Archive for December, 2009


ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်းများရှိ ရိုဟင်ဂျာ ၉၀၀၀ ခန့်ကို မြန်မာ စစ်အစိုးရက ပြန်လည် လက်ခံရန် သဘောတူညီကြောင်း သိရှိရသည်။

ယင်းအစီအစဉ်မှာ ပြီးခဲ့သည့် အင်္ဂါနေ့နှင့် ယနေ့ အပါအ၀င် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၂ ရက်ကြာသွားရောက်သည့် မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်၏ ခရီးစဉ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများ က ဆိုသည်။

 မြန်မာနိုင်ငံ နယ်စပ်အနီး ရိုဟင်ဂျာများထားသည့် ဘင်္ဂလားဒေ့ရှ် ကောက်စ်ဘဇားခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းတခု (ဓာတ်ပုံ – ရိုက်တာ)

ယခု ပြန်လည် လက်ခံမည့် ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ကောက်စ် ဘဇား ခရိုင်အတွင်းရှိ ကုတုပလောင်း ဒုက္ခသည် စခန်း နှင့် နာရာပရ ဒုက္ခသည် စခန်းများမှ ဖြစ်ပြီး ယင်းဒုက္ခသည် စခန်းများတွင် ရိုဟင်ဂျာ ၃၀၀၀၀ ၀န်းကျင် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး မိုဟာမက် မီဂျာယူလ် ကာရက်စ် ကို ကိုးကား၍ Reuters သတင်းတရပ် တွင် ဖော်ပြထားသည်။

“မကြာခင် ဒီအစီအစဉ် ဖြစ်မြောက်ဖို့ရှိပါတယ်”ဟု ဦးမောင်မြင့်နှင့် တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောကြောင်းလည်း သတင်းတွင် ပါရှိသည်။

ယခုကဲ့သို့ ရိုဟင်ဂျာများ ပြန်လည်ခေါ်ယူရန်အတွက် မြန်မာအစိုးရကို တိုက်တွန်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ လယ် ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက သတင်းထောက်များကို ထုတ်ဖော်ပြောကြား ထားသည်။

ရခိုင်လုပ်ငန်း စီမံချက် (Arakan Project) ညှိနှိုင်းရေးမှူး ခရစ္စ လေးဝါးက“အခုပြန်ပို့မယ့် ရိုဟင်ဂျာတွေထဲမှာ သူတို့ ဆန္ဒအလျောက် ပြန်မယ့် သူက နည်းပါတယ်”ဟု ပြောဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ယင်း ရိုဟင်ဂျာ ပြဿနာသည် ၁၉၉၁-၁၉၉၂ ခုနှစ်များ ကာလက စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ရိုဟင်ဂျာ ပေါင်း ၁ သန်းကျော် ရှိကြောင်း သိရသည်။

၎င်းရိုဟင်ဂျာများသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ အလုပ်အကိုင် အခက်အခဲဖြစ်၍ စားဝတ်နေရေး မပြေလည်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ လှေများဖြင့် ထွက်ခွာလာကြခြင်း ဖြစ်ပြီး  အများစုက မလေးရှားနိုင်ငံသို့ ရောက်ရှိရေးအတွက် ရည်ရွယ်ထားကြသည်။ သို့သော်လည်း ထိုင်းနိုင်ငံ ကမ်းစပ်များတွင် သောင် တင်ခဲ့ကြသူများသည်။

ရိုဟင်ဂျာများအရေး စည်းရုံးလှုံ့ဆော်နေသော ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်သည့် ရခိုင်လုပ်ငန်း စီမံချက် (Arakan Project) ၏ ၂၀၀၈ ခုနှစ် ဇွန်လ ခန့်မှန်းချက်အရ ၂ နှစ် အတွင်း ထိုင်းပင်လယ် ကမ်းခြေသို့ ရိုဟင်ဂျာ ၈,၀၀၀ ထက် မနည်း ရောက်ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ နေထိုင်သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တရိုးတွင် နယ်စပ်ဖြတ်ကျော်မှုကို ဟန့်တားရန်အတွက် ကီလိုမီတာ ၂၀၀ ခန့် ရှည်လျားသော သံဆူးကြိုး ကာရံလျက် ရှိနေသည်။
 ဧရာဝတီမှတဆင့်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကြား နိုင်ရန်နှင့် ကိုယ်ပိုင် အသက် မွေးဝမ်းကြောင်း ပြုနိုင်ရန် အတွက် Bridging Educational Access to Migrants (BEAM) အမည်ရှိ သင်တန်း ကျောင်းကို လာမည့် ဇန်ဝါရီ လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ယင်း သင်တန်း ကျောင်းတွင် ပေါင်းကူးပညာရေး (Bridging course) နှင့် အသက်မွေးမှု ပညာရပ်များကို သင်ကြား သွားမည်ဟု သိရသည်။

Bridging course တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာ၊ သိပ္ပံဘာသာနှင့် (GED) ပညာရေးများ ပါဝင်မည် ဖြစ်ပြီး သက်မွေးမှု ဘာသာ ရပ်များတွင် ၀ဘ်ဒီဇိုင်း တည်ဆောက်ခြင်းများ၊ ပုံနှိပ်လုပ်ငန်နှင့် ပတ်သက်သော ပညာရပ်နှင့် အပ်ချုပ် သင်တန်းများ ပါဝင်မည်ဟု ဦးသိန်းဝင်းက ပြောသည်။

Bridging course အတွက် သင်တန်းချိန် ၂ နှစ်ကြာမည့် ဖြစ်သည်။ ပထမနှစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာနှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ပြီး ဒုတိယနှစ်တွင် (GED) အတွက် သတ်မှတ်ထားသည့် သင်ရိုးစာအုပ်များကို တိုက်ရိုက် သင်ကြားပို့ချမည် ဖြစ်သည်။ ဘာသာရပ် အားလုံးကို အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည် ဖြစ်သည်။

