Category: ပြည်ပဗမာ့သတင်း


ချင်းမိုင် (မဇ္ဈိမ) ။      ။ အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝဘ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဆုံဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များအား သဘောင်္ဖြင့် ပေးပို့စေခဲ့သည်ဟူသော စွပ်စွဲချက်များအား အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အတွင်းရေးမှူးက စစ်ဆေးဆောင်ရွက်ရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစောင်ကို အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သို့ ပေးပို့ခဲ့သည်။

ဝါရင့် ဥပဒေပြု အမတ်တဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု လိုလားသူ မစ္စတာ ဂျင်မ်ဝဘ်က ပြီးခဲ့သည့်လက ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ မြန်မာစစ်အစိုးရအပေါ် စွပ်စွဲချက်များသည် စစ်အစိုးရနှင့် ဆက်လက် စေ့စပ်ဆွေးနွေးရန် နောက်တွန့်စေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝဘ်က သူနှင့် သူ၏ အဖွဲ့သည် ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ စစ်အစိုးရအပေါ် စွပ်စွဲချက်နှင့် ပတ်သက်၍ အမေရိကန် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေး၍ ရှင်းလင်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းမရှိခဲ့ဟု သူ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားခဲ့သည်။

အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်က မြန်မာနိုင်ငံအား  ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနှင့် ပတ်သက်၍ စွပ်စွဲဝေဖန်မှုများတွင် အခြား မည်သည့်နိုင်ငံကမျှ အမေရိကန်နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဟု မစ္စတာဂျင်မ်ဝဘ်နှင့် အဖွဲ့အား ဖွင့်ဟခဲ့သည်ဟု ဆိုသည်။ Continue reading

ချင်းမိုင် (မဇ္ဈိမ) ။      ။ အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝဘ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဆုံဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များအား သဘောင်္ဖြင့် ပေးပို့စေခဲ့သည်ဟူသော စွပ်စွဲချက်များအား အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အတွင်းရေးမှူးက စစ်ဆေးဆောင်ရွက်ရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစောင်ကို အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သို့ ပေးပို့ခဲ့သည်။

ဝါရင့် ဥပဒေပြု အမတ်တဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု လိုလားသူ မစ္စတာ ဂျင်မ်ဝဘ်က ပြီးခဲ့သည့်လက ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ မြန်မာစစ်အစိုးရအပေါ် စွပ်စွဲချက်များသည် စစ်အစိုးရနှင့် ဆက်လက် စေ့စပ်ဆွေးနွေးရန် နောက်တွန့်စေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝဘ်က သူနှင့် သူ၏ အဖွဲ့သည် ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ စစ်အစိုးရအပေါ် စွပ်စွဲချက်နှင့် ပတ်သက်၍ အမေရိကန် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေး၍ ရှင်းလင်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းမရှိခဲ့ဟု သူ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားခဲ့သည်။

အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်က မြန်မာနိုင်ငံအား  ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနှင့် ပတ်သက်၍ စွပ်စွဲဝေဖန်မှုများတွင် အခြား မည်သည့်နိုင်ငံကမျှ အမေရိကန်နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဟု မစ္စတာဂျင်မ်ဝဘ်နှင့် အဖွဲ့အား ဖွင့်ဟခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၈ ရက် (အင်္ဂါနေ့) ရက်စွဲ တပ်ထားသော စာထဲတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယားရရှိရေး ဆောင်ရွက်နေသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB) က သတင်းထုတ်ပြန်မှုများကြောင့် မစ္စတာဂျင်မ်ဝဘ်သည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အား သွားရောက်ရန် နာရီအနည်းငယ် အလိုတွင် ဖျက်သိမ်းခဲ့သည်ဟု ရေးသားထားသည်။ ထိုကိစ္စနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ပေးရန်လည်း ဟီလာရီကလင်တန်အား တောင်းဆိုခဲ့သည်။

DVB မှ ရရှိခဲ့သော စွပ်စွဲချက်နှင့် ပတ်သက်သည့် အထောက်အထားများကို ကာတာ အခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနက နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သွားခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ABC သတင်းကွန်ယက်မှ ထပ်ဆင့်ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်တွင် ပြည်ပသို့ တိမ်းရှောင်လာသော စစ်ဘက်မှ ပညာရှင် အရာရှိ တဦးဖြစ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် အင်တာဗျူး အစီအစဉ် ပါဝင်ခဲ့ပြီး သူယူဆောင်လာခဲ့သော အထောက်အထားများဖြစ်သည့် စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထားများကို တင်ပြခဲ့သည်။

