Archive for November, 2009


လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု သောကြာနေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုလိုက်သည်။

လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ထပ်မံ ပြောဆိုလိုက်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)

ထိုသို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သော်လည်း ပါဝင်ယှဉ်ပြိုင်မည့်  နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ဖွဲ့စည်းခွင့်၊ လွတ်လပ် စွာ စည်းရုံး ဟောပြောခွင့်မရရှိသေးကြောင်းနှင့် ရွေးကောက်ပွဲဥပဒေများကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကပြောသည်။

“ရွေးကောက်ပွဲ လုပ်မယ်သာဆိုတယ်၊ အခုအချိန်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆိုရင် ရုံးချုပ်သာဖွင့်ခွင့်ပေး ထားတာ၊ နယ်ရုံးတွေ အပိတ်ခံထားရတာပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုလျှင် ယခုအချိန်ကာလကတည်းက လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာဖွဲ့စည်းခွင့်၊ ဟောပြောခွင့်၊ ဆွေးနွေးခွင့်၊ သတင်းမီဒီယာများ လွတ်လပ်စွာ ရေးသားခွင့် ပြုရမည် ဖြစ်ကြောင်း၊ ယခုအခါ စစ်အစိုးရ အနေဖြင့် ၎င်းတို့နှင့် နီးစပ်သည့်နိုင်ငံရေးပါတီများနှင့် စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ကိုသာ ရွေးကောက်ပွဲ အတွက် နယ်လှည့် စည်းရုံးခွင့်များ ပေးအပ်ထားကြောင်း သခင်ချန်ထွန်းက ထောက်ပြဝေဖန်သည်။

ထို့အပြင် မကြာသေးမီက ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုသား ရင်ကြားစေ့ရေး တို့အတွက်  တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည့် စာကို နိုဝင်ဘာလ ၂၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူပြီးပေးပို့ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးပြောဆိုသည်မှာ ပြီးခဲ့သည့် တပ်မတော်နေ့တွင် တကြိမ်၊ စစ်မှုထမ်းဟောင်း ညီလာခံတွင်တကြိမ်နှင့် ယခု ကြံ့ခိုင်ဖွံဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေးတွင်တကြိမ် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆို ခြင်း ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲကိုပြုလုပ်မည်မှာ သေချာသည်ဟု အဓိပ္ပာယ်ရရှိကြောင်း ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းကဆိုသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို ဥပဒေမထုတ်သေးဘူးဆိုတာက သူတို့ဘက်က ကြိုတင်ပြင်ဆင်မှုက သိပ်မသေချာသေးလို့၊ အား နည်းနေသေးလို့ သူတို့ပါတီမနိုင်နိုင်သေးလို့” ဟု ၎င်းကပြောသည်။

ထို့အပြင် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုနေသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာနည်းပါးကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ ကိုမင်းကိုနိုင် နှင့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းမှ ပြန်လွှတ် ပေးခြင်းမရှိသေးကြောင်း၊ ထို့အပြင် လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်မရှိသည်ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိလိမ့်မည်ဟု မထင်ကြောင်း ဦးဝင်းမင်းက သုံးသပ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “စစ်အစိုးရအနေနဲ့က လာမယ့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလိမ့်မယ်၊ သူတို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုဖို့ အရပ်သား ရုပ်ပြအစိုးရတခု လုပ်ပြရမယ်၊ နောက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း အသိအမှတ်ပြု ခံရဖို့ လိုမယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို NLD အား ၀င်ရောက်ယှဉ်ပြိုင်စေချင်ကြောင်း၊ သို့မှသာ ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရသကဲ့သို့  ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားမည်ကို စိုးရိမ်သည့်အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်နည်းပါးစေရန် ရွေးကောက်ပွဲဥပဒေများကို အချိန်နီးကပ်မှသာ ပြဌာန်းပေးလိမ့်မည်ဟု ထင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

တခြားသော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းပြည်များတွင် ရွေးကောက်ပွဲတခုကို တိုတောင်းသော အချိန်ကာလတခုသတ်မှတ်  ပြဌာန်းပြီး ပြုလုပ်နိုင်သော်လည်း၊ မြန်မာနိုင်ငံကဲ့သို့ ယခုမှ စတင်ပြီးပါတီစုံရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခွင့်၊ စည်းရုံးခွင့် စသည်များကို ပြုလုပ်နိုင်ရန်အတွက် အချိန်ကာလ

အားဖြင့် အနည်းဆုံး ၁ နှစ် နှင့် ၁ နှစ်ခွဲခန့်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲတခု ဖြစ်လာမည်ထင်ကြောင်း မြန်မာ့အရေးလေ့လာနေသူ ဦးအောင်နိုင်ဦးကလည်း သုံးသပ်သည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် စတင်ခွင့် ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများ အားလုံး အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်အားဖြင့် ၁ နှစ်ကျော်ခန့်ရရှိခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပရန် ၃ လခန့် အလို၌ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များ ပေးခဲ့သည်။
ဧရာဝတီမှတဆင့်

မြန်မာ့ကမ်းလွန် ပင်လယ်တွင် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရန် မြန်မာကုမ္ပဏီ တခုနှင့် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း စင်ကာပူနိုင်ငံ ပင်လယ် ရေကြောင်းဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီတခုက သောကြာနေ့တွင် ကြေညာလိုက်သည်။

အမေရိကန် ဒေါ်လာ ၇၇ သန်းတန် စာချုပ်ကို ချုပ်ဆိုသည့် စင်ကာပူ ကုမ္ပဏီသည် Swiber Hoilding Limited ဟု သိရသော်လည်း မြန်မာကုမ္ပဏီ၏ အမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိချေ။

၁၅၀ ကီလိုမီတာ ရှည်သော ရေအောက် ပိုက်လိုင်းနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ဒီဇင်ဘာလတွင် စတင်မည် ဖြစ်ပြီး ၂၀၁၀ နှစ်ဦးပိုင်းတွင် လုပ်ငန်းစတင် အကောင် အထည် ဖော်မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

Swiber ကုမ္ပဏီ၏ အမှုဆောင် အရာရှိ မစ္စတာ ရေမွန်ဂိုက “မြန်မာနိုင်ငံမှာ ကမ်းလွန် တည်ဆောက်ရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်ရတာ ကျနော်တို့အတွက် ဂုဏ်ယူစရာ ကောင်းသလို စိတ်လည်း လှုပ်ရှားမိပါတယ်” ဟု ဆိုသည်။

စီမံကိန်းသည် ၆ လ ကြာမြင့်မည် ဖြစ်ပြီး ၂၀၁၀ နှစ်လယ်ပိုင်းတွင် ပြီးဆုံးရန် မျှော်မှန်းထားကြောင်းလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံအထိ သွယ်တန်းမည့် ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံတို့ အကျိုးမရှိဘဲ စစ်အာဏာပိုင်တို့သာ အကျိုးရှိစေမည်ဟု ထိုစီမံကိန်းကို စောင့်ကြည့်နေသည့် ပြည်ပ အခြေစိုက် Shwe Gas Movement အဖွဲ့က ပြောသည်။

