွက် လှေမှာ အစောင့်လောက်သာ ထားခဲ့ပြီး ရဲမက်ဗိုလ်ပါများနဲ့အတူ ဘုရားသွားဖူးတယ်။ ရွှေစက်တော်ဘုရားရောက်တဲ့အခါ စေတနာသဒ္ဓါပိုလာပြီး ၀ါတွင်းသုံးလ ဥပုသ်ရက်ရှည်စောင့်ပြန်တယ်။ ဥပုသ်ထွက်တော့မှ အခြေအနေ စုံစမ်းတဲ့အခါ ဒဂုံ သံလျင်ဖက်ဆီ ပုန်ကန်ခြားနားသူတို့ရဲ့ အင်အားဟာ ပိုမိုကြီးမား နေတဲ့အကြောင်း သိရတဲ့အတွက် အောက်ဖက်ကို ဆက်မသွားတော့ဘဲ အင်းဝကို ပြန်လာခဲ့ သတဲ့။
အင်းဝရောက်တော့ ရှင်ဘုရင်ကြီးက “ဘဲ့နဲ့လဲ တူတော်မောင် ကြာလှချည့်ကလား” လို့ မေးတဲ့အခါ “မှန်လှပါ တူတော်မောင် နိုင်ငံတော်အောက်ပိုင်းက ပုန်ကန်ခြားနားသူတို့ရဲ့ အခြေအနေကို စုံစမ်းရန်အသွား၊ မင်းဘူးရောက်တော့ ရွှေစက်တော်ဘုရား ၀င်ဖူးမျှော်လိုတဲ့ ဆန္ဒပြင်းပြလာလို့ ခေတ္တ ၀င်ဖူးပါတယ်။ ဘုရားရောက်တော့ စေတနာ ပိုမိုလာပြန်တဲ့အတွက် ၀ါတွင်းသုံးလ ဥပုသ်ရက်ရှည်စောင့်ပါတယ်။ ဥပုသ်ထွက်ပြီး မင်းဘူး ပြန်ဆင်းလာတဲ့အခါ ဒဂုံ၊ သံလျင်က ပုန်ကန်ခြားနားသူတို့ရဲ့ အင်အားဟာ ပိုမိုကြီးမားနေကြောင်း သိခဲ့ရပါတယ်” လို့ ဖြေကြားတယ်။
ဒီလိုဆိုရင် တူတော်မောင် “မင်းဘူးက အောက်ဖက်ကို မရောက်ခဲ့ဘူးပေါ့” လို့ ဘုရင်ကြီးက ထပ်မေးတော့ “မှန်လှပါ တူတော်မောင် မင်းဘူးအောက် မရောက်ခဲ့ပါဘူး” လို့ မင်းသားက ထပ်မံဖြေကြားတယ်။
အဲဒီတော့မှ ဘုရင်ကြီးက “တို့နိုင်ငံတော်ကြီးဟာ ဘိုးတော် ဘေးတော်တို့ လက်ထက် က တစုတပေါင်းထဲ ရှိခဲ့တယ်၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးများ အားလုံးဟာ လဲ ဧကရာဇ်မင်းတပါးထဲရဲ့ ထီးရိပ်အောက်မှာ စည်းစည်းလုံးလုံးနဲ့ ခိုလှုံနေကြတယ်။ အမျိုး ဘာသာ သာသနာရေးတွေဟာလဲ စည်ပင်ခန့်ညားခဲ့တယ်။ ဒါကြောင့်မို့ ပါတ်ဝန်းကျင် တိုင်းကြီးပြည်ကြီးများရှိ အမင်းမင်းတို့က လေးစားကြတယ်။ မကျူးကျော် မစော်ကားရဲကြဘူး၊ အကြည်တော် မဟာမိတ်များအဖြစ် လက်ဆောင်ပဏ္ဏာလဲလှယ် ပို့ဆက်ခြင်း ပြုခဲ့ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ကာလအနည်းငယ်ကစပြီး တိုင်းတပါးသား ကုလားဖြူ၊ ကုလားမဲများ ၀င်ရောက်လာကြပြီး သူတို့အကျိုးအတွက် တို့နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တို့တိုင်းရင်းသား လူမျိုးများကို အချင်းချင်း မညီညွတ်အောင် ကွဲပြားကုန်အောင် အမျိုးမျိုး ခြေထိုး သွေးခွဲကြတယ်၊ လက်နက်ပစ္စည်းများ ပေးပြီး အားပေးအားမြှောက် လုပ်ကြတယ်။
တိုင်းတပါးသားတို့ သွေးထိုးမြှောက်ပင့်ပေးတဲ့ အတွက်နဲ့ အချို့တိုင်းရင်းသားများ ကိုယ်တိုင်ရဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပုန်ကန်ခြားနားမှုတွေကို ခမည်းတော်လက်ထက် ကလည်း နှိမ်နင်းပေါင်းစည်းခဲ့တယ်၊ ခမည်းတော်ဟာ သူ နတ်ရွာစံခါနီးမှာ ကျန်ဒေသတွေကို ဆက်လက်ပေါင်းစည်းဘို့ မှာကြားခဲ့တယ်။ ဒါကြောင့် ဦးကြီးတော် အနေနှင့်လဲ နိုင်ငံတော်ကို တပေါင်းတစည်းတည်း ဖြစ်အောင် ဆက်လက် လုပ်ဆောင်ရအုန်းမယ်၊ သံလျင်စား ကုလားငဇင်ကာတို့ကဆိုရင် ကျောင်းကန်ဘုရားတွေဖျက်၊ ကြေးဆင်းတု၊ ကြေးစည်၊ ကြေးခေါင်းလောင်းတွေ အရည်ဖျော် လက်နက်လုပ်လိုလုပ်ပြီး၊ ဘာသာ သာသနာကို ဖျက်ဆီးစော်ကား လာရုံမကဘူး အင်အားစုပြီ နေပြည်တော် အင်းဝကိုတောင် လုပ်ကြံဘို့ စီစဉ်နေတယ်လို့ ကြားတယ်။
အခုလို တိုင်းနိုင်ငံတော်အရေး၊ အမျိုးဘာသာ သာသနာတော်အရေးများက ဆောင်ရွက်စရာတွေ အလွန် အရေးကြီးနေတဲ့ အချိန်မှာ ကျုပ်တူတော်မောင်အနေနဲ့ ဘုရားတရား အာရုံပြုကာ ဥပုသ်သီလ စောင့်သုံးနေဘို့ကို ဆန္ဒပြင်းပြနေတော့ တိုင်းနိုင်ငံအရေးတွေ ဆောင်ရွက်ရမယ့် မြို့ပြထီးနန်းနဲ့ မသင့်တော်ပါဘူး။ ဥပုသ်သီလ စောင့်သုံးနေနိုင်မယ့် ကျောင်းကန်ဘုရားအနီးမှာ သွားနေဘို့သာ သင့်တော်တယ်။ ကိုင်း…. ဒါကြောင့် ကျွန်ပ်တူတော် မင်းသားနှင့် သူ့လူ နောက်ပါများပါ ဘုရားကို ခေါင်းလောင်းထိုးလှူလိုက်ကြ” လို့ မိန့်ကြားပြီး အတွင်းဆောင် ၀င်သွားသတဲ့။ အဲဒီအခါ မှူးကြီးမတ်ကြီးများက မင်းတရားကြီး အမိန့်အတိုင်း မင်းသားနှင့် သူ့လူများကိုပါ နန်းတော်တွင်းက ခေါင်းလောင်းထိုးပြီး ဘုရားကို လှူကြရတော့တယ်။
“မောင်တို့ တခုစဉ်းစားကြည့်၊ စစ်တခု ဖြစ်တယ်ဆိုရင် အိုးအိမ်မြို့ရွာတွေသာ ပျက်စီးတာ မဟုတ်ဘူး။ လူတွေလဲ အသက်ခန္ဓာဆုံးရှုံးခြင်း၊ စိတ်ဓါတ်ပျက်စီးခြင်းတို့လဲ ဖြစ်ကြစမြဲပဲ။ ဒါကြောင့် အခုလို စစ်ကြီးတခုပြီးကာစလဲဖြစ်၊ နှစ်တရာကျော် တိုင်းတပါးသား လက်အောက် ကျွန်သပေါက်ဘ၀ ကျရောက်ရာက လွတ်လပ်စ, လဲဖြစ်တဲ့ တို့နိုင်ငံမှာ အိုးအိမ်မြို့ရွာ အပျက်တွေကို ပြန်ပြင်ဘို့ အသစ်တည်ဆောက်ဘို့သာမက လူတွေရဲ့ ကိုယ်အင်္ဂါချို့ငဲ့မှုတွေ စိတ်ဓါတ်ပျက်ပြားမှုတွေကိုလဲ ပြုပြင်ဘို့လိုတယ်။ စီးပွါးရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးတို့အတွက်လည်း အများအပြား လုပ်ကိုင်ဆောင်ရွက်စရာ လိုနေသေးတယ်။ အဲဒီလို အစိုးရရဲ့ တာဝန်ဝတ္တရားတွေ များပြားနေတဲ့ အချိန်မျိုးမှာ ပုတီးစိတ် ဥပုသ်စောင့် နေချင်လှတဲ့ ၀န်ကြီးတွေကိုတော့ အနောက်ဖက်လွန်မင်းတရားကြီး လုပ်သလို ဘုရားကို ခေါင်းလောင်းထိုးလှူလိုက်ကြဘို့သာ ကောင်းပါတော့တယ်” ဟု မိန့်ကြားကာ ရယ်မောနေပါ တော့သည်။ ကျွန်တော်တို့လည်း မအောင့်နိုင်တော့ဘဲ ရယ်မောကြရပါသည်။

မာယာအွန်လိုင်းမဂ္ဂဇင်းမှတဆင့်


တပို့တွဲလဆုတ် (၇) ရက်၊ ဤနေ့သည်ကား လွတ်လပ်ရေးအတွက် နယ်ချဲ့သမား၏ လက်ပါးစေများ လက်ချက်ဖြင့် သွေးမြေကျကာ အသက်ပေးသွားကြသော ရွှေမန်းအာဇာနည် (၁၇) ဦးတို့၏ တဆယ့်နှစ် နှစ်မြောက် နေ့ပေတည်း။
အချိန်ကား ဗမာ့နိုင်ငံရေးရာဇ၀င်တွင် လှုပ်ရှားထကြွဆုံး အချိန်ဟု ဆိုရမည့် ၁၃၀၀ ပြည့်နှစ်ခါဖြစ်၍ အရေးတော်ပုံများ တခုပြီးတခု ဆက်ခါ ဆက်ခါ ပေါ်ပေါက်ပြီး၊ ရန်ကုန်တွင် ကျောင်းသူကျောင်းသားပေါင်း (၂၀၀) ကျော် ဒဏ်ရာရ၍ ကိုအောင်ကျော် သေဆုံးရသည့် အခြေသို့ပင် တိုင်ခဲ့လေသည်။
ဤနိုင်ငံရေးဂယက်သည် မန္တလေးမြို့ကြီးသို့လည်း လာ၍ ထိခိုက်လေရကား၊ အတော်အတန် အေးချမ်း ငြိမ်သက်လျက် ရှိနေသော မန္တလေးမြို့ကြီးမှာလည်း ဓာတ်စက်ရုံ ဓာတ်ရထားနှင့် အင်္ဂလိပ်အလုပ်တိုက်များကို ပိတ်၍ ဘူတာရုံနှင့် ဂတ် စသည်များကို အစောင့်စစ်တပ်များ ချထားပြီး နန်းတော်ကြီးအတွင်းသို့ မြန်မာများ မ၀င်စေရဟူသော စီမံချက်တို့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပေသည်။


ဤအတွင်း တပို့တွဲလဆုတ် (၆)ရက်နေ့က အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် ရဟန်းပျိုအဖွဲ့ချုပ်ဥက္ကဌ ဆရာတော်ဦးကလျာဏက သဘာပတိအဖြစ်၊ အမျိုးသားကျောင်းဆရာ ဦးထွန်းမောင်က အကျိုးဆောင်အဖြစ် ဆောင်ရွက်၍ ကျောင်းသားမိဘများနှင့် မြို့လုံးကျွတ်အစည်းအဝေးကြီး ကျင်းပရာ ရဟန်းရှင်လူ နှစ်သောင်းကျော် တက်ရောက်ကြပေသည်။

Continue reading

ဒေါ်အမာ
လူထုသတင်းစာတိုက်
မန္တလေး။
ရန်ကုန်ဗဟိုစံပြထောင်

၃-၂-၅၄

မာ,
ဇန္န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်ကို ချောချောမောမော ရောက်ပါတယ်။ ကိုယ်တို့ စီးလာတဲ့ လေယာဉ်ပျံကလဲ တရားခံတယောက် ပါလာတယ်ဆိုပြီး ၀ူးဝူး ၀ါးဝါး မလုပ်ပါဘူး။ တလျှောက်လုံး သဘောကောင်းပါတယ်။ လေယာဉ်ပျံကြီးက သက်မဲ့ သတ္တ၀ါမို့လား? ရာသီဥတုက ကောင်းလို့ဘဲလား? အကြောင်း ၂ ခုလုံးကြောင့်ဘဲလား? ၂ ခုလုံးကြောင့် ဖြစ်ပါလိမ့်မယ် ထင်တယ်၊ ငြိမ်လိုက်တဲ့ လေယာဉ်ပျံ။


မင်္ဂလာဒုံလေဆိပ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့သား ၂၀၀ လောက်က ပန်းစည်းတွေ, ဘာတွေနဲ့ ဆီးကြိုနေကြတယ်။ ၁၉ ရက်နေ့ကလဲ တကြိမ် လာကြိုကြသေးသတဲ့၊ အဲဒီနေ့က ဆိုရင် လူ ၃၀၀ လောက် ရှိတယ်တဲ့၊ ၀မ်းနည်းထိခိုက်တဲ့ မျက်နှာများနဲ့ ပန်းစည်းများ ကိုယ့်ကို ပေးကြတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ ကိုယ့်ကို လွှတ်ပေးဘို့လဲ ကြွေးကြော် ကြတယ်။ စုံထောက်အရာရှိ ၄, ၅ ယောက်ကလဲ တာဝန်အရ လာစောင့်နေကြရတယ်။ ရန်ကုန်က လာကြိုကြတဲ့ လူတွေကို ကြည့်ပြီး မန္တလေးလေဆိပ်မှာ မိဘဆွေမျိုးတွေနဲ့ မင်းတို့တတွေ၊ ငြိမ်းချမ်းရေးဘက်တော်သား ၃, ၄ ရာနဲ့ သတင်းစာဆရာတွေ၊ ဦးမူတို့လို မိတ်ဆွေတွေ လိုက်ပို့တာကို ပြန်မြင်နေမိတော့တယ်။ ချမ်းမြသာစည် လေဆိပ်ရောက်တော့ မင်းက ကိုယ့်နားမှာ ထိုင်ပြီး မှာချင်တာတွေ မှာလိုတဲ့အခါမှာ စုံထောက်အရာရှိတဦးက ဘာများပြောမှာပါ လိမ့်ဆိုပြီး၊ တို့ ၂ ယောက် စကားပြောတာကို အတင်းဝင်နားထောင်တာတွေ၊ မင်းဟာ သတ္တိကောင်းတဲ့ မိန်းမဖြစ်ပြီး၊ ကိုယ့်ကို ရန်ကုန်ပို့ဘို့ လေဆိပ်ကို ခေါ်လာတဲ့အခါ မျက်ရည်ကျတာတွေကို မြင်ယောင်နေ တယ်။

Continue reading

ကိုနစ်နေမန်းကူးယူဖော်ပြပါတယ်။

မေလထုတ် မြန်မာ့ဓန မဂ္ဂဇင်းထဲမှာ ဆူးငှက်က မန္တလေးက ရွာဟိုင်းသင်္ချိုင်း နေရာဟောင်းမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေးရှိသေးတယ်လို့ ဖတ်ရတော့ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) တုန်းက အမေ ကိုဗဟိန်းအပေါ် မရိုးမသား ရှိခဲ့တာကလေး ပြန်ပေါ်လာရတယ်။
ပြန်ပေါ်လာရုံ၊ အမှတ်ရရုံမက စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ကိုယ်က ဘာမှ ပြောလို့ရတဲ့ ဘ၀မျိုးမှ မဟုတ်တော့ဘဲကိုး။

ကိုဗဟိန်းနဲ့ အမေတို့က မန္တလေးမှာ နေကြတာက ဂုန္တန်ဝင်းနဲ့ ယွန်းတန်းဆိုတော့ မန္တလေးလို တပြပဲ အိမ်ချင်းက ဝေးကြတာမို့ အိမ်နီးချင်းတွေပေါ့။ ပြီးတော့ နှစ်ယောက်စလုံးက ဆရာကြီးဦးရာဇတ်တပည့် နေရှင်နယ်ကျောင်းသားတွေ။ အတန်းချင်းတော့ မတူပါဘူး။ သူက ငယ်တာကိုး။ နောက်ဦးလှနဲ့ အမေနဲ့ အကြောင်းပါလာတော့ ဦးလှနဲ့ ကိုဗဟိန်းက အရင်ကတည်းက သိကျွမ်းပြီးသားတွေ ဖြစ်တဲ့အပြင် ဦးလှ မန္တလေးသားဖြစ်လာတော့ ကိုဗဟိန်းအဖေ ဦးလေးမှင်က ဦးလှကို ပိုပြီး ခင်တယ်၊ ချစ်တယ်လေ။ ဦးလှက မန္တလေးမှာ သူ့အမျိုးရှိတယ်ဆိုရင် အဲဒါ ဦးလေးမှင်ပဲလို့ အောက်မေ့တယ်။ ဒါကြောင့် သူ့သား သားဦး ကိုစိုးဝင်း မွေးတော့ လသားကလေး ရှိသေးတယ်။ မချီတတ် ချီတတ်နဲ့ အနှီးထုပ်ချိုင်းညှပ်ပြီး ထီးကြီးတချောင်းဆောင်းလို့ သူ့ ဦးလေးမှင်ကို သူ့သား သွားပြသတဲ့။
အမေ ဒီအကြောင်းတွေ ပြန်ရေးနေတာက အမေနဲ့ ကိုဗဟိန်းနဲ့ ရင်းနှီးပုံကို သိစေချင်လို့ပါ။ အမေက ၁၉၃၅ ခုနှစ်လောက်ကစပြီး ၀တ္ထုတိုကလေးတွေ ကြီးပွါးရေးထဲမှာ ရေးနေတယ်။ အဲဒီလိုရေးရင်း တနေ့တော့ ကြီးပွါးရေးထဲမှာ မြမဉ္ဇူ ကလောင်အမည်နဲ့ အမေရေးတဲ့ “ဒေါသ” ဆိုတဲ့ ၀တ္ထုတိုကလေး ပါလာတယ်။ ဒီဝတ္ထုတိုကလေးကို ကိုဗဟိန်းက ကြိုက်လွန်းလို့တဲ့၊ အိမ်ကိုလာပြီး သူက သူ ဒီဝတ္ထုတိုကို ကြိုက်တဲ့အကြောင်း ချီးကျူးဝမ်းသာစကား လာပြောတယ်။ Continue reading

သင်္ဘောကျင်းမှာ ကျွန်တော်က ကောင်စီဝင်တဦး ဖြစ်ပါတယ်။ အလုပ်သမားထုက ရွေးချယ်ပြီး တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်ပါ။ ကောင်စီကနေပြီး ကျွန်တော့်ကို ထုတ်လုပ်ရေး အတွင်းရေးမှူး၊ စည်းကမ်း ထိမ်းသိမ်းရေး အတွင်းရေးမှူး၊ စံပြရွေးချယ်ရေး အတွင်းရေးမှူး ဆိုပြီး တာဝန် ၃ ခု ပေးပါတယ်။
(အခု VOA မှာ လုပ်နေတဲ့) ဦးချစ်ဦး(၃၇) နှစ် ဆိုတာက ကျွန်တော်တို့ ကောင်စီ ဥက္ကဌပါ။ သူက စာရင်းကိုင်ချုပ်။ ကျွန်တော်တို့ သင်္ဘောကျင်းမှာ လခ ကျပ် ၁၂ဝဝ နဲ့ ဘားဆုံးနေပြီ။
ကောင်စီအစည်းအဝေးကို အပတ်တိုင်း ထိုင်ရတယ်။ တက်ရောက်တဲ့သူတွေထဲမှာ ဦးချစ်ဦး၊ ဗိုလ်မှူးရဲညွန့်၊ ကောင်စီအထွေထွေ အတွင်းရေးမှူး၊ နောက် ဌာနဆိုင်ရာ အလုပ်သမားကိုယ်စားလှယ်တွေ…….
ဆင်မလိုက် သင်္ဘောကျင်းက ယူဂိုစလဗ်က အကူအညီပေးတာ၊ သိန်း ၆၅ဝ ကုန်ကျတယ်။ ယူဂိုစလဗ် အင်ဂျင်နီယာတွေနဲ့ အတူ အလုပ် လုပ်ကြရတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အနောက်ဂျာမဏီ လျှပ်စစ် ဆီးမင်း ကုမ္ပဏီရှိတယ်။ တပ်ဆင်ထားတဲ့ စက်တွေက အရှေ့ဂျာမဏီ စက်တွေ။ စက်ရုံထဲမှာ သင်္ဘောလွန်းလမ်းတွေ၊ သင်္ဘောကို တနေရာက တနေရာကူးပြောင်းပေးတဲ့ Transmitter ရေကန်ကြီးတွေ၊ သင်္ဘော တည်ဆောက် ရေးစက်ရုံ၊ အလုပ်ရုံတွေပေါင်းစုံ၊ ဌာနပေါင်းစုံ ရှိပါတယ်။ အလုပ်သမားတွေ ဆိုတာကလဲ များသောအားဖြင့် ကိုးတန်း၊ ဆယ်တန်း သမားတွေ…… အလုပ်သမားပေါင်း ၁ဝဝဝ ခန့်ရှိတယ်။

Continue reading

၁၉၅၈ ခု နှစ်လယ်လောက်က ဤတိုင်းပြည်၌ ကြီးမားပြင်းထန်သော နိုင်ငံရေးပေါက် ကွဲမှုကြီးတခု ဖြစ်ပွားခဲ့လေသည်။ ထိုနိုင်ငံရေးအဖြစ်အပျက်ကြီးကို လူတိုင်းလိုလို သိရှိ ကြပြီးဖြစ်၍ အထူးရေးသားဖော်ပြရန် လိုအပ်တော့မည် မထင်ပေ။ ဤနိုင်ငံရေးပေါက်ကွဲမှု ကြီးသည် ဤတိုင်းပြည်၏ နိုင်ငံရေးဘဝနှင့် အခြေအနေတို့ကို အဘယ်မျှပြောင်းလွဲ ဖန်တီးခဲ့သည်ဆိုသော အချက်အလက်များကိုလည်း အကျယ်တဝင့် ရေးသားဖော်ပြရန် လိုအပ်တော့မည်မထင်ပေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးအဖြစ်အပျက်ကြီး၏ ဒဏ်ရာ ဒဏ်ချက်ကို တတိုင်းပြည်လုံး ကုန်းခံခဲ့ကြရသောကြောင့်ဖြစ်သည်။ ခံနေဆဲလည်း ဖြစ်သော ကြောင့်ဖြစ်သည်။

နိုင်ငံရေး တန်ခိုးအာဏာ သိမ်းပိုက်ထားသော နိုင်ငံရေးပါတီကြီးတခု၏ ပေါက်ကွဲမှု ဖြစ်ခြင်းကြောင့် ထိုပါတီကြီး၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူလျက် ရှိကြသော လူထုလူတန်းစား အဖွဲ့အစည်းအမျိုးမျိုးနှင့် ပြည်နယ်လူမျိုးစု အဖွဲ့အစည်းများအတွင်း၌လည်း ကြီးမားသော ဂယက်ရိုက်ခတ်မှုနှင့် လှုပ်ရှားမှုများ တနွယ်ငင်၊ တစင်ပါ ဖြစ်ပွားလာခဲ့သည်။ အရေးအကြောင်း ရှိလာလျှင် ထဘီနှင့် အင်္ကျီဆင်တူဝတ်၍ တသံတည်း အာတတ်သော အမျိုးသမီးများ ကွဲပြားသွားခဲ့ရသည့်နည်းတူ ကျောင်းသားလူငယ်၊ ကုန်သည်ပွဲစား၊ အမှုထမ်းအရာထမ်း နှင့် အလုပ်သမားစသော လူတန်းစား အဖွဲ့အစည်းများသည်လည်း ကွဲပြားခဲ့ကြသည်။ ပြည်နယ်မှ လူမျိုးစုများသည်လည်း သူ့လူ ငါ့လူဟူ၍ ဖြစ်သွားခဲ့ရသည်။ အလွန်တရာ ကြေကွဲဖွယ်ရာ ကောင်းသော နိုင်ငံရေးအဖြစ်အပျက်ကြီးတခုအနေနှင့် မှတ်တမ်းတင်ထားရလိမ့်မည်ဟု မြင်မိပေသည်။


Continue reading

၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ်ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။
သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူများ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ ကတ္တရာစေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာ ထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာ သေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များ သည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံမှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော်ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျွန်တော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျွန်တော့်ထံ ပြေးလာလေပြီ။ အလို….။

‘ဖြေးဖြေးမောင်းပါဗျာ’
ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။
မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန်တက်သွားကြလေပြီ။ Continue reading