ဗိုလ်မှူးစိုင်းသိန်းဝင်းသည် မြန်မာနိုင်ငံ တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး နောက်ပိုင်းတွင် ရုရှားနိုင်ငံမှ နာမည်ကျော် ဗော်မန်မော်စကို နည်းပညာ တက္ကသိုလ် (Bauman Moscow State Technical University) မှ ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး အထူး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတွင် ဒုံးကျည်ပုံစံငယ်များ စမ်းသပ်ပြုလုပ်ခြင်းနှင့် နျူကလီးယား အစီအစဉ်များတွင် ပါဝင်လုပ်ကိုင်ခဲ့ရသည်။

မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်ရန် ဂျင်မ်ဝဘ်က တောင်းဆို

ဂျင်မ်ဝဘ်၏ စာထဲတွင် ၂၀၀၈ ခုနှစ်က ချမှတ်ထားခဲ့သည့် တွန်လမ်းတော့စ် မြန်မာ့ကျောက်မျက် ပိတ်ဆို့အရေးယူရေး ဥပဒေနှင့်အညီ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဲရစ်ဂျွန်အား အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီရေးရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ ဖြေရှင်းဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။ တွန်လမ်းတော့စ် အက်ဥပဒေအရ ထိုကဲ့သို့ ခန့်အပ်ရန် အမေရိကန် သမ္မတသည် ဆီးနိတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

ဆီနိတ်တာ အမတ်က ထိုင်းနိုင်ငံ၏ ‘လူကုန်ကူးမှု တိုက်ဖျက်ရေး’ အပေါ် နိုင်ငံခြားရေးဌာနမှ အဆင့်လျှော့ချ သတ်မှတ်ထားမှုကိုလည်း ဝေဖန်

မစ္စတာ ဂျင်မ်ဝဘ်၏ ပေးစာထဲတွင် သူ၏ ကော်မတီ ဥက္ကဋ္ဌ တာဝန်နှင့် စပ်လျဉ်းသည့် အခြား အရေးကြီးသော ကိစ္စများနှင့် ပတ်သက်၍လည်း သူ၏ ရပ်တည်ချက်များကို ဖော်ပြထားသည်။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက မကြာသေးမီက သတ်မှတ်ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် စာရင်းတွင် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အားထုတ်မှုအား အဆင့်နှစ် (စောင့်ကြည့်အဆင့်) သို့ လျှော့ချသတ်မှတ်ခဲ့မှုအပေါ်လည်း ဆန့်ကျင်ကြောင်း သူ၏ စာထဲတွင် ရေးသားထားသည်။ မစ္စတာ ဂျင်မ်ဝဘ်၏ စာထဲတွင် ထိုကဲ့သို့ အဆင့်လျှော့ချ သတ်မှတ်မှုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံသတ်မှတ်ချက်များအရ ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူ ခံရမှုတချို့နှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိသဖြင့် ထိုင်းနိုင်ငံအပေါ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု ရေးသားထားသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေရချိန်နှင့် နိုင်ငံရေး တည်ငြိမ်မှု ရရှိရန် ကြိုးစားနေရချိန် ဖြစ်သည့်အတွက် အကူအညီများ လိုအပ်နေချိန်တွင် ထိုကဲ့သို့ အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မစ္စတာဂျင်မ်ဝဘ်၏ စာထဲတွင် ရေးသားထားသည်။

မစ္စတာ ဂျင်မ်ဝက်၏ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ဇွန် ၈၊  ၂၀၁၀

လေးစားရပါသော မစ္စစ် ဟီလာရီ ရော့ဒမ် ကလင်တန်

အမေရိကန်အစိုးရအဖွဲ့ အတွင်းရေးမှူး

အမေရိကန် အစိုးရအဖွဲ့ရုံး

၂၂၀၁ C လမ်း၊ NW

ဝါရှင်တန် ဒီစီ၊ ၂၀၅၂၀

လေးစားရပါသော အတွင်းရေးမှူး မစ္စစ် လလင်တန် ခင်ဗျား

ကျနော်ဟာ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ တယောက်အနေနဲ့ ပြီးခဲ့တဲ့ အပတ်က ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို အဲဒီ့နိုင်ငံတွေမှာ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးဖို့အတွက် သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း သွားရောက်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကို ဆိုင်းငံ့ထားခဲ့ရပါတယ်။

သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရကိုယ်စားလှယ်တွေ၊ စီးပွားရေးသမားတွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ အမေရိကန် သံကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ရရှိလာတဲ့ အချက်အလက်တွေနဲ့ အကြံပြုချက်တွေကို မစ္စစ် ကလင်တန်ထံ ဝေမျှလိုပါတယ်။ ဒီအကြံပြုချက်တွေထဲက တချို့ဟာ အချိန်ပေါ်မူတည်ပြီး အပြောင်းအလဲတွေ ရှိနိုင်တာကိုလည်း မစ္စစ် ကလင်တန်အနေနဲ့ သတိထားမိပါလိမ့်မယ်။

၁။ အမေရိကန်- တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်

တောင်ကိုရီးယား-အမေရိကန် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် (KORUS FTA) ကို အကောင်အထည် ဖော်နိုင်ခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေသာမက အရှေ့အာရှနိုင်ငံတွေ အားလုံးပါ အကျိုးကျေးဇူး ခံစားရလိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်မိပါတယ်။ အဲဒီစာချုပ်ကို အတည်ပြုရေးအတွက် ကွန်ဂရက်မှာ ကြန့်ကြာနေမှာကိုတော့ အထူးစိုးရိမ်မိပါတယ်။

ဒီသဘောတူစာချုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီစာချုပ်အရ ၃ နှစ်အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုရဲ့ ၉၅ ရာခိုင်နှုန်းရှိတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်ရုံထုတ် ပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်မှုတွေကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စိုက်ပျိုးရေး ပို့ကုန် သုံးပုံနှစ်ပုံ အပေါ်မှာလည်း အခွန်စည်းကြပ်မှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု ကားထုတ်လုပ်သူတွေဟာ ကိုရီးယားမှာ ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် ဒီသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရေး လုပ်ဆောင်စေချင်နေကြကာ စာချုပ်အတည်ပြုရေး နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။ ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဒီစာချုပ်ကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာ ဒီစာချုပ်ကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေထက် အများကြီး အလေးသာနေတာမို့ စာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့ရင် ကောင်းကျိုးတွေကို လက်လွှတ်လိုက်ရမှာပါ။

ကိုရီးယားဟာ ဒီစာချုပ်ကို စံနမူနာထားပြီး တခြား လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်တွေကိုလည်း ပြုလုပ်နေပါတယ်။ ဥရောပသမဂ္ဂ (EU) နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို ဒီဇွန်လထဲမှာ လက်မှတ်ရေးထိုးဖွယ် ရှိနေပြီး ဒီဇင်ဘာမှာ အီးယူ-ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ ကိုရီးယားနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို အတည်ပြုဖို့ နှောင့်နေးနေမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ ကုန်စည်တွေဟာ ဈေးကွက်ထဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်ရကာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။ အရေးကြီးတာကတော့ စာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရှေ့အာရှ နိုင်ငံတွေဟာ အမေရိကန်ရဲ့ အရှေ့အာရှဒေသအပေါ် သဘောထားကို သံသယ ရှိလာနိုင်ပါတယ်။

ဒါကြောင့်မို့ မစ္စစ် ကလင်တန်အနေနဲ့ သမ္မတကို တောင်ကိုရီးယား-အမေရိကန် လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို နိုဝင်ဘာ ရွေးကောက်ပွဲများ မတိုင်မီ ကွန်ဂရက်မှာ တင်သွင်းဖို့ တောင်းဆိုသင့်ပါတယ်။ ဆီးနိတ်မှာတော့ ကျနော်က တတ်စွမ်းသလောက် ဒီစာချုပ် အတည်ပြုရေးအတွက် အစွမ်းကုန် အားထုတ်သွားမှာပါ။

၂။ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး တည်ငြိမ်မှု အတွက် ကူညီရေး

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ (TIP report) ကို ဇွန်လလယ်က ထုတ်ပြန်ခဲ့ပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဟာ အမေရိကန် နိုင်ငံခြားရေးဌာနက ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုကို အဆင့် ၂ မှ အဆင့်၂ (စောင့်ကြည့်အဆင့်) သို့ လျှော့ချသတ်မှတ်ထားကြောင်း တင်ပြလာပါတယ်။ သံရုံးအနေနဲ့ အဲဒီ့သတ်မှတ်မှုကို လက်ခံဖို့ ခက်ခဲနေပြီး အဲဒီ့ အဆင့်လျှော့ချ သတ်မှတ်မှုကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေပါတယ်။ အခုလို အဆင့်လျှော့ချ သတ်မှတ်လိုက်မှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေအရ ထိုင်းနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူ ခံရမှုတချို့နဲ့ ရင်ဆိုင်ရနိုင်စရာ ရှိနေလို့ ထိုင်းနိုင်ငံအပေါ်မှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး နိုင်ငံရေး တည်ငြိမ်မှု ရရှိဖို့ ကြိုးစားနေရလို့ အကူအညီတွေ လိုအပ်နေချိန်မှာ ဒီလို အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ဥပဒေအရဆိုရင် အမေရိကန်သမ္မတအနေနဲ့ သက်ညှာခွင့် ပေးနိုင်ပေမယ့် အဲဒါဟာ အရေးယူ ပိတ်ဆို့မှု ကြေညာပြီးမှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

မစ္စစ် ကလင်တန်အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဆွေးနွေးချက်နဲ့ အကြုံပြုချက်ကို လက်ခံပြီးတော့ ထိုင်းနိုင်ငံအပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ အဆင့်လျှော့ချ သတ်မှတ်မှုကို ပယ်ချလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီကိစ္စဟာ အနှောင့်နှေးမခံတဲ့ အရေးတကြီး ကိစ္စဖြစ်လို့ မစ္စစ်ကလင်တန်နဲ့ မစ္စစ်ကလင်တန်ရဲ့ ဝန်ထမ်းတွေအနေနဲ့ ချက်ချင်း ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

၃။ ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယား နိုင်ငံကနေ စစ်လက်နက်ပစ္စည်းများ ပေးပို့မှုကို လက်ခံခဲ့တယ်လို့ ၂၀၁၀ ခုနှစ် မေလက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်ရဲ့ စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ အစီရင်ခံစာမှာ ရှင်းလင်းချက်တွေ မပါခဲ့ပေမယ့် ဒီကိစ္စကို အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရှင်းလင်းသွားအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ထင်မြင်မိပါတယ်။ ဒီကိစ္စကြောင့်လည်း မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်တွေ ဆိုင်းငံ့ထားလိုက်ရတာပါ။

မကြာသေးခင်က အာရှခရီးစဉ် မတိုင်ခင်မှာ ကျနော်နဲ့ ကျနော့်ရဲ့ လက်ထောက်တွေဟာ မြန်မာစစ်အစိုးရအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးခဲ့ပေမယ့် ကျနော် အာရှခရီးစဉ် ထွက်ခွာသွားသည်အထိ  ဒီစွပ်စွဲချက်တွေ ရှင်းလင်းရေး အပေါ်မှာတော့ တခြားဘယ်နိုင်ငံကမှ အမေရိကန်နိုင်ငံနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာန အနေနဲ့လည်း ယခုအချိန်အထိ ရှင်းလင်းဆောင်ရွက်မှု မရှိသေးပါဘူး။  အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်ကလည်း  မြန်မာနိုင်ငံကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေမှာ တခြား ဘယ်နိုင်ငံမှ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသေးဘူးလို့ ကျနော့်ရဲ့ လက်ထောက်ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။

ကျနော့်ရဲ့ ခရီးစဉ် အချိန်ဇယားအရ မြန်မာနိုင်ငံကို သွားဖို့ နာရီပိုင်းအလိုမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ နျူကလီးယားရရှိရေး ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီစွပ်စွဲချက်တွေဟာ အမေရိကန်ရဲ့ ငွေကြေးအကူအညီနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနကနေတဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကို စွပ်စွဲချက်တွေ ကျေလည်အောင် စုံစမ်းစစ်ဆေး ရှင်းလင်းပြီးသည်အထိ ဆိုင်းငံ့လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ ထိုကိစ္စတွေ ရှင်းလင်းသွားအောင် အချိန်မီ ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါမှ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၎။ မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်အပ်ရန်

၂၀၀၈ ခုနှစ် တွန်လမ်းတော့စ် မြန်မာ့ကျောက်မျက် ပိတ်ဆို့အရေးယူရေး ဥပဒေအရ အမေရိကန် သမ္မတအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီရေးရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ဆီးနိတ်လွှတ်တော်ရဲ့ အကြံပြုချက်နဲ့ ခွင့်ပြုချက်ရရှိဖို့ လိုပါတယ်။

အဲဒီကိုယ်စားလှယ်ဟာ တခြားတာဝန်တွေအပြင် “နိုင်ငံပေါင်းစုံ ပူးပေါင်းပါဝင်သည့် ဘက်စုံပိတ်ဆို့အရေးယူရေး၊ အတိုက်အခံများနှင့်သာမက စစ်အစိုးရနှင့်ပါ တိုက်ရိုက်ဆွေးနွေးရေး၊ မြန်မာနိုင်ငံအတွင်းတွင် ရှိသော အန်ဂျီအိုများ အပါအဝင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရှိသည့် အန်ဂျီအို အဖွဲ့အစည်းများအား အကူအညီများပေးရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မည့် အရပ်သားအစိုးရ ပေါ်ပေါက်လာရေးနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ အလျင်အမြန်ပေးရေး” စတဲ့ တာဝန်တွေကို ဆောင်ရွက်သင့်ပါတယ်။ ၂၀၀၈ ခုနှစ် တွန်လမ်းတော့စ် အက်ဥပဒေကို ချမှတ်ပြီးကတည်းက အဲဒီလို တာဝန်ယူ ဆောင်ရွက်ရမယ့် သံတမန်မျိုးကို ခန့်ထားခြင်း မရှိခဲ့ပါ။

မစ္စစ်ကလင်တန်အနေနဲ့ အဲဒီတာဝန်တွေ ဆောင်ရွက်ပေးမယ့် အထူးသံတမန်တဦး အလျင်အမြန် ခန့်ထားဖို့ သမ္မတကို တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အနေနဲ့ကတော့ အဲဒီရာထူးနေရာအတွက် ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ် အဲရစ်ဂျွန်ကို ခန့်ထားဖို့ လေးလေးနက်နက် အကြံပြုလိုပါတယ်။ သံအမတ် အဲရစ်ဂျွန်ဟာ အရှေ့အာရှ ဒေသမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ကာလကြာရှည်စွာ တာဝန်ယူ လုပ်ဆောင်ဖူးတာကြောင့် အခု မြန်မာနိုင်ငံနဲ့ ကိစ္စမှာလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

၅။ အရှေ့အာရှရေးရာ ဌာနအတွက် ရန်ပုံငွေ မြှင့်တင်ရေး

ကျနော့်အနေနဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာနရဲ့ ရန်ပုံငွေကို ဒေါ်လာ သန်း ၁၀၀ ထပ်ပြီး မြှင့်တင်နိုင်ဖို့ နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမှု အက်ဥပဒေကို ပြင်ဆင်ရေး မူကြမ်းကို ဧပြီလက တင်သွင်းခဲ့ပါတယ်။ အရှေ့အာရှ ဒေသဟာ လူဦးရေ များပြားပြီး နိုင်ငံရေး မတည်မငြိမ်မှုတွေ များပြားပေမယ့် အမေရိကန်ရဲ့ အရှေ့အာရှဌာနဟာ တခြားဒေသဆိုင်ရာ ဌာနတွေနဲ့ နှိုင်းယှဉ်ရင် ရန်ပုံငွေ နည်းနေပါတယ်။

အရှေ့အာရှဌာနဟာ ၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံရပ်ခြား အစီအစဉ်တွေမှာ သုံးစွဲဖို့အတွက် ရန်ပုံငွေ တောင်းခံမှု ဒေါ်လာ ၁၆၉ သန်းနဲ့ အနည်းဆုံး အနေအထားမှာ ရှိနေပါတယ်။ အရှေ့အာရှ ဒေသမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုတွေ များပြားလာခဲ့ပေမယ့် နိုင်ငံအခြား အကူအညီ ရန်ပုံငွေခွဲတမ်းမှာတော့ အရှေ့အာရှအတွက် စီးပွားရေး အထောက်အကူပေးရေး ရန်ပုံငွေ (ESF) ဟာ ၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ  ဒေါ်လာ ၁၇၇.၉ သန်း ရှိခဲ့ရာကနေ ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၆၁.၃ သန်းအထိ ၆၅ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွက် ၂၀၀၉ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၀ ဘဏ္ဍာရေးနှစ် စီးပွားရေး အထောက်အကူပေးရေး ရန်ပုံငွေ (ESF) ဒေါ်လာ ၄.၈ ဘီလီယံနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ၂၀၁၀ ခုနှစ် မေလမှာ စုစုပေါင်း လျာထား ရန်ပုံငွေများ အနက်က ဒေါ်လာ ၂.၀၆ ဘီလီယံဟာ သုံးစွဲရခြင်း မရှိဘဲ ကျန်ရှိနေပါတယ်။ အဲဒီ ကျန်ရှိငွေတွေဟာ အရှေ့အာရှဒေသက ရရှိတဲ့ ရန်ပုံငွေ ခွဲတမ်းထက် အဆ ၃၀ ကျော် ပိုများနေပါတယ်။

အရှေ့အာရှရေးရာဌာနရဲ့ နိုင်ငံတကာ စစ်ဘက် ပညာရေးနှင့် လေ့ကျင့်ရေး (IMET) အတွက် ရန်ပုံငွေဟာလည်း ဒေါ်လာ ၉.၃ သန်းသာ ရှိပြီး အခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေပါတယ်။ အဲဒီပမာဏဟာ ဒေသဆိုင်ရာ စစ်ဘက်ခေါင်းဆောင်တွေကို အင်္ဂလိပ်စာ သင်ကြားပေးရေး၊ ယုံကြည်မှု မြှင့်တင်ရေးနဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတိမ်းအစောင်းမခံတဲ့ ငွေပမာဏပဲ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေအတွက် မျှတတဲ့ ရန်ပုံငွေခွဲတမ်း မရရှိခြင်းဟာ အမေရိကန်နိုင်ငံနဲ့ အရှေ့အာရှ နိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ အဟန့်အတားဖြစ်မှာကို ကျနော့်အနေနဲ့ အထူးစိုးရိမ်မိပါတယ်။ ဥပမာပြရရင် ထိုင်းနိုင်ငံဟာ မကြာသေးခင်ကမှ နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး လုပ်ဆောင်နေတဲ့ နေရာမှာ အမေရိကန်ရဲ့ အကူအညီ များစွာ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မဟာမိတ် နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ထိုင်းနိုင်ငံမှာ တည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှု ရရှိလာဖို့ အကူအညီပေးဖို့ တာဝန်ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ သင့်တင့်တဲ့ ရန်ပုံငွေ ရရှိမှသာ အကူအညီပေးရေး ခြေလှမ်းများ စတင်နိုင်မှာဖြစ်ပြီး ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပြည့်စုံစွာ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

အရှေ့အာရှရေးရာ လုပ်ငန်းစဉ်တွေအတွက် ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေ ပိုမိုရရှိဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ ပမာဏ ခြေလှမ်းအဖြစ် ရန်ပုံငွေ တိုးဖို့ တောင်းဆိုချက်ကို ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာ အရှေ့အာရှဒေသရေးရာ ဌာနအတွက် မဟာဗျူဟာအရ ဦးစားပေးပြီး လက်ရှိရန်ပုံငွေထက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ တိုးပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တတ်နိုင်သမျှ နည်းလမ်းတွေ သုံးပြီးတော့ အရှေ့အာရှရေးရာ ဌာနအနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ ရရှိလာအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် အမေရိကန် အစိုးရအဖွဲ့အနေနဲ့ အာရှဒေသနဲ့ ဆက်ဆံရေးတိုးမြှင့်ရေးကို အလေးထား ပြောဆိုနေကြပေမယ့် ရန်ပုံငွေ မလုံလောက်လို့ အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်ခဲ့ရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပေးထားတဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် တရုတ်နိုင်ငံလို နိုင်ငံတွေကို ဒေသတွင်းမှာ သြဇာညောင်းအောင် ပြုလုပ်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

ဒီအကြံပြုချက်တွေကို ဖတ်ရှုစဉ်းစားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ မစ္စစ်ကလင်တန်ရဲ့ တုံ့ပြန်မှုနဲ့အတူ အထက်ဖော်ပြပါ အကြံပြုချက်များအတိုင်း ခြေလှမ်းစလှမ်းနိုင်ရေးအတွက် မစ္စစ်ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကို မျှော်လင့်စောင့်စားနေပါ့မယ်။

ရိုးသားစွာဖြင့် 

ဂျင်မ်ဝဘ်

အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်
(မဇ္ဈိမမှတဆင့်)