“အာဆီယံနိုင်ငံတွင်းမှာ ရှိတဲ့ အစိုးရအနေနဲ့ရော စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီးပွားရေးဆိုင်ရာ ကုမ္ပဏီ အနေနဲ့ရော ဒီကိစ္စကို အလေးအနက် စဉ်းစားရမှာဖြစ်တယ်၊ ကိုယ်ကျင့်တရားနဲ့ တခြားငွေရေး ကြေးရေး ဆိုင်ရာ အပိုင်းတွေမှာလည်း ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ တန်ဖိုးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် အစား စစ်အုပ်စုကို ရင်းနှီးမြှပ်နှံမှု တခုအတွက် ထောက်ပံ့ နေတာက မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် တွန်းအား မပေးသလို ဖြစ်တာပေါ့” ဟု Shwe Gas အဖွဲ့ မှ ကိုဝင်းအောင်က ဆိုသည်။

ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ပါဝင်ခွင့် ရရှိရန် အိန္ဒိယ အပါအ၀င် တခြား တိုင်းပြည်များက ကြိုးပမ်းခဲ့ကြသော်လည်း  စင်္ကာပူကုမ္ပဏီက အနိုင်ရသွားကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးအရ ပိုပြီး၍ အာမခံချက်ရှိသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကီလိုမီတာ ၄၀၀၀  ခန့် ရှည်လျားသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေး စီမံကိန်းကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNCP)က၂၀၀၉ စက်တင်ဘာလမှ စတင်ခဲ့ကြောင်း၊ ဓာတ်ငွေ့ ရောင်းရငွေကြောင့် မြန်မာနိုင်ငံသည် လာမည့် အနှစ် ၃၀ အတွင်း နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံ ခန့် ရရှိမည် ဖြစ်ကြောင်း Shwe Gas Movement အဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။

မြန်မာနိုင်ငံ၏  သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ ရရှိသော နှစ်စဉ် ၀င်ငွေမှာ  ဒေါ်လာ ၂.၄ ဘီလီယံခန့်ရှိပြီး နိုင်ငံဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းခန့် ရှိကြောင်းလည်း Shwe Gas အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုသည် ၂၀၀၇-၀၈ တွင် ဒေါ်လာ ၁၇၂.၇၂ သန်း ရှိခဲ့ရာမှ ၂၀၀၈-၀၉ တွင်  ဒေါ်လာ ၉၈၅ သန်း တိုးလာကြောင်း အမျိုးသား စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီးဌာနက ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်သော စာရင်းများအရ သိရသည်။

စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ မြန်မာနိုင်ငံတွင် ရင်းနှီးမှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်က မြန်မာပြည်သို့ အလည်အပတ် သွားရောက်ခဲ့သည့် ဇွန်လက ပြောကြားခဲ့ဖူးသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ စင်ကာပူနိုင်ငံသည်  နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော မြန်မာပြည်ကို ဒေါ်လာ ၂၀၀,၀၀၀ ကူညီပေးခဲ့သည့် ပထမဦးဆုံးသောနိုင်ငံ ဖြစ်သကဲ့သို့ နောင်တွင်လည်းလူသား ချင်းစာနာသည့်အနေဖြင့် အမေရိကန် ဒေါ်လာ ၅ သန်း ကူညီပေးသွားရန် ကတိပေးထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံသည် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပြီး နှစ်စဉ် ၂ နိုင်ငံ ကုန်သွယ်မှုမှာ ဒေါ်လာ ၁ ဘီလီယံ ကျော် ရှိသည်။

ဧရာဝတီမှတဆင့်

လွန်ခဲ့သည့် တလကျော် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှု ခံယူအပြီး ကွယ်လွန်သွားခဲ့သည့် နဝမတန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ Weekly Eleven သတင်း ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့တွင် ရေးသားဖော်ပြခဲ့ကြသည်။

မခိုင်ရွှန်းလဲ့ရည်နှင့် မိခင်ဒေါ်ချိုချိုမြင့် (ဓာတ်ပုံ – လျှပ်တစ်ပြက်ဂျာနယ်)

Weekly Eleven သတင်း ဂျာနယ်တွင် အဆိုပါသတင်းကို ‘ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီးများ၏ ဆရာဝန် ကြီးများမျက်နှာ တစ်ခုတည်း ကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ်ဖြစ်ရပ် များဖြစ်ပေါ်နေ’ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။ သေဆုံးသူ၏ ဆွေမျိုး၊ မိဘနှစ်ဦး၊ လေ့လာသုံးသပ်သူများ၊ အသည်းအထူးကု ဆရာဝန်ကြီး၊ စာနယ်ဇင်းသမားတဦး၏ ပြောဆိုချက်များနှင့် ပါမောက္ခ သမားတော်ကြီး ဦးလှမြင့်၏ “ဆေးပညာ လောကသားများသို့ ပန်ကြားချက်” စာအုပ်ကို ကိုးကား ဖော်ပြထားသည်။

အဆိုပါဆောင်းပါးတွင် Eleven Media Group မှ တာဝန်ရှိသူ တဦးက “ချမ်းသာပြီး ငွေကြေးတတ်နိုင်တဲ့ အထူးကု ဆေးခန်းသွားနိုင်၊ ပြောနိုင်တဲ့သူမို့ ဒီလိုသိကြရတာပါ။ ဆင်းရဲပြီး ပြောပြနိုင်စွမ်း မရှိတဲ့လူတွေ ဘယ်လောက် ခံစားထားကြရပြီလဲ။ လူထုကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်း နိုင်ငံတွေနည်းတူ သုံးစွဲ နိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ သုံးစွဲမှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ငွေယိုပေါက်ကို ပိတ်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒီဖြစ်ရပ်မှာ ပြဿနာရဲ့ အရင်းအမြစ်ကို သိထားရင် ကောင်းပါတယ်။ လူထု ကျန်းမာ ရေးစောင့်ရှောက်မှုကို အရှိန်မြှင့်ဖို့ လိုလာပါပြီ” ဟု သုံးသပ်ထားသည်။  

လျှပ်တစ်ပြက် ဂျာနယ်တွင်လည်း “ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်” ဆိုသည့် ခေါင်းစဉ်နှင့် မိသားစု ဆွေမျိုးအသိုင်းအဝန်း၏ မှတ်ချက်များကို ကိုးကား ရေးသားထားကြောင်း တွေ့ရသည်။

“ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ်ခန်းမှာ ညနေ ၃ နာရီထိနေရတယ်။ အဲဒီ အချိန် ဆေးရုံရဲ့ အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတဲ့အကြောင်းပါ။ ကျမတို့ပြောတာ ပြောလို့မရဘူး။ ကျမအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်” ဟု မခိုင်ရွှန်းလဲ့ရည်၏ မိခင်က ပြောသည်ကို လျှပ်တစ်ပြက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါဂျာနယ်တွင်ပင် “အထက်ပါ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင် ဆွေမျိုးအသိုင်းအဝန်းက လျှပ်တစ်ပြက်သို့ထပ်မံပြောကြားခဲ့သည်” ဟု ရေးသားထားသည်။

ထိုသတင်းပေးပို့ချက်များနှင့် ပတ်သက်၍ တက္ကသိုလ်လှမော်ဆိုသူက “မြန်မာသတင်းမီဒီယာ တချို့ စည်းဘောင်လွတ် နေခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဥပဒေရှုထောင့်၊ ဆေးပညာရှုထောင့်တို့မှ ကြည့်ကာ “မြန်မာ့ လူထု ကျန်းမာရေး” ဆိုသည့် http://health.ngoinmyanmar.orgဘလော့ စာမျက်နှာတွင် တန်ပြန်ရေးသား ဖော်ပြခဲ့သည်။

ထိုဘလော့စာမျက်နှာတွင် ရေးသားနေသူများမှာ မြန်မာလူထု ကျန်းမာရေးအတွက် လုပ်ဆောင်လျက်ရှိသော ပညာရှင်များ ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်လှမော်၏ ဆောင်းပါး၌ “သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဉာဏ် ပေးထားလေသည်” ဟု ဖော်ပြထားသည်။

“သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၎င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ” ဟုလည်း ၎င်းက ဆိုထားသည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးကမူ သတင်းဂျာနယ်တစောင်၏ တာဝန်ရှိသူ တဦးက ဝင်ရောက် သုံးသပ်ထားသည်မှအပ Weekly Elevenပါ သတင်းသည် စည်းဘောင်လွတ်သည်ဟု မဆိုနိုင်ကြောင်း၊ မြန်မာပြည်၏ အခြေအနေအရ ယခုကဲ့သို့သော သတင်းသည် လိုက်ရခက်ခဲသော သတင်းတပုဒ်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော ဖြစ်ရပ်ကို ပြည်သူသိရှိရန်အတွက် ဖော်ပြသင့်ကြောင်း ပြောသည်။

“မိသားစုက ခံစားချက်နဲ့ ပြောသွားတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် တဘက်က အသံကို ရဖို့ကျတော့ အထူးကု ဆေးခန်းဘက်ကို မေးလို့မရဘူး။ အဲဒီဆေးရုံဆေးခန်း အမည်ကိုလည်း ထည့်ရေးလို့မရဘူး။ ရေးရင်စိစစ်ရေးက ဖြုတ်မှာ။ စိစစ်ရေးက မဖြုတ်တောင် အသရေဖျက်မှုနဲ့ တရားစွဲခံရလို့ ဆုံးမှာမဟုတ်ဘူး။ နောက်ပြီး သတင်းသမားတွေ အနေနဲ့ မကြိုးစားဘဲတော့ နေမှာမဟုတ်ဘူး။ ရသလောက်တော့ ကြိုးစားမှာပဲ” ဟု သူက ဆက်ပြောသည်။

ဧရာဝတီမဂ္ဂဇင်းက မခိုင်ရွှန်းလဲ့ရည် ဆေးကုသမှု ခံယူခဲ့သော ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်အထူးကု ဆေးခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများ မအားလပ်ကြောင်းသာ ပြန်ကြားခဲ့သည်။ မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ခဲ့သော ဆရာဝန်ကြီးမှာမူ တရုတ်ပြည်သို့ ခရီးသွားနေကြောင်း သိရသည်။

မြန်မာပြည်တွင် အစိုးရဆေးရုံကြီးများ၌ “စရိတ်မျှပေး ကျန်းမာရေး” ဆိုသည် စနစ်ကို ကျင့်သုံးလျက်ရှိရာ လိုအပ်သည့် ဆေးဝါးမှန်သမျှ လူနာက ငွေကုန်ကြေးကျခံရပြီး ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် စိုးရိမ်ရသည့် အနေအထား ဖြစ်နေကြောင်း လေ့လာသူတို့က သုံးသပ်ကြသည်။

အစိုးရဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသောကြောင့် ပုဂ္ဂလိက ဆေးခန်းကြီးများတွင် ငွေကုန် ကြေးကျခံကာ တက်ရောက်ကုသသော်လည်း ထိရောက်သော စောင့်ရှောက်မှု မရရှိဘဲ အများစုမှာ ဝန်ဆောင်မှု ညံ့ဖျင်းလှကြောင်း ဝေဖန်နေကြ သည်။

ယခုလက်ရှိတွင် “စားသုံးသူ အခွင့်အရေး” နှင့်ပတ်သက်၍ ပညာပေး ပိုစတာများ၊ ကာတွန်းများ ရေးဆွဲနေသော ကာတွန်း အော်ပီကျယ်က မြန်မာပြည်တွင် စားသုံးသူနှင့် ပတ်သက်၍ ကာကွယ်ပေးသည့် ဥပဒေ မရှိသော်လည်း မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်မျိုး နောင်မဖြစ်ရန် ဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်သည်ဟု ဆိုသည်။

၎င်းက မကြာသေးမီက ဆရာဝန်များနှင့် ပတ်သက်၍ ရေးဆွဲပေးထားသော “စားသုံးသူ အခွင့်အရေး” ပညာပေး ပိုစတာအကြောင်းကို ပြောပြီး ဆရာဝန်နှင့်လူနာ အင်အားမမျှခြင်း၊ အချိန်မပေးနိုင်ဘဲ ရုပ်ပြသဘော ဆိုင်းဘုတ်တပ်ခြင်း၊ ဆေးကုသပုံ မှားယွင်းခြင်း၊ ဆေးဝါးမှားယွင်းခြင်း၊ မလိုအပ်ဘဲ ခွဲစိတ်ကုသမှု ပြုခြင်းတို့ကြောင့် လူနာများ အသက်ဆုံးရှုံးရသည့် အဖြစ်အပျက်များမှာ မြန်မာနိုင်ငံတွင်သာ မကဘဲ ကမ္ဘာမှာပါ ကြုံတွေ့နေရသည်ဟု ဆိုသည်။

“ဒီဆရာဝန်ကြီး တယောက်တည်းကို ပြောတာ မဟုတ်ပါဘူး၊ ဒီလို အဖြစ်အပျက်မျိုးတွေကြောင့် နောက်မှ နောင်တရတာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်သင့်ပါတယ်” ဟု ကာတွန်းအော်ပီကျယ်က ပြောသည်။

မန္တလေးမြို့နေ ခန္ဓာဗေဒ ဆရာဝန်ကြီးတဦးဖြစ်သူ ဒေါက်တာတင်မောင်ကြည်က ခွဲစိတ်ကုသမှုတခုတွင် အုပ်ထိန်းသူ၊ သက်ဆိုင်သူ တဦးဦး၏ ခွင့်ပြုချက်မပါရှိဘဲ ပြုလုပ်၍ မရသဖြင့် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သူ့ကိုမှ အပြစ်တင်စရာ မရှိကြောင်း ရှင်းပြသည်။

“တကယ်တော့ ဒီလို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် လိုအပ်တဲ့ ကျင့်ဝတ် စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာက သတင်းသမားများ အနေနှင့် ခံစားချက်နောက်ကို လိုက်၍ ရေးသားခြင်းမှအပ မှန်ကန်သော အချက်အလက်များနှင့် ပြည်သူသိသင့်သော သတင်းများကို အတတ်နိုင်ဆုံး ရေးသားဖော်ပြလျှင် အာဏာပိုင်တို့ ကလည်း ခွင့်ပြုပေးသင့်ကြောင်း သုံးသပ်သည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိခင်က ခွဲစိတ်ဆရာဝန်ကြီးအား တရားမစွဲလိုကြောင်း၊ ဆရာဝန် အနေနှင့် အသိစိတ်ဓာတ်ရှိစွာ ကိုယ်တိုင်ဝန်ခံစေချင်ကြောင်း ပြောကြားခဲ့သည်ဟု ယခင်အပတ်ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
ဧရာဝတီမှတဆင့်

၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးပါတီ မရှိပါက လူငယ်များက ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲကြီး ကျင်းပချိန်က မဲပေးရန် အသက်ပြည့်မီခြင်း မရှိသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးရန် အသက်ပြည့်နေပြီဖြစ်သည့် လူငယ်များကို  ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်တမ်းကောက်ခဲ့ရာ အများစုက ထိုသို့ ဖြေဆိုကြခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ လူငယ်သဘောထား စစ်တမ်းဖြေဆိုကြသူများတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ်များသာပါဝင်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ သတင်းမီဒီယာသမား ၇ ဦး၊ လူငယ်ရှေ့နေ ၄ ဦး၊ အခြေခံ ပညာ အလယ်တန်းအဆင့် အထိသာ ပညာသင်ကြားခဲ့ပြီး ကြုံရာကျပန်းအလုပ် လုပ်ကိုင်နေသည့်  လူငယ် ၇ ဦး၊ စစ်တက္ကသိုလ်ကျောင်းဆင်း လူငယ်စစ်ဗိုလ် ၁ ဦး အပါအ၀င် အလွှာပေါင်းစုံမှ  လူငယ် စုစုပေါင်း ၆၀ နီးပါး ပါဝင်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာ သက်တမ်း ရှည်ကြာလာပြီ ဖြစ်သည့် ယူနီဖောင်းဝတ် စစ်ဗိုလ်အုပ်ချုပ်ရေး စနစ်ကို တရားဝင် အဆုံးသတ်ပေးမည့် ရွေးကောက်ပွဲဟု တချို့က ယူဆကြသည်။ သို့သော်လည်း ထိုရွေးကောက်ပွဲကြောင့် ပြည်သူကို ကိုယ်စားပြုသော ဒီမိုကရေစီအစိုးရ တရပ် မပေါ်ပေါက်နိုင်ကြောင်း စစ်တမ်းတွင် ပါဝင်သည့် လူငယ် အများစုက သုံးသပ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ စသည့်  အာဏာပိုင်တို့ ကျောထောက်နောက်ခံပေးထားသော အဖွဲ့အစည်းများက ရွေးကောက်ပွဲတွင် အပြိုင်အဆိုင် ပါဝင်လာကြဖွယ် ရှိသောကြောင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးအဖွဲ့များ ပေါ်ထွက်ရန် အခွင့် အလမ်း နည်းပါးသည်ဟု လူငယ်များက ပြောသည်။

“အစိုးရရဲ့ ကြံ့ခိုင်ရေးအသင်းက ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးလှုပ်ရှားမှုတွေ အများကြီး လုပ်လာတယ်။လမ်းခင်း၊ တံတားခင်းအလုပ်တွေကအစ သာရေး၊ နာရေး အဆုံး ကြံ့ခိုင်ရေး အလံတွေ တလူလူ လွှင့်ထူပြီး စည်းရုံးရေး လုပ်တယ်။ ရွေးကောက်ပွဲဥပဒေ မထွက်ခင် ကြံ့ခိုင်ရေးက မဲရဖို့ စည်းရုံးမှုတွေကအတော် ခရီးရောက်နေပြီ” ဟု ရန်ကုန်မြို့မှ အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။

၂၀၁၀ ပြည့်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထုတ်ပြန်ပါကလည်း နိုင်ငံရေးပါတီများ အလွယ် တကူ ဖွဲ့စည်းနိုင်ခြင်း မရှိစေရန် ထိန်းချုပ်၊ ကန့်သတ်၊ တင်းကျပ်သော နည်းဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ သေချာပေါက် ပါဝင်ဖွယ် ရှိကြောင်း ရှေ့နေလူငယ်များက ခန့်မှန်းကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲအတည်ပြုပြီးပြီ။ မကြာမီထုတ်ပြန်မယ့် ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံရေးပါတီတွေ အလွယ်တကူဖွဲ့လို့မရအောင် တင်းကျပ်တဲ့ နည်းဥပဒေ သေချာပေါက် ပါလိမ့်မယ်။ ပြည်သူတွေ အတွက်ကတော့ ‘မိအေး နှစ်ခါနာ’ ပေါ့” ဟု ရန်ကုန်အခြေစိုက် အလုပ်သင် ရှေ့နေလူငယ်တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  နိုင်ငံတော်သမ္မတကို ပြည်သူလူထုက တိုက်ရိုက် တင်မြှောက်မှု မပြုနိုင်ခြင်း၊စစ်ဦးစီးချုပ်က လက်နက်ကိုင်တပ်များ၏ ဦးစီးချုပ်ဖြစ်ပြီး နိုင်ငံတော်သမ္မတထက် အာဏာရှိနေခြင်း၊ စစ်ဦးစီးချုပ်တွင် တရားဝင် အာဏာသိမ်းပိုင်ခွင့်ရှိခြင်း အပါအ၀င် ဒီမိုကရေစီ စံ နှင့် မကိုက်ညီသည့် အချက် များစွာ တွေ့ရသည့်ဟု လူငယ်ရှေ့နေများက ထောက်ပြကြသည်။ 

အခြေခံဥပဒေ၏ အဖွင့် စာမျက်နှာတွင်ပင် လွဲမှားမှုများရှိနေသည်ဟု ဆိုသည်။

“အခြေခံဥပဒေမှာ ‘နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်’ ဆိုပြီး စဖွင့်တယ်။ ဒီမိုကရေစီမှာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီ ဆိုတာမျိုး မရှိပါဘူး” ဟု အမျိုးသမီးလူငယ်ရှေ့နေတဦးက သုံးသပ်သည်။

“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတဲ့ စကားရပ်ကိုက ဒီမိုကရေစီ သဘောအရ မှန်ကန်မှု မရှိဘူး၊ လွဲနေတယ်” ဟု သူက ဆက်ပြောသည်။

နိုင်ငံရေးအနေအထားသည် အကျဉ်းအကျပ်ထဲတွင် ရောက်ရှိနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် သာလျှင် မြန်မာ့နိုင်ငံရေး ထွက်ပေါက် ဖြစ်သည်ဟု ပြည်တွင်းပညာရှင် တချို့ ဦးစီး ဖွင့်လှစ်သည့် Myanmar Egress အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေး သင်တန်းတခုရှိ လူငယ်တချို့က ဆိုသည်။

“စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဖြစ်အောင် ညင်ညင်သာသာ ကူးပြောင်းချင်တဲ့  တပ်မတော် အစိုးရကို အားလုံးက သဘောထား ကြီးကြီး ကူညီရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကသာ ဒီမိုကရေစီစနစ်သစ်ဆီ သွေးချောင်းမစီးဘဲ သွားဖို့ ဦးဆုံး ခြေလှမ်းပဲ” ဟု Myanmar Egress သင်တန်းမှ လူငယ်တဦးက ပြောသည်။

Myanmar Egress သင်တန်းသား လူငယ် တချို့က ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ထောက်ခံသော်လည်း ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်မရှိဟု ဆိုသည်။

စစ်တက္ကသိုလ်ကျောင်းဆင်း အသက် ၂၆ နှစ်အရွယ် စစ်ဗိုလ် လူငယ်တဦးကမူ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကြောင့် အုပ်ချုပ်ရေး စနစ် ပြောင်းလဲပြီး နိုင်ငံ တိုးတက်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်း ရှင်းပြသည်။

“အပြောင်းအလဲကို ပြည်သူတွေပဲ လိုချင်တာမဟုတ်ဘူး။ တပ်ထဲမှာလည်း အပြောင်းအလဲကိုပဲ တမ်းတနေကြတယ်။ ကျနော်တို့လို အရာရှိငယ်တွေ တော်တော်များများလည်း ၂၀၁၀ မှာ ဖြစ်လာမယ့် ပြောင်းလဲမှုတွေကို မျှော်ကြတယ်” ဟု  စစ်ဗိုလ်လူငယ်က ပြောသည်။

၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် မကြုံလိုက်ရသော လူငယ်များအတွက် ပထမဦးဆုံးသော၊ စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေသော ရွေးကောက်ပွဲ အတွေ့အကြုံ ဖြစ်လိမ့်မည်ဟု လူငယ်များက ဆိုသည်။

“၂၀၁၀ ကို လူငယ် တော်တော်များများက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတယ်။ နိုင်ငံရဲ့ အနာဂတ်မှာ လူငယ်တွေ ဘယ်လောက်ထိ ပါဝင်ခွင့်ရမလဲ ဆိုတာက စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ” ဟု KMD ကွန်ပျူတာကုမ္ပဏီတွင် IT ပညာရှင်အဖြစ် အလုပ် လုပ်ကိုင်နေသူ လူငယ်တဦးက ပြောသည်။

ကျောင်းပညာရေး ဆုံးခန်းတိုင်ခြင်း မရှိသည့် လက်လုပ် လက်စား လူငယ်တချို့ ကမူ ၂၀၁၀ ရွေးကောက်ပွဲမှ စားဝတ်နေရေး နှင့် စီးပွားရေး ပြေလည်စေရန် ဖန်တီးနိုင်သည့် အစိုးရတရပ် ပေါ်ပေါက်စေလိုသည်ဟု ပြောကြသည်။

“ချောင်ချောင်လည်လည်နဲ့ မိသားစုတွေ ၀၀လင်လင် စားနိုင်၊ နေနိုင်ဖို့အရေးကြီးတယ်။ အဲဒီလို ဖန်တီးနိုင်မယ့်သူမျိုးကို မဲပေးမယ်” ဟု ၁၀ တန်းအထိ ပညာသင်ကြားခဲ့သည့် စက်ရုံအလုပ်သမား လူငယ်တဦးက ဆိုသည်။

လွတ်လပ် ပွင့်လင်း တရားမျှတသော၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု အစိုးရက ကတိ ပေးထားသော်လည်း ယခုအချိန်အထိ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မပြုသေးပေ။ ထို့အပြင် စစ်အစိုးရက  နိုင်ငံရေးသတင်းရေးသားမှုများ ကို ပိုမို တင်းကျပ်လာသောကြောင့် သတင်းသမားများ အခက်ကြုံနေရသည်။

“ခုချိန်ထိရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်း လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရှိသေးတဲ့အပြင် စာပေစိစစ်ရေးက နိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ပိုပြီး ပိတ်ပင်တယ်” ဟု ရန်ကုန်ပုဂ္ဂလိက သတင်းမီဒီယာတခုမှ အသက် ၂၇ နှစ်အရွယ် အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။

ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ယခုအချိန်အထိ မရရှိပါက ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့် မရှိနိုင်သည့်အပြင် တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း သတင်းသမားလူငယ်များက ဆိုသည်။

“တိုင်းပြည်နားမျက်စိလို့ တင်စားတဲ့ သတင်းသမားတွေတောင် လွတ်လွတ်လပ်လပ် ရေးသား ထုတ်ဖော်ခွင့် မရရင် သာမန်ပြည်သူတွေအနေနဲ့ ပါတီတွေကို မဲပေးဖို့ ခက်လိမ့်မယ်။ စာပေစိစစ်ရေးက ခုအချိန်ထိ ရှိနေဆဲဆိုတော့ ၂၀၁၀ မှာ သတင်း လွတ်လပ်ခွင့်ရဖို့ သိပ်မမြင်ဘူး” ဟု သတင်းထောက်တဦးက ဆိုသည်။

အာဏာပိုင်တို့သည် လူပေါင်းတသိန်းကျော် သေဆုံးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်သည့် ၂၀၀၈ ခုနှစ် မေလတွင် ၄င်းတို့စိတ်ကြိုက် ရေးဆွဲထားသော အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး လူထု ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့သည်။

ထို့နောက် အခြေခံဥပဒေကို ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရရှိသည်ဟု ဆိုကာ အတည်ပြုကြောင်း ကြေညာခဲ့သည်။
ဧရာဝတီမှဆင့်

ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ စစ်သားများ သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် တပ်သား လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။  

တနင်္သာရီတိုင်းကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ စစ်သားများက မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးစဉ် ထိုင်းရေပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် နှစ်ဘက် စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုက်လံ ဖမ်းဆီးသည့် မြန်မာစစ်သားများက စစ်ဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်း ငါးဖမ်းသမားများက  ၎င်းတို့ကို ပင်လယ်ဓားပြဟု ထင်မှတ်ပြီး ထိုင်းရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း  မြန်မာ စစ်တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် မောင်တူးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ  ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ တပ်စုမှူး လွင်မင်းသူ နှင့် တပ်သားများ ဖြစ်ပြီး ယခုအခါ  ကော့သောင်းမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေများကို လိုက်လံစစ်ဆေးစဉ် စစ်သားများက ကော့သောင်းမြို့မှ ပုဂ္ဂလိကပိုင် စက်လှေတစီးကို ချောဆွဲသွားခဲ့ကြောင်း၊ စက်လှေတွင် လုပ်ကိုင်သူ လှေသမားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် နေထိုင်သူ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိုင်းရေတပ်မှ စစ်သည်အင်အား ၃၀ခန့်ရှိပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၇ဦးခန့်သာ ရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အာဏာပိုင်များက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့ရေပိုင်နက်သည် တခြားဒေသများထက် ငါးမျိုးစုံ ပိုမို ကျက်စားသဖြင့် ဒေသတွင်း နိုင်ငံများမှ ငါးဖမ်းလှေများက ၀င်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။
ဧရာဝတီမှတဆင့်

လာအိုနိုင်ငံတွင် ကျင်းပမည့် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲများကို မြန်မာပရိတ်သတ်များအနေဖြင့် တိုက်ရိုက်ကြည့်ရှုခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။

ဗီယန်ကျင်းမြို့တော်၌ လာမည့်လ ၅ ရက်နေ့တွင် စတင်ယှဉ်ပြိုင်ကစားကြတော့မည့် ဆီးဂိမ်း SEA Game ၌ မြန်မာနိုင်ငံမှ ဘောလုံးနှင့် အခြားအားကစားများဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မြန်မာ့ အသံ၊ မြဝတီအသံလွှင့်ဌာနနှင့် MRTV 4 တို့မှ ပြသနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။

“ဆီးဂိမ်းပွဲက လွှင့်ဖို့ မရှိဘူး။ ဒီမှာက ESPN နဲ့ Star Sport လိုင်းကို တိုက်ရိုက် ယူထားတာ။ သူတို့ရဲ့ လွှင့်မယ့် ဂိုက် Guide ထဲမှာကို မပါတာ” ဟု ပြည်ပအားကစားပွဲများကို တိုက်ရိုက်ထုတ်လွှင့် ပြသနေ သည့် MRTV 4 မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် စိတ်ဝင်စားစရာအကောင်းဆုံး အားကစားပြိုင်ပွဲဖြစ်သည့် SEA Game ပြိုင်ပွဲကို ၂ နှစ်တကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

မြဝတီရုပ်မြင်သံကြားမှ တာဝန်ရှိသူတဦးက SEA Game မှ ဘောလုံးအပါအဝင် အခြားအားကစားပြိုင်ပွဲ အစီအစဉ်များကို တိုက်ရိုတ်ပြသမည် မဟုတ်ကြောင်း၊ နိုင်သည့်ပွဲများကို  ပြိုင်ပွဲများအပြီးမှသာ ပြန်လည် ပြသနိုင်ဘွယ်ရှိကြောင်း ပြောသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှလည်း တိုက်ရိုက်ပြသနိုင်ရန် ညွှန်ကြားချက်များမရှိကြောင်း ယင်း ဌာန အဆင့်မြင့်အရာရှိတဦးက ပြောသည်။

“လွှင့်ဖို့အတွက် ကျနော်တို့ကို ခုချိန်ထိ ဘာမှတော့ မညွန်ကြားသေးဘူး။ Live တော့ လွှင့်စရာ မရှိဘူး” ဟု အမည်မဖော်လိုသူ ယင်းအရာရှိကြီးက မဇ္ဈိမကို ပြောသည်။

မြန်မာဘောလုံအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးတို့အပါအဝင် နည်းပြများနှင့် အားကစားသမားများသည် မနက်ဖြန်ညနေတွင် ရန်ကုန်လေဆိပ်မှတဆင့် လာအိုနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။ မထွက်ခွာမီ လေဆိပ်၌ သတင်းစာရှင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာအသင်းမှာ အုပ်စု (B) တွင် အိမ်ရှင်လာအို၊ အင်းဒိုနီးရှား၊ စင်္ကာပူ တို့နှင့် တအုပ်စုထဲကျပြီး ဒီဇင် ဘာ ၅ ရက်နေ့တွင် အိမ်ရှင်လာအို အသင်း၊ ၇ ရက်နေ့တွင် အင်ဒိုနီးရှားအသင်း၊ ၁ဝ ရက်နေ့တွင် နာမည်ကြီး စင်္ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အုပ်စု (A) တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ (၈) ကြိမ် ဗိုလ်စွဲထားသော ထိုင်းအသင်း၊ ဗီယက်နမ်၊ မလေးရှား၊ အရှေ့တီမော အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

SEA Game တွင် ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးအသင်းမှာ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို တို့နှင့် ပတ်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ရမှတ်အများဆုံး နှစ်သင်း ဗိုလ်လုရမည် ဖြစ်သည်။

လာအိုနိုင်ငံသို့ ဘောလုံးအသင်း ၂ သင်း၊ MNL ကလပ်အသင်းပိုင်ရှင်များ၊ နာမည်ကြီးဘောလုံးသမား ဟောင်းများအပါအဝင် လူ ၉ဝ ခန့်ကို ဘောလုံးအဖွဲ့ချုပ် အစီအစဉ်ဖြင့် လေယာဉ်စင်းလုံးဌား ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံသည် SEA Game တွင် ဘောလုံး၊ လက်ဝှေ့၊ ရေကူး၊ ဘော်လီဘော အပါအဝင် ၁၇ မျိုး ၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအဖွဲ့နှင့်အတူ MRTV 4 အဖွဲ့လည်း ပါသွားမည်ဖြစ်သော်လည်း တိုက်ရိုက် လွှင့်ထုတ်မည့် အစီအစဉ် မသေချာကြောင်း သူကပြောသည်။

ယခင်နှစ် SEA Game တွင် မြန်မာနှင့် ယှဉ်ပြိုင်သည့် ဘောလုံးပွဲများကို တိုက်ရိုက်ပြသမှု ရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် မြန်မာက ဒုတိယရပြီး ထိုင်းအသင်းက ဗိုလ်စွဲသွားခဲ့သည်။
မဇ္ဈိမမှတဆင့်

အများပြည်သူ သွားလာခွင့် ပိတ်ပင်ထားသော ကိုကိုးကျွန်းကို လေ့လာရေးခရီးစဉ်အဖြစ် စစ်အစိုးရက ခွင့်ပြုလာခဲ့သည်။

ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၏ စီမံမှုဖြင့် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းပိုင် သံလွင်သဘောင်္ဖြင့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်သာ လေးရက်ကြာ ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်တွင် ခရီးသည် ၄၀၀ ကျော် လိုက်ပါသွားခဲ့သည်။

ခရီးသည်အများစုမှ အစိုးရဝန်ထမ်းများဖြစ်ကြပြီး အနုပညာသည်များ၊ နိုင်ငံပိုင် မီဒီယာများလည်း ပါသည်။

လက်မှတ်တစောင် ၂ သောင်း ၅ ထောင်ကျပ်ပေးရသည့် ခရီးစဉ်သည် ကိုကိုးကျွန်းစုများကို မြန်မာနိုင်ငံက ပိုင်ဆိုင်မှုကို ပြသလိုခြင်းကြောင့် ဖြစ်သည်ဟု လိုက်ပါပို့ဆောင်သည့် အရာရှိတဦးက ပြောသည်။

အိမ်နီးချင်းနိုင်ငံတချို့နှင့် ပိုင်နက်အငြင်းပွားမှုရှိနေကြောင်း ပြောသော်လည်း မည်သည့်နိုင်ငံဟု ရည်ညွှန်းသွားခြင်း မရှိပါ။

ရန်ကုန်တိုင်းအတွင်းရှိ ကိုကိုးကျွန်းစုသည် ရန်ကုန်မြို့အနောက်တောင်ဘက်မိုင် ၂၆ဝ အကွာ ဘင်္ဂလားပင်လယ်အော် အတွင်းတည်ရှိပြီး ကိုကိုးကြီးကျွန်း၊ မင်္ဂလာကျွန်း၊ ကိုကိုးလေးကျွန်း၊ ဂျယ်ရီကျွန်း၊ စားပွဲကျွန်း၊ ရတ်ကျွန်းတို့အပါအဝင် ကျွန်းပေါင်း ၁၂ ကျွန်းရှိသည်။

လက်ရှိတွင် လူဦးရေ တထောင်ကျော်ရှိပြီး အိမ်ခြေ နှစ်ရာကျော်ရှိကာ အများစုက အစိုးရ ဝန်ထမ်များဖြစ်ကြသည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလုပ်လျှင် ကိုကိုးကျွန်းတခုလုံး အစိုးရဘက်က နိုင်ရလိမ့်မည်ဟု မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးကျောဇောလင်းက ကြိုတင်ဟောကိန်းထုတ်ထားသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ၅၆ ရာခိုင်နုန်းဖြင့် အနိုင်ရရှိခဲသည်။ နိုင်ငံတော်အား သစ္စာဖောက်ပုန်ကန်မှု ဥပဒေ ပုမ ၁၂၂(၁)ဖြင့် ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရသော ဦးလှသန်းသည် အသက် ၅ဝ အရွယ် ၁၉၉၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့  အင်းစိန်ထောင်ထဲ ကွယ်လွန်သွားသည်။

ရှေးယခင်က အိန္ဒိယပိုင်ဖြစ်ခဲ့ဖူးသော ကိုကိုးကျွန်းစုများသည် ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် တပါတည်း အသိအမှတ်ပြု လွှဲပြောင်းပေးခဲ့သည်။

၁၉၅၉ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်က ကိုကိုးကျွန်းကြီးတွင် တကျွန်းအဖြစ် ထူထောင်က နိုင်ငံရေး အကျဉ်းသားများကို ပို့ဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် ရန်ကုန်အင်းစိန် ထောင်သို့ ရွှေ့ပြောင်းပေးလိုက်ပြီး ကျွန်းထောင်ကို ပိတ်လိုက်တော့သည်။

ထို့နောက် ရေတပ်၏ ကွပ်ကဲမှုအောက်တွင် ရှိနေခဲ့သော ကိုကိုးကျွန်းပေါ်သို့ အများပြည်သူ သွားလာခွင့်ကို ကန့်သတ်ခဲ့သည်။
မဇ္ဈိမမှတဆင့်

ပုံမှန်အားဖြင့် ဆန်သစ်ပေါ်ချိန်ကာလတွင် ဆန်ဈေးနှုန်းများ ကျဆင်းလေ့ရှိသော်လည်း ယခုနှစ် ဆန်သစ်ဝင်ချိန်တွင် ဆန်ကောင်း၊ ဆန်ချောများသာ ဈေးနှုန်းကျဆင်း၍ ဆန်ကြမ်းများမှာမူ ဈေးနှုန်းမြင့်တက်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများ အများဆုံး စားသုံးသော ဆန်ကြမ်းများ ဈေးနှုန်းမြင့်မားနေရခြင်းမှာ ယခုနှစ် ပြည်ပဆန်တင်ပို့မှု ပမာဏလျာထားချက် မြင့်မားခြင်းနှင့် ပို့ကုန်ဝယ်လက်ကို မျှော်လင့်၍ ကြိုတင်သိုလှောင်မှု စတင်ပြုလုပ်နေကြခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရခြင်း ဖြစ်သည်။

”ဆန်ကြမ်းက အဝင်နည်းတယ်။ ဒီနှစ် တန်ချိန်တသန်းခွဲ လျာထားတော့ တလပိုင်း၊ နှစ်လပိုင်းလောက် အိတ်စပို့ ပြန်ဆွဲမယ့် အချိန်ကို မျှော်နေကြတယ်။ နယ်ကုန်သည်တွေ လှောင်တာကော ကုမ္ပဏီတွေက တိုက်ရိုက် ဆင်းဝယ်ထားတာတွေနဲ့ရော ဆန်ကြမ်းအသစ်က ကုန်တက်ကို နည်းနေတာ” ဟု ရန်ကုန်မြို့ ကိုင်းတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်မှ ကုန်သည်တဦးက ရှင်းပြသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့ရာတွင် ပြည်ပဈေးကွက်အကြိုက် အရိုးရှည်ဆန်များကိုသာ တင်ပို့ခြင်းဖြစ်ပြီး ယင်းဆန်များမှာ အခြေခံလူတန်းစားများ အဓိကစားသုံးသော ဧည့်မထ၊ မနောသုခ၊ ဆင်းသွယ်လတ် စသည့် ဆန်ကြမ်းအုပ်စုဝင် ဆန်များဖြစ်သည်။ (ဆန်ကျိုးကြေမှု ၂၅ ရာခိုင်နှုန်းသာ ပါဝင်ခြင်းကြောင့် ၂၅ မှတ်တန် ဆန်ဖြူဟု ခေါ်ဆိုသည်။)

ဆန်သစ် (အချော) များ အများအပြား ဝင်ရောက်လာမှုကြောင့် လက်ကျန်ဆန်ဟောင်း (အချော) များ ဈေးနှုန်းကျဆင်းနေသော်လည်း ကုန်တက်နည်းသည့် ဆန်သစ် (အကြမ်း) နှင့် ဆန်ဟောင်း (အကြမ်း) တို့အကြား ဈေးကွာခြားချက်နည်းပါးကြောင်း သိရသည်။

ဆန်ဟောင်း (အကြမ်း) များမှာ တတင်းခွဲဝင် တအိတ်လျှင် ကျပ် ၁၇၅ဝဝ ခန့် ဈေးရှိနေပြီး ယင်းဈေးနှုန်းမှာ အောက်တိုဘာလဆန်းပိုင်းက ရှိနေခဲ့သော ဈေးနှုန်းအတိုင်း မပြောင်းမလဲ ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။

ဆန်သစ် (အကြမ်း) ဈေးနှုန်းများမှာ ဒေးဒရဲ၊ မော်ကျွန်း၊ ဝါးခယ်မ၊ ကော့မှူး စသော ထွက်ရှိရာဒေသမှ အရည်အသွေးကိုလိုက်၍ ဈေးအနည်းငယ် ကွာခြားမှုရှိနေပြီး တအိတ်လျှင် ကျပ် ၁၄ဝဝဝ မှ  ၁၅ဝဝဝ အကြား ရှိနေသည်။

ဆန်သစ်ပေါ်စ အောက်တိုဘာလကုန်ခန့်က တအိတ်လျှင် ၂၆၅ဝဝ ကျပ်ဝန်းကျင် ပုံမှန်ရှိနေခဲ့သော ဖျာပုံ၊ မြောင်းမြ ပေါ်ဆန်းမွှေး (ထိပ်စရှယ်) ဆန်ဟောင်းများမှာ ယမန်နေ့တွင် ကျပ် ၂၃ဝဝဝ မှ ၂၄ဝဝဝ အကြားတွင်သာ ရှိတော့ပြီး ဆန်သစ် (အချော) ပေါ်ဆန်းမွှေးမှာ ကျပ် ၁၉ဝဝဝ မှ ၂ဝဝဝဝ ဝန်းကျင်တွင်သာ ရှိနေသည်ကို တွေ့ရသည်။

“ဆန်သစ်ပေါ်စမှာ ဆန်က အစိုဓာတ် ရှိနေတယ်။ အထားမခံဘူးဆိုတော့ ဆန်ဟောင်းထက် ဈေးနိမ့်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီနှစ် အကြမ်းဈေးက တင်းခံနေတော့ အချောနဲ့ အကြမ်းက ဈေးကပ်သွားတယ်။ အိတ်စပို့ကလည်း လျာထားချက်ပြည့်အောင် ဆက်ဆွဲဦးမယ့် အနေအထားရှိနေတော့ ဆန်ကြမ်းဈေးက ကျလာစရာ မမြင်ဘူး။ ဆန်ချောကတော့ ဒီနှစ် ဈေးလျော့မယ့် အနေအထားရှိတယ်။ ဆန်ကြမ်းဈေးတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ အိတ်စပို့ဆွဲတဲ့အချိန် ဈေးမြင့်ဦးမယ့် အနေအထားရှိတယ်” ဟု ဘုရင့်နောင် ဆန်ပွဲရုံတခုက ဆိုသည်။

ယမန်နှစ်က နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီး၊ စပါးပေါ်ချိန် စပါးဈေးကျဆင်းသည့် ဒဏ်ကိုခံခဲ့ရသည့် ဧရာဝတီတိုင်းမှ လယ်သမားများအဖို့ အနည်းငယ် သက်သာရာရမည့် နှစ်တနှစ်ဖြစ်ကြောင်း နယ်ကုန်သည်များက ဆိုသည်။

”လောလောဆယ် စပါးသစ် အချွန်ဈေး (အကြမ်း) က ၄ သိန်းနီးပါးမှာ ရှိတယ်။ အချွန် (အဟောင်း) က ၄ သိန်းခွဲကျော်ကျော် ရှိနေသေးတယ်။ အချောတွေကတော့ စပါးသစ်က ၄ သိန်းခွဲနဲ့ ၅ သိန်းကြား၊ စပါးဟောင်းက ၆ သိန်းကျော်လောက်အထိ ပေါက်ဈေးရှိတယ်။ လယ်သမားတွေတော့ ဒီနှစ် အသက်ရှူချောင်မယ့် အနေအထား ရှိပါတယ်။ တချို့လယ်သမားတွေကလည်း စပါးရိတ်ပြီး စက်ထဲ တန်းမပို့တာရှိတယ်။ ဈေးများ ပိုကောင်းလာမလားလို့ ချိန်နေကြတာပေါ့” ဟု ဒေးဒရဲမြို့နယ်မှ ဆန်ကုန်သည်တဦးက ဆိုသည်။

ဧရာဝတီတိုင်း ဒေသအများစုတွင်လည်း ယခုနှစ် စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း အများအားဖြင့် တဧက တင်း ၄ဝ မှ ၇ဝ အကြား ထွက်နှုန်းရှိကြောင်း ဒေးဒရဲဆန်ကုန်သည်က ဆိုသည်။

လက်ရှိ ကမ္ဘာ့ဆန်ဈေးနှုန်းမှာလည်း မြင့်တက်လျက် ရှိနေသည်။ နိုဝင်ဘာလလယ်တွင် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း အမြင့်ဆုံးစံချိန်အဖြစ် ၂၅ မှတ် ဆန်ဖြူတတန်လျှင် အမေရိကန်ဒေါ်လာ ၄၇ဝ ဖြင့် ရောင်းချခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်အတွင်း နာဂစ်မုန်တိုင်းကြောင့် စပါးအထွက်နှုန်းလျော့ခဲ့ခြင်း၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဂယက် ရိုက်ခတ်ခြင်းများ ခံခဲ့ရသော်လည်း ပြည်ပသို့ ဆန်စပါး ပိုမိုတင်ပို့မှုတွင် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်ထက် နှစ်ဆနီးပါးမျှ တိုးမြှင့်ခဲ့သည်။

၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၆ သိန်း ၇ သောင်းခန့် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၅.၃၁ သန်း ရှိခဲ့ကာ၊ ဆန်တတန်လျှင် အမေရိကန်ဒေါ်လာ ၂၈ဝ နီးပါး ပျမ်းမျှ ရရှိခဲ့သည်။

ယခုဘဏ္ဍာရေးနှစ် ၂ဝဝ၉-၂ဝ၁ဝ တွင် ပြည်ပသို့ ဆန်တန်ချိန်တသန်း တင်ပို့ရန် မူလက လျာထားသတ်မှတ်ခဲ့ရာ ဧပြီလမှ သြဂုတ်လကုန်အထိ ၅ လတာ ကာလအတွင်း ဆန်တန်ချိန် ၄ သိန်းကျော် (တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၁၆ သန်းကျော်) တင်ပို့ခဲ့ပြီးနောက်ပိုင်းတွင် ဆန်တန်ချိန် တသန်းခွဲအထိ ပြောင်းလဲလျာထားခဲ့သည်။

လျာထားချက် ပြည့်မီရေးအတွက် အစိုးရက ဆန်တင်ပို့မှု မူဝါဒကို ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။ ယခင်က သတ်မှတ်ထားသော ဆန်ပမာဏ လက်ဝယ်ရှိမှသာ တင်ပို့ခွင့်လိုင်စင် ထုတ်ပေးရာမှ နောက်ပိုင်းတွင် ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့သည်။

ကမ္ဘာ့ဆန်ဈေးနှုန်း မြင့်မားနေခြင်း၊ တင်ပို့မှုလွယ်ကူခြင်းတို့ကြောင့် လာမည့် ပွင့်လင်းရာသီဖြစ်သော ဘဏ္ဍာရေးနှစ် တတိယ ၄ လပတ်တွင် လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်မည်ဟု ယူဆကြောင်း ဆန်တင်ပို့နေသည့် ကုမ္ပဏီတခုက ပြောသည်။

”မြန်မာ့ဆန်ဈေးကတော့ ထိုင်းတို့၊ ဗီယက်နမ်တို့နဲ့ ကွာပါတယ်။ အခုလက်ရှိ တတန်ကို ဒေါ်လာ ၃၄ဝ ဝန်းကျင်လောက် ရနေတယ်။ လာမယ့် နှစ်ဆန်းပိုင်း ပွင့်လင်းရာသီ ရောက်ရင်တော့ ဒီထက် ပိုပို့နိုင်မှာပါ။ လောလောဆယ် မနှစ်က ပမာဏနီးပါး ရှိသွားပြီလို့ ကြားတယ်။ လျာထားချက်တော့ ပြည့်နိုင်မယ် ထင်ပါတယ်” ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ယင်းကုမ္ပဏီက ဆိုသည်။
မဇ္ဈိမမှတဆင့်

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အာဏာပိုင်များက ပြုပြင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သူမ၏ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ရန်ကုန်တိုင်း၊ မြို့တော်စည်ပင်က နေအိမ် အပေါ်ထပ်ရှိ ဝရံတာတွင် အုတ်စီ အခန်းဖွဲ့၊ ပြင်ဆင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

“အိမ်ပြင်ခွင့်ရတာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်း ကပါ။ အခုလို အကျယ်ချုပ်ကာလမှာ လက်သမားတွေ သွင်းရေး၊ အလုပ်သမားတွေ သွင်းရေး၊ ပစ္စည်းသွင်းရေး ကိစ္စတွေကို အင