“တချို့လူတွေက အထက်တန်း ကျောင်းတက်ပြီး ထိုင်းနိုင်ငံကို ရောက်လာတယ်။ တချို့ကလည်း တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် တက်ပြီး ဒီဘက်ကို ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ သူတို့ အထက်တန်း ပညာနဲ့ တက္ကသိုလ်ပညာ ဆက်တက်နိုင်ဖို့ ကလိုနေတယ်။ အခုလို လိုအပ်လို့ ဆရာတို့တွေ တိုင်ပင်ပြီး ဒီကျောင်းကို ဖွင့်ဖို့ စဉ်းစားလိုက်တာ” ဟု ဒါရိုက်တာ ဦးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

သင်တန်းချိန်ကို နံနက် ၈နာရီမှ နေ့လယ် ၁၁နာရီအထိ တချိန်၊ ညနေ ၅နာရီမှ ည ၈နာရီအထိ တချိန် ဟူ၍ ၂ ချိန် သတ်မှတ်ထားပြီး Bridging course အတွက် စုစုပေါင်း သင်တန်းသား ၄၀ တက်ရောက်ခွင့် ရှိသည်ဟု သိရသည်။

ထိုင်နိုင်ငံ ချင်းမိုင်မြို့ရှိ  မြန်မာ အလုပ်သမားများ အတွက် အခြေခံပညာ အဆင့် သင်ကြားပေးသည့် သင်တန်း ကျောင်းသာရှိပြီး အထက်တန်း ပညာနှင့် တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရန် ဆန္ဒရှိသော ကျောင်းသားများ အတွက် အဆိုပါကျောင်း ဖွင့်ပေးရန် လိုအပ်ကြောင်း ဦးသိန်းဝင်းက ပြောသည်။

“မြန်မာပြည်မှာဆိုရင် ပိုက်ဆံ အများကြီးပေးမှ တက်ခွင့်ရတယ်လေ။ အခု ဒီလိုမျိုး အခွင့်အရေးတွေ ရတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ အခုလို့ မြန်မာ အလုပ်သမားတွေကို အမြင် ကျယ်လာအောင် ကူညီပေးတဲ့ ဆရာ၊ ဆရာမတွေရှိတဲ့ အတွက်လည်း အရမ်းပီတိ ဖြစ်တယ်” ဟု Bridging course တက်ရန် စိတ်ဝင်စားနေသော ချင်းမိုင်ညဈေးရှိ စားသောက်ဆိုင်တ ဆိုင်တွင် အလုပ်လုပ်နေသည့် လီဆူး တိုင်းရင်သား ကိုအလေးက ပြောသည်။
ဧရာဝတီမှတဆင့်

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းအထက်ပိုင်း၊ တနိုင်းမြို့နယ်အတွင်းရှိ အချို့သော ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးကာ ခိုင်းစေနေသည်။
တနိုင်းမြို့နယ်အတွင်းရှိ တုံပနီနှင့် တဂါးခဒေသ ရွှေတွင်းများတွင် အလုပ်သမားများကို ပုံမှန်အလုပ်ဆင်းနိုင်ရန်နှင့် အလုပ်သမားထွက်ပြေးမှုများ မရှိစေရန် ရည်ရွယ်ပြီး ဘိန်းသုံးစွဲသူများကို နေ့စဉ် ဘိန်းပေးကာ အလုပ်ခိုင်းစေနေသည်ဟု အဆိုပါဒေသမှ ပြန်လာသည့် ဒေသခံတဦးက ပြောသည်။
၎င်းက “တချို့ရွှေတွင်းက အလုပ်သမား (၅) ယောက်လောက်နဲ့ လုပ်တာရှိတယ်။ တချို့က (၅ဝ၊ ၁ဝဝ) အထိတောင်ရှိတယ်။ ငွေအရင်းအနှီးနဲ့ ရွှေထွက်တဲ့အပေါ် မူတည်ပြီး အလုပ်သမားတွေခေါ်တာ မတူဘူး။ အဲဒီရွှေတွင်းမှာ ဘိန်းစားတွေပဲ အလုပ်မြဲတာ။ ပြီးတော့ ခိုင်းလို့လည်း ကောင်းတယ်တဲ့။ ကျောက်တုံးကြီး သယ်မရတာ၊ သစ်တုံးကြီးတွေ ဖယ်ရတာ၊ မနက် ချမ်းချမ်းအေးအေး ရေထဲမှာ အလုပ်လုပ်နိုင်တာက သူတို့ပဲရှိတာ” ဟု ပြောသည်။
ဘိန်းစွဲနေသည့် အလုပ်သမားများအား မနက် အလုပ်ဆင်းခါနီးတကြိမ်၊ ညနေ အလုပ်သိမ်းချိန်တကြိမ် ဘိန်းပုံမှန်ပေးနေရပြီး အစားအသောက်နှင့် နေထိုင်စရာသာ ပေးထားရကြောင်း အဆိုပါဒေသခံက ပြောသည်။
၎င်းက “အဲဒီမှာရှိတဲ့ ဘိန်းက ပိတ်ဘိန်းလို့ခေါ်တဲ့ ဘိန်းမျိုး။ ဒေသထွက်တွေပေါ့။ အဲဒီနားက စိုက်တဲ့ဘိန်းသီးက အစေးခြစ်ရင် မခဲတော့ ပိတ်အကျဲစမှာ ဘိန်းစေးတွေသုတ်ပြီး အခြောက်ခံထားရတယ်။ အဲဒီဘိန်းပိတ်စတွေကို ညှပ်ပြီး အလုပ်သမားတွေ ဝေပေးနေတာ။ အဲဒါကို ရေနဲ့ ပြန်ကျိုပြီး ဆေးထိုးအပ်နဲ့ အကြောထဲ သွင်းတာလည်း ရှိတယ်။ ငှက်ပျောရွက်အနုကို ဓားနဲ့ နုတ်နုတ်လှီးပြီး အခြောက်လုပ်ထားတဲ့ဟာနဲ့ ပိတ်ဘိန်းကို အစေးထွက်လာအောင် ကျိုထားတဲ့ဟာနဲ့ သမအောင်ရောပြီး ရှူတဲ့နည်းလည်း ရှိတယ်” ဟု ပြောသည်။
အလုပ်သမားများမှာ ငွေချက်ချင်းရလိုကြသောကြောင့် လစာငွေပုံမှန် မပေးနိုင်သည့် နေရာများတွင် မမြဲဘဲ ထွက်ပြေးနေမှုများ ရှိနေသဖြင့် အလုပ်သမား ရှားပါးမှုရှိနေချိန်တွင် ယခုကဲ့သို့ ဘိန်းစွဲနေသည့် အလုပ်သမားများကို ငှားရမ်းနေခြင်းလည်း ဖြစ်သည်။
ယခု တုံပနီနှင့် တဂါးခရွှေတွင်းများတွင် တနိုင်းဒေသဆိုင်ရာ ကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်တပ်များကလည်း မကြာခဏ လာရောက် ဆက်ကြေးငွေ ကောက်နေကြသည်ဟု တနိုင်းမြို့နယ်မှ ဒေသခံက ပြောသည်။
ခေတ်ပြိုင်မှတဆင့်

 ယခုလ (၂၆) မှ (၃ဝ) ရက်အထိ မန္တလေး၊ ပြင်ဦးလွင် ကားလမ်းနံဘေး ရတနာပုံဆိုင်ဘာစီးတီးတွင် ကျင်းပသည့် (၃) ကြိမ်မြောက် ရတနာပုံ အိုင်စီတီပြပွဲသည် ပြခန်းနည်းပြီး စည်ကားမှုမရှိကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူများက ပြောကြသည်။
မန္တလေးမြို့မှ သွားရောက်ကြည့်ရှုခဲ့သူတဦးက “ပြပွဲမှာ ပြခန်းက နည်းနည်းလေးပဲ။ ကြည့်စရာလည်း ဘာမှမရှိဘူး။ ဒီရတနာပုံ မြို့တော်မှာ ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေရယ်၊ ရန်ကုန်ကလာတာ နည်းနည်းရယ်ပဲ ရှိတယ်။ အဝေးကြီးကနေ သွားကြည့်ရတာ လုံးဝမတန်ဘူး။ အဲဒီ အနီးအနားက လူတွေကိုတော့ စတိတ်ရှိုးပွဲကို ဈေးပေါပေါနဲ့ လုပ်ပေးပြီး ဆွဲဆောင်ထားတာတော့ တွေ့တယ်” ဟု ပြောသည်။
ယခုပွဲသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်ကြောင့် လုပ်ရခြင်းဖြစ်ပြီး ရန်ကုန်မှ ကုမ္ပဏီအများစုကလည်း စိတ်ဝင်စားမှုမရှိကြကြောင်း၊ ရန်ကုန်တွင် အိုင်တီ ပွဲလုပ်သည့်အချိန် ပြခန်းပေါင်း (၁ဝဝ) ကျော်ဖြင့် တိုးကြိတ် စည်ကားသော်လည်း ယခုပွဲတွင်မူ ပြခန်း (၃ဝ) ကျော်ဖြင့် လူသိပ်မရှိကြောင်း အဆိုပါပြခန်းတွင် ရန်ကုန်မှ သွားရောက်ပြသသည့် အိုင်တီကုမ္ပဏီတခုက ပြောသည်။
နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း အဆိုပါ ရတနာပုံ ဆိုင်ဘာစီးတီးတွင် အိုင်တီပြပွဲတခု ပြုလုပ်ခဲ့ပြီး ယင်းအချိန်က အက်ဖ်အီးစီ (၁ဝ) တန်နှင့် (၂ဝ) တန် ဂျီအက်စ်အမ် တခါသုံးကတ်များ ရောင်းပေးမည်ဟု ကြေညာထားခဲ့ခြင်းကြောင့် နံပါတ်အသေရသည့် ပရီပေးကတ်များ ဖြစ်မည်အထင်ဖြင့် မန္တလေးမှလူများ လာရောက် တိုးဝှေ့ဝယ်ယူသည့်အတွက် စည်ကားခဲ့ဖူးသည်။
အဆိုပါကတ်များသည် တလအကြာတွင် နံပါတ်ကိုပါ လုံးဝသုံး၍ မရခြင်းကြောင့် ပြည်သူများ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့သည်။
ယခုတကြိမ်လည်း (၅) သိန်းတန် စီဒီအမ်အေ ဖုန်းများနှင့် (၅) သိန်းတန် နံပါတ်အသေရသည့် ဂျီအက်စ်အမ်ကတ်များ ရောင်းပေးမည်ဟု ဂျာနယ်များက သတင်းရေးကြသော်လည်း ရောင်းချပေးခြင်း မရှိသဖြင့် အဆိုပါဖုန်းများ ဝယ်ရန်လာကြသူ အနည်းငယ်လည်း စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။
ယခုပွဲစည်ကားရန် နအဖ အာဏာပိုင်များက ရန်ကုန်မှ မော်ဒယ်များခေါ်ယူပြီး Show ပွဲလုပ်စေခြင်း၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင် ဇော်ဝင်းထွဋ်တို့အပါအဝင် အဆိုတော်ပေါင်း (၆ဝ) ကျော်ကို ခေါ်ယူပြီး တပွဲ ကျပ် (၃,ဝဝဝ) ဖြင့် နေ့ခင်းကြောင်တောင် စတိတ်ရှိုးပွဲ ကျင်းပစေခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ကြည့်စရာမရှိသည့် အိုင်တီ ပြပွဲထဲကိုမူ ဝင်ရောက်ကြည့်ရှုခြင်း မတွေ့ရပေ။
ရန်ကုန်က သွားရောက်ပြသသည့် ကွန်ပျူတာ အရောင်းဆိုင်တဆိုင်ကမူ (၂၉) ရက်နေ့အထိ ၎င်းဆိုင်တွင် လက်ဖ်တော့တလုံးမှ ရောင်းချရခြင်း မရှိသေးကြောင်း၊ ယခုတခေါက်လာသည်မှာ စရိတ်ရှုံးကြောင်း ပြောသည်။
ယခင်က အိုင်စီတီပြပွဲကို ရတနာပုံ ဆိုင်ဘာစီးတီး ခန်းမကြီးတွင် ပြသခဲ့ပြီး ယခုတကြိမ်တွင်မူ Yatanarpon Cyber Hall ၌ ပြောင်းရွှေ့ကျင်းပခဲ့သော်လည်း အောက်ထပ် တထပ်တွင်ပင် ပြခန်းများ မပြည့်ကြောင်း သိရသည်။
ခေတ်ပြိုင်မှတဆင့်

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်အတွက် နေပြည်တော် စည်ပင်သာယာ ဥပဒေသစ်ကို ယမန်နေ့က ပြဋ္ဌာန်းလိုက်သည်။
ယခု ဥပဒေကြောင့် ယခင် ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့အပြင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတခု ထပ်တိုးလာမည်ဖြစ်သည်။
“စည်ပင်လုပ်ငန်းတွေက အရင်ကတည်းက လုပ်ပါတယ်။ အခု ဥပဒေ ထုတ်လိုက်တော့ တရားဝင် ငွေကောက်ခံခွင့် လက်မှတ်နဲ့ တရားဝင် စည်ပင်ရန်ပုံငွေ ရှာခွင့်လက်မှတ် ရသွားတာလို့ပဲ မြင်ပါတယ်” ဟု ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး ကော်မတီကဲ့သို့ပင် ဒေသတွင်း စည်ပင်သာယာအမိန့်များကို ထုတ်ပြန်နိုင်မည်ဖြစ်သည်။
စစ်အစိုးရခေါင်းဆောင်က နေပြည်တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းပေးမည်ဖြစ်ပြီး မြို့တော်ဝန်ကိုလည်း ခန့်ထားမည်ဖြစ်သည်။
ယခင်က ရန်ကုန်နှင့် မန္တလေးတို့တွင်သာ မြို့တော်ဝန်ရှိရာမှ ယခု ဥပဒေကြောင့် မြန်မာနိုင်ငံတွင် မြို့တော်ဝန်တယောက် ထပ်တိုးလာမည်ဖြစ်သည်။
အစိုးရ ၀န်ထမ်းလောကတွင်မူ ၀င်ငွေကောင်းသည့် အလုပ်အကိုင်အဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ခန့်အပ်မည့် ၀န်ထမ်းနေရာများကို စိတ်ဝင်စားနေကြောင်း သိရသည်။
“နေပြည်တော် စည်ပင်ဝန်ထမ်း ဘယ်လောက်ခေါ်မယ်တော့ မထုတ်သေးဘူး။ နောက် တပတ်လောက်အတွင်း ၀န်ထမ်း နေရာတွေ ထွက်လာမယ် ထင်တယ်။ ၀န်ထမ်းလောကမှာ စိတ်ဝင်စားသူ များပါတယ်။ အင်ဂျင်နီယာလိုမျိုး၊ ဦးစီးမှူးလိုမျိုး နေရာတွေ ၀င်တိုးမယ့်သူ များပါတယ်” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းတဦးက ပြောသည်။
စစ်အစိုးရ ပြန်တမ်းဝင်အရာရှိအဆင့် ၀န်ထမ်းနေရာများကို တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားပြီးသူများထဲမှ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့က စိစစ်ရွေးချယ် ခန့်အပ်လေ့ရှိသည်။
ယင်းရာထူးနေရာများအတွက်လည်း ရာထူးနေရာအလိုက် သက်ဆိုင်ရာ ရွေးချယ်ရေး အာဏာပိုင်များကို လာဘ်ထိုးရကြောင်း သိရသည်။
“သာမန် စည်ပင်စာရေး တယောက်ဖြစ်ဖို့ (၁၀) သိန်းပေးရတယ်။ ရာထူးအလိုက်၊ အကပ်အလိုက် ဘွဲ့ရချင်း တူရင်တောင် စာရေးဖြစ်တဲ့သူက ဖြစ်တယ်၊ ဦးစီးမှူးဖြစ်တဲ့သူက ဖြစ်တယ်၊ မတူဘူး” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းက ပြောကြားသည်။
ခေတ်ပြိုင်မှတဆင့်

မူးယစ်ဆေးစွဲသူများကို အိမ်တိုင်ရာရောက် နှစ်သိမ့်ဆွေးနွေး ပညာပေးလုပ်ငန်း လုပ်ကိုင်နေသူများသည် မြန်မာနိုင်ငံ၏ လက်ရှိ မူးယစ်ဥပဒေကြောင့် အခက်တွေ့နေကြောင်း သိရသည်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ်ချမှတ်ခံရနိုင်သည့် ယင်းဥပဒေကြောင့် နှစ်သိမ့်ဆွေးနွေး ပညာပေး လုပ်ငန်းများအနေဖြင့် ဆေးဖြတ်ရာတွင် အထောက်အကူပြုအဖြစ် ဆောင်ထားရသည့် မူးယစ်ဆေးအနွယ်ဝင် ဆေးများကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။
“အခုတော့ နားလည်မှုနဲ့ အလုပ်လုပ်ကြရတယ်။ တရားဝင် သက်ဆိုင်ရာကို သတင်းပို့ထားရတယ်။ ဒီလူတွေမှာ မူးယစ်ဆေးဝါး လက်ဝယ်ရှိတယ်။ သူတို့ဟာ စေတနာ့ဝန်ထမ်းတွေပါ။ ဆေးဖြတ်ရာမှာ လူနာဆေးကျွေးရာမှာ အသုံးပြုဖို့ပါ စသဖြင့်ပေါ့၊ ဒီလိုလုပ်နေကြရတယ်” ဟု မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ရာတွင် ကူညီဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
စစ်အစိုးရ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် မူဝါဒက ဆေးစွဲသူများကို ဆေးရုံတက် ဆေးဖြတ်စေခြင်း၊ ဆေးဖြတ်ပြီးသူများကို လည်း မှတ်တမ်းယူကာ စောင့်ကြည့်ခြင်း၊ မူးယစ်ဆေး လက်ဝယ်ထားရှိပါက ပြစ်ဒဏ်ချမှတ်ခြင်းတို့ကြောင့် လူသိမခံလိုသော မူးယစ်ဆေးစွဲသူများအနေဖြင့် ဆေးဖြတ်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
“ကျနော်တို့ တွေ့ရသလောက်ကတော့ ဆေးစွဲရင် ဖြတ်ချင်ပေမယ့် ဆေးရုံတက်ဖြတ်ရင် ပတ်ဝန်းကျင်က သိမယ်။ ဒီကောင် ဆေးသမား ထောင်ထွက်ဆိုတော့ ဆေးစွဲတဲ့သူက အဲလိုလည်း မဖြတ်ချင်ဘူး။ တိုးတိုးတိတ်တိတ် ဖြစ်ချင်ကြတယ်။ အခုနောက်ပိုင်း နိုင်ငံခြားထွက်ပြီး ဖြတ်လာကြတာတွေ ရှိတယ်” ဟု အဆိုပါ စေတနာ့ဝန်ထမ်းဖြစ်သူက ပြောသည်။
လက်ရှိ အနေအထားအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအရေးနှင့် ပတ်သက်လုပ်ကိုင်နေသည့် တရားဝင် လူမှုအဖွဲ့အစည်း (၂) ခုခန့်သာရှိပြီး ယင်းတို့မှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အငြိမ်းစားယူထားသူများ ဖြစ်ကြသည်။
နိုင်ငံတကာလူမှုအဖွဲ့များအနေဖြင့် မူးယစ်ဆေးစွဲ လူငယ်များကိစ္စ ဆောင်ရွက်လိုသော်လည်း တည်ဆဲဥပဒေများအရ ဆောင်ရွက်ရန် အခြေအနေမပေးကြောင်း သိရသည်။
ဆေးစွဲလူငယ်များသည် ဆေးဖြတ်ရန် ဆန္ဒရှိသော်လည်း ကူညီပေးမည့် အဖွဲ့အစည်း ရှားပါးသည့်အတွက် မူးယစ်ဆေးစွဲဘ၀မှ မလွတ်မြောက်သေးသူ အများအပြားရှိနေသေးကြောင်း သိရသည်။
“နှစ်သိမ့်ဆွေးနွေး ပညာပေး လုပ်နေတာရော။ နောက် အိမ်တိုင်ရာရောက် ဆေးဖြတ်ပေးနေတာရော အဖွဲ့တခုတည်းပဲ ရှိတယ်။ မလုံလောက်ဘူးဆိုတဲ့ အနေအထားမှာပါ။ တကယ်ဆေးစွဲ လူငယ်တွေက ရန်ကုန် ရှိမယ်၊ ကချင် ရှိမယ်၊ မန္တလေး ရှိမယ်၊ လားရှိုးဘက်များမယ်၊ တမူး-ကလေးဘက်လည်း ရှိတယ်။ တနိုင်ငံလုံး လွှမ်းခြုံနိုင်ဖို့ ဒီလို စေတနာ့ဝန်ထမ်း ဆေးဖြတ်ပေးမယ့်၊ နှစ်သိမ့်ဆွေးနွေးမှု ပေးနိုင်မယ့် Peer Group (တူညီအုပ်စု) တွေ အများကြီးလိုတယ်” ဟု မူးယစ်ဆန့်ကျင်ရေးလှုပ်ရှားသူ တဦးက ပြောသည်။
ပြီးခဲ့သည့် နှစ်ပိုင်းတွင်းမှစကာ ရန်ကုန်မြို့တွင် မူးယစ်ဆေး စတင်စွဲသူများကို နှစ်သိမ့်ဆွေးနွေးကာ မူးယစ်ဆေးဖြတ်ခြင်း လုပ်ငန်းကို မူးယစ်ဆေးစွဲဖူးသူ စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် မဆောင်ရွက်နိုင်သေးသည်ကို တွေ့ရသည်။
ခေတ်ပြိုင်မှတဆင့်

စစ်အစိုးရက အပစ်ရပ် ဝ အဖွဲ့ UWSA အား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခုလကုန် နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောထားသော်လည်း ယနေ့ထိ နှစ်ဖက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် စရဖ ဒု ဗိုလ်မှူးကြီး ထွန်းထွန်းရီတို့က ဝ နယ်မြေကို ဖြတ်၍ တရုတ်နယ်စပ် လန်ချန်းမြို့တွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆွေးနွေးရန် ထွက်ခွာမှုသာရှိသည်ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က မဇ္ဈိမကို ပြောသည်။

ယခင်လ ၁၄ ရက်နေ့တွင် နအဖ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့နှင့် ဝ တပ် နိုင်ငံရေး ဦးဆောင်မှု ပါတီဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာမှ သဘောတူညီချက်မရသဖြင့် တပ်တွင်း ထပ်မံ ဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။

နအဖ ဖက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃၀ ဦးကို ထည့်သွင်းမည် ဖြစ်သည်။

သို့သော် ဝ တပ်ဖွဲ့ကမူ အချက် ၉ ချက်တင်ပြထားပြီး နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံပါ “ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အတွင်း ရှမ်းပြည်တောင်ပိုင်း မိုင်းပေါက်၊ မိုင်းဖျင်၊ ဝမ်ဟုန် ဒေသများကို ထည့်သွင်းပေးရန်လည်း ပါဝင်သည်။

တပ်အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် တင်ပြထားသည်။ ယင်းစစ်ဒေသခွဲများတွင် စစ်ဒေသတပ်မှူး အပါအဝင် ထိပ်ပိုင်းတပ်မှူးနေရာ ၁၄ နေရာအနက် ဝ တပ်ဖွဲ့က ၁၀ နေရာ တောင်းထားပြီး နအဖ အတွက် ၄ နေရာသာ သတ်မှတ်ထားသည်။

စစ်ဒေသခွဲများ၏ “ထောက်ပံ့ရေး၊ ကျန်းမာရေး အာမခံခြင်းနှင့် လေ့ကျင့်ရေး နည်းပြများကို အဓိကအားဖြင့် တပ်မတော်မှ တာဝန်ယူရန်နှင့် ဝ တပ်ဖွဲ့မှ ပေါင်းစပ်သွားရန်” တင်ပြထားသည်။ ထို့အပြင် တပ်ရင်းအဆင့်နှင့် လက်အောက် ကေဒါအရာရှိများ၊ တပ်သားများအား ဝ တပ်ဖွဲ့မှသာ တာဝန်ယူသွားမည် ဖြစ်ပြီး “တပ်မတော်မှ စေလွှတ် ခန့်အပ်ခြင်း မလိုတော့ကြောင်း” လည်းပါရှိသည်။

အသွင်ပြောင်း ဖွဲ့စည်းပြီးနောက်တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ကျန်ရှိဦးမည် ဖြစ်ကြောင်း၊ ဌာန အသီးသီးမှ ကျန်မည့် အင်အား ၅၀၀၀ ကျော်လည်း ရှိမည်ဖြစ်သောကြောင့် ၎င်းတို့အား ၅ နှစ်စာ ပင်စင် စားရိတ်များကို တကြိမ်တည်းဖြင့် ပံ့ပိုးပေးရန် အချက် ၉ ချက်အတွင်း ထည့်သွင်းထားသည်။

ဝ တပ်ဖွဲ့တွင် လက်နက်ကိုင်ပြည်သူ့စစ် အင်အား ၂ဝဝဝဝ ကျော်ရှိသဖြင့် ၎င်းတို့အား စိစစ်ပြီး “ပြည်သူ့စစ်တပ်ဖွဲ့” တဖွဲ့ဆက်လက်ထားရှိရန် ဖော်ပြသည်။ အသွင်ကူးပြောင်းပြီးနောက် ဝ နယ်ဒေသ အတွင်းရှိ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ဥပဒေကျူးလွန်မှု နောက်ထပ်မရှိလျင် ၎င်းတို့၏ လုံခြုံမှုကို စစ်အစိုးရက အပြည့်အဝ အာမခံပေးရမည်ဖြစ်ကြောင်း တင်ပြထားသည်။

နအဖ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုအဆင်မပြေသည့်နောက်ပိုင်း ဝ တပ်ဖွဲ့များ စစ်ရေးတိုးချဲ့ပြင် ဆင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နအဖ ဘက်ကမူ မကြာသေးမီက လာလည်သော တရုတ် ဒုသမ္မတ ရှီကျင်းဖျင် (Xi Jinping) အား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံအတွင်း ဖြတ်သွားမည့် အရှည် ၇၇၁ ကီလိုမီတာရှိ ရေနံ ပိုက်လိုင်းတလျှောက် လုံခြုံရေး ယူပေးမည်ဟု မြန်မာအာဏာပိုင်များက အာမခံခဲ့သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ – ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမမှတဆင့်

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပန်းချီပြပွဲ အပါအဝင် အခြားပြပွဲ၊ ပြိုင်ပွဲများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ပြောသည်။ 

အတိုက်အခံပါတီ ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေက ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ လုပ်မှာပေါ့။ ကျနော်တို့ အန်အယ်ဒီ ဗဟိုရုံးက အစည်းအဝေး ခန်းမမှာလုပ်မှာ။ ပန်းချီပြပွဲအပြင်၊ အန်အယ်ဒီ လူငယ်တွေရဲ့ စကားရည်လုပွဲ၊ နောက်ပြီး တခန်းရပ် ပြဇာတ်၊ သီချင်းနဲ့ ဖျော်ဖြေပွဲတွေနဲ့ ကျင်းပမှာပါ” ဟု မဇ္ဈိမ ကို ပြောသည်။

ယခုနှစ် အခမ်းအနားတွင် လူငယ်များ၏ ဖျော်ဖြေမှု ကဏ္ဍကို ထည့်သွင်းလာခြင်းက ထူးခြားနေသည်။ 

“ဒီနှစ်ကတော့ဗျာ လူငယ်တွေကလည်း မြို့နယ်တွေမှာ စည်းရုံးရေးတွေဘာတွေ လုပ်နေတာ အရှိန် နည်းနည်း ရလာတယ်။ လုပ်ငန်းကိုင်ငန်းကလည်း အားကောင်းလာတော့ လူငယ်တွေအနေနဲ့ အခုလို ပြဇာတ်တွေ၊ စကားရည်လုပွဲတွေ ထည့်သွင်းလာတာပေါ့” ဟု ဦးအုန်းကြိုင်က ပြောသည်။

ယခုအခါ လူငယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရန်နှင့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် ပြည်နယ်နှင့် တိုင်းအသီးသီးမှ အန်အယ်ဒီ လူငယ်အသီးသီးလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုပြင် နိုင်ငံရေး အကျဉ်းသားများကို ကူညီထောက်ပံ့ရန် ရည်စူး၍ ပန်းချီပြပွဲတခုကို အန်အယ်ဒီ ရုံးခန်းတွင် ဇန်နဝါရီ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသွားမည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

ပန်းချီပြပွဲတွင် ပန်းချီကားများကို တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပန်းချီပညာရှင် အသီးသီးမှ လှူဒါန်းသော ပန်းချီကားများကို ပြသထားမှာဖြစ်ပြီး၊ ယနေ့အထိ လက်ခံရရှိသော ပန်းချီကား ၆၆ ကားရှိပြီ ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမမှတဆင့်

ထိုင်းနိုင်ငံ၏ အကြီးဆုံးသော နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT အနေဖြင့် မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့ရှိ ဇောတိက လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့များ ဝယ်ယူရန် ထိုင်းကက်ဘိနက်က ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ထိုင်းအစိုးရ အိမ်တော်၏ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ Watchara Kannika က အင်္ဂါနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာတွင် သဘာဝ ဓာတ်ငွေ့ ဝယ်ယူရေးအတွက် အမျိုးသား စွမ်းအင် ပေါ်လစီ ကော်မတီ၏ အဆိုပြုလွှာကို ထိုင်းကက်ဘိနက်က အတည်ပြု ထောက်ခံ ပေးလိုက်သည်ဟု ပါရှိသည်။

” လုပ်ကွက်က တနေ့ကို ကုဗပေ သန်း ၃၀၀ လောက် ထုတ်လုပ်နိုင်တယ်။ အဲဒီထဲကနေ ကုဗပေ သန်း ၂၄၀ ကို ထိုင်းကို ပံ့ပိုးသွားမှာဖြစ်ပြီး မြန်မာပြည်မှာ ကုဗပေ သန်း ၆၀ သုံးမှာ ဖြစ်တယ်။ ဈေးနှုန်းကတော့ ရတနာနဲ့ ရဲတခွန် လုပ်ကွက်တွေရဲ့ ဈေးနဲ့ အတူတူပဲ” ဟု သူက ပြောကြားသွားကြောင်း Thai News Agency ဝက်ဘ်ဆိုက် သတင်းတပုဒ်တွင် ပါရှိသည်။

ထိုင်း စွမ်းအင် ဝန်ကြီး Wannarat Charnnukul  ဦးစီးပြီး တင်္နလာနေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် အမျိုးသား စွမ်းအင် ပေါ်လစီ ကော်မတီက ငါးနှစ် စီမံကိန်းတခုကို တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံ၏ စွမ်းအင် လိုအပ်ချက်သည် တိုးများလာနေရာ ၂၀၁၅ ခုနှစ်အရောက်တွင် တနေ့လျှင် သဘာဝ ဓာတ်ငွေ့  ၅.၁၄၂ ဘီလီယံ ကုဗပေ လိုလိမ့်မည်ဟု တွက်ဆထားသည်။

ဇောတိက လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ ပေးပို့မှုကို ၂၀၁၃ ခုနှစ်တွင် စတင်မည်ဟု Wannarat က ပြောကြားလိုက်ပြီး ဓာတ်ငွေ့ အရောင်းစာချုပ်အရ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိပြီး နှစ်ပေါင်း ၂၅ နှစ်မှ ၃၀ အတွင်း ဓာတ်ငွေ့ ပေးပို့သွားမှာ ဖြစ်သည်။ မည်သည့်နေ့ရက်က သဘောတူ စာချုပ်ချုပ်သည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။

လျှပ်စစ် ဓာတ်အားပေး စက်ရုံများအတွက် နှစ်စဉ် လိုအပ်ချက်မှာ ၃.၃ ရာခိုင်နှုန်း များလာပြီး စက်မှုကဏ္ဍတွင် ၁၁ ရာခိုင်နှုန်း၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ၂၃ ရာခိုင်နှုန်း တိုးလာကာ သဘာဝ ဓာတ်ငွေ့ လိုအပ်ချက်သည် တနှစ်လျှင် ခြောက်ရာခိုင်နှုန်း တိုးလိမ့်မည်ဟု ထိုင်းအာဏာပိုင်များက ဟောကိန်း ထုတ်ထားကြသည်။

၄၄၀ မဂါဝပ် ထုပ်လုပ်နိုင်စွမ်းရှိသည့် လာအိုနိုင်ငံ Nam Ngum လျှပ်စစ် ဓာတ်အားပေး စက်ရုံ အမှတ် ၃ မှ လျှပ်စစ် ဝယ်ယူရေးအတွက် ထိုင်းလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး အာဏာပိုင် (EGAT) နှင့် လာအို နိုင်ငံတို့အကြားလည်း သဘောတူ စာချုပ်တခု ချုပ်ဆိုဖို့ ရှိနေသည်။ အဆိုပါ ဝယ်ယူမှုကို ၂၀၁၇ တွင် စတင်မှာ ဖြစ်သည်။

“တယူနစ်ကို ၂.၆၅ ဘတ်နှုန်းနဲ့ ဝယ်ဖို့ ကျနော်တို့ စဉ်းစားထားတယ်။ ဒါပေမယ် EGAT ကပဲ သက်ဆိုင်ရာတွေ အားလုံးနဲ့ ဈေးညှိပြီး စာချုပ်ချုပ်ရမှာ”

သို့သော်လည်း စီမံကိန်းသည် “ပိုတွက်” ထားခြင်း ဖြစ်နိုင်ပြီး အိမ်နီးချင်း နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်စေနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုံ့ဆော်သူများက ထိုင်းအစိုးရကို စက်တင်ဘာလအတွင်းက တင်ပြထားကြသည်။

Towards Ecological Recovery နှင့် Regional Alliance (TERRA) အဖွဲ့မှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ Montree Chantawong က မဇ္ဈိမသို့ ပြောကြားရာတွင် လာအိုနှင့် မြန်မာတို့ ပါဝင်သော ထိုင်းအစိုးရ၏ အစီအစဉ်သည် ထိုင်းစွမ်းအင် လိုအပ်ချက်အတွက် မလုပ်မဖြစ် ကိစ္စတရပ်မဟုတ်ဟု ပြောသည်။

” ထိုင်းမှာ တခြားနည်းလမ်းတွေနဲ့ စွမ်းအင်ရအောင် လုပ်နိုင်စွမ်းရှိတယ်လို့ လေ့လာ ဆန်းစစ်မှု အမြောက်များမှာ တွေ့ထားတယ်။ အရန် လျှပ်စစ် ဓာတ်အားတွေ အများကြီး ရှိနေသေးတာကြောင့် မြန်မာပြည်က တာဆန်းနဲ့ ဟတ်ကြီးဆည်က လျှပ်စစ်တွေ အခုလတ်တလောမှာ ဝယ်ဖို့ မလိုသေးဘူး” ဟု သူက ပြောသည်။

မုတ္တမ ပင်လယ်ကွေ့ရှိ လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ ရှာဖွေရန် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် သမရိုးကျ မဟုတ်သော သဘောတူညီချက်တခုကို PTT က ၂၀၀၇ ခုနှစ်တွင်း လက်မှတ် ရေးထိုးပြီးနောက် သဘာဝ ပတ်ဝန်ကျင် စောင့်ရှောက်ရေးသမားများက မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ ဝယ်ယူရေး သဘောတူညီချက်ကို ပြန်လည် စဉ်းစားရန် ထိုင်းအစိုးရကို တင်ပြထားခဲ့ကြသည်။

မြန်မာစစ်အစိုးရနှင့် အလုပ်လုပ်ခြင်းအားဖြင့် စစ်ဗိုလ်ချုပ်များအတွက် အိတ်ဖောင်းစေလိမ့်မည်ဟု လူ့အခွင့်အရေး စောင့်ရှောက်သူများက စိတ်ပူနေကြသည်။

သို့သော်လည်း အမျိုးသား စွမ်းအင် လိုအပ်ချက်အတွက် မလုပ်မဖြစ် ကိစ္စတရပ် ဖြစ်သည်ဟု ထိုင်းအစိုးရက ခုခံ ပြောဆိုထားသည်။
မဇ္ဈိမမှတဆင့်

စွန့်ပစ် ပလပ်စတစ်နှင့် ကြွပ်ကြွပ်အိတ်များကို ပလပ်စတစ် ပရိဘောဂများတွင် အသုံးပြုမည့် ကုန်ကြမ်းအသားအဖြစ် ပြန်လည် ထုတ်လုပ်မည့် Recycle စက်ရုံတခုကို ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့တွင် တည်ဆောက်ရန် စီစဉ်နေကြောင်း လုပ်ငန်းရှင်များ အသင်းက ယနေ့ ပြောသည်။

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Recycle ပြုလုပ်သော စက်ပစ္စည်းများမှာ လာမည့်လအတွင်း ရောက်ရှိလာမည် ဖြစ်ပြီး ယခုကတည်းက ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ စုဆောင်းနေသည်။

“စက်တွေက တရုတ်နိုင်ငံက ဝယ်ထားတာပါ။ လာမယ့်လကို ရောက်ပါမယ်။ အခု ကုန်ကြမ်းဖြစ်တဲ့ ပလပ်စတစ်တွေကို အဝယ်ဒိုင် ၁၁ ခုဖွင့်ပြီး ကျနော်တို့ စုဆောင်းနေပါပြီ။ ဒဂုံဆိပ်ကမ်းမှာပဲ စက်တည်မှာပါ။ မတ်လဆန်းပိုင်းလောက်မှာ စပြီး လည်ပတ်နိုင်ပါလိမ့်မယ်” ဟု ပလပ်စတစ် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

စွန့်ပစ် ပလပ်စတစ် ပစ္စည်းများမှ ပလပ်စတစ် အသားချောင်း (သစ်သားအဆင့်သို့) ပြုလုပ်ရာတွင် အဆင့် ၅ ဆင့် ရှိပြီး ပထမဦးစွာ ပလပ်စတစ်များကို ကြိတ်စက် အတွင်းသို့ ထည့်ကာ ချေဖျက်သန့်စင်၍ အမှုန့်ပြုလုပ်ပြီး၊ ထွက်ပေါ်လာသည့် ပလပ်စတစ် အမှုန့်များကို သီးခြား စက်တခုဖြင့် Recycle ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကော်စေ့အဖြစ် ပြုလုပ်ခြင်း၊ ကော်စေ့နှင့် ရောရန်အတွက် သစ်မှုန့် ထုတ်လုပ်ခြင်း၊ သစ်မှုန့်၊ ကော်စေ့နှင့် ဓာတုအမှုန့်တို့ကို စက်ဖြင့် ရောနှောလိုက်ပြီး ပလပ်စတစ် အသားချောင်း (သစ်သားအဆင့် ရောက်ရှိ၍) ပစ္စည်းများ ပြုလုပ်ရန် ကုန်ကြမ်းရရှိလာမည်။

ယင်းကုန်ကြမ်းကို ကုန်ချောအဖြစ် ထိုင်ခုံ၊ စားပွဲစသည့် လူသုံးကုန် ပလပ်စတစ် ပစ္စည်းများအဖြစ် ဆက်လက် ပြုလုပ်နိုင်မည်။

ကုန်ကြမ်းအတွက် ပလပ်စတစ်များကို အမျိုးအစား ၄ မျိုး ခွဲခြားကာ ကျပ် ၂၀၀ မှ ၁၀၀၀ ကျပ်  ဈေးနှုန်းဖြင့် ရန်ကုန်တိုင်းအတွင်း ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဒဂုံနှင့် လှိုင်သာယာမြို့နယ်တို့တွင်  အဝယ်ဒိုင် ၅ ခု ဖွင့်လှစ်ကာ ဝယ်ယူလျက်ရှိပြီး မြို့တော် စည်ပင်ထံမှလည်း ခရိုင်အလိုက် အဝယ်ဒိုင် ၆ ခု ဖွင့်ကာ ဝယ်ယူ စုဆောင်းလျက် ရှိသည်။

“ကျနော်တို့ အခုဝယ်နေတာတော့ ပိဿာ ၃ ထောင်လောက် စုမိပါပြီ။ အဓိကကတော့ စည်ပင် အမှိုက်ကားတွေကို အားထားရတာပေါ့။ အပြင်မှာကတော့ သိပ်တော့ လာမရောင်းကြဘူးခင်ဗျ။ စက်ရဲ့ ကြိတ်နိုင်အားနဲ့ဆို မလောက်သေးဘူး” ဟု ဒဂုံဆိပ်ကမ်း ပလပ်စတစ် အဝယ်ဒိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။

အသင်းဝင် လုပ်ငန်းရှင် ၈ ဦး စုပေါင်း ဝယ်ယူထားသည့် အမေရိကန် ဒေါ်လာ ၄ သိန်း တန်ဖိုးရှိ Recycle ပြုလုပ်သော စက်ပစ္စည်းများကို ဂျာမဏီ နည်းပညာဖြင့် တရုတ်နိုင်ငံတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။

အဆိုပါ စက်မှာ တနေ့လျှင် ပလပ်စတစ်များကို ပိဿာ ၃၀၀၀ မှ ၇၀၀၀ အထိ ပလပ်စတစ် အသားချောင်း (သစ်သား အဆင့်) ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းရှိ ပလပ်စတစ် စက်ရုံများအားလုံး ပိတ်သိမ်းရန် အမိန့် ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းရှင်များက စာဖြင့် တင်ပြ တောင်းဆိုခဲ့သဖြင့် လာမည့်နှစ် မတ်လ ၃၁ ရက်နေ့ လုပ်ငန်းလိုင်စင် သက်တမ်း ကုန်ဆုံးသည်အထိ ဆက်လက် လုပ်ကိုင်ခွင့် ပြုခဲ့သည်။

ရန်ကုန်တိုင်း အတွင်းတွင် ပလပ်စတစ် လုပ်ငန်း စက်ရုံပေါင်း ၁၄၀ ကျော် ရှိကြောင်း စည်ပင် မှတ်တမ်းများက ဆိုသည်။

“သက်တမ်းကုန်တဲ့ နောက်ပိုင်းတော့ မပြောတတ်သေးဘူး။ ဦးတို့ကတော့ ဒီလို အလဟဿ ဖြစ်နေတာတွေကို တတ်နိုင်တဲ့ ဘက်ကနေ အလကား မဖြစ်အောင် လုပ်ပေးနေတာပဲလေ။ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အားလုံးတော့ ပိတ်မပစ်လောက်ပါဘူး” ဟု ဒဂုံဆိပ်ကမ်းမှ ပလပ်စတစ် လုပ်ငန်းရှင် တဦးက ပြောသည်။
မဇ္ဈိမမှတဆင့်