မှတ်ချက်။                 ။ဘဘစိန်ဝင်း(လုထု)၏ “ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်” နိုင်ငံရေးအတွေးအမြင်ဆောင်ပါးများ စာအုပ်မှ “ဟန့်ရာက တန့်၊တန့်ရာက တုံးသွားတတ်တယ်” ဆောင်းပါးအား ခေါင်းစဉ်ပြင်၍ဖော်ပြခြင်းဖြစ်ပါသည်။ ဘဘစိန်ဝင်း(လူထု) အားအသိမပေးမိသည့် အတွက် အနူးအညွှတ်တောင်းပန်ပါကြောင်း……………………………………………….



‘စာနယ်ဇင်းကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ဂါကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလောဂ့်တွေ သိတ်များလာပြီး တချို့ မဟုတ်မဟတ်တွေချည်း ရေးနေကြတယ်’

လူငယ် စာနယ်ဇင်းသမားတစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေကို စောင့်ကြည့်ဖတ်ရှုနေသူဖြစ်တော့ သူတို့ ပြောသလို ဘလော့ဂ်တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။
လူထုဂျာနယ်လစ်တွေ

ဘလော့ဂ်ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင် ဘလော့ဂ်တွေ လုပ်လို့ ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ၀ါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်ကလေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်ဂါတွေကို တချို့က ‘လူထု ဂျာနယ်လစ်’ (Citizen Journalist) လို့ အမည်တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်းလုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး တကယ့်ကို ပုံမှန်ဘလော့ဂ်တွေထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရင်ဖွင့်တဲ့နေရာ

ဘလော့ဂ်ဂါတွေဟာ အများအားဖြင့် လူငယ်ကလေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကျတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်ကလေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိ ရေးမိကြတာတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ်၊ မတော်တရော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းနဲ့ချီတဲ့ ဘလော့ဂ်တွေထဲမှာ သိတ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်ကလေးတွေ အပျော်တမ်း လုပ်ကြတာတွေမို့ သင့်- မသင့်၊ တော်-မတော်၊ တင့်တယ်၏- မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ဂ်တို့၊ အင်တာနက်တို့ဆိုတာတွေကို စပြီး သုံးနိုင်ကြတာ ဘာမှမကြာသေးပါဘူး။ ဒီတော့ လူငယ်ကလေးတွေအဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့ဂ်ထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ် ဆိုတာကလည်း လူငယ်တို့ရဲ့အကြိုက် ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂ်ဂါတွေ များနေတာ ဖြစ်ပါတယ်။

စမ်းသပ်မှ တွေ့ရှိတယ်

ကွန်ပြူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂ်ဂါတွေ အများစုကလည်း လူငယ်ကလေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေနဲ့ ပြောပြီး ‘မဟန့်’ ချင်ပါဘူး။ လူငယ်ကလေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပြူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေ သွားရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက ‘ဟန့်’ ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ ‘တန့်’ သွားတတ်တယ်။ ‘တန့်’ ရာကနေ တဆင့်တက်တော့ ‘တုံး’ သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားခြင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားခြင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှမတွေ့တော့ ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။

မရှိမဖြစ် R နဲ့ D

တိုင်းပြည် ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရ ပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံမက စီးပွါးရေးလုပ်ငန်းကြီး တိုင်းမှာလည်း R & D ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေကို သွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံးအမျိုးမျိုး ပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်ပါတယ်။

ယုံကြည်မှု အရေးအကြီးဆုံး

ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တခု ပေးအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ ‘ယုံကြည်မှု’ ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့တဦး ယုံကြည်မှု အပြန်အလှန် ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လူမျိုးနဲ့တမျိုးလည်း အပြန်အလှန် ယုံကြည်မှု၊ ရှိကြပါမှ ချစ်ကြည်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်ပါတယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။

လူငယ့်စွမ်းအား အဓိက

နိုင်ငံတနိုင်ငံ တိုးတက်ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိကကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အထက်မှာပြောခဲ့သလိုပဲ ‘ဟန့်’ ရာက ‘တန့်’၊ ‘တန့်’ ရာက ‘တုံး’ သွားတတ်လို့ပါ။

လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဇွန် ၁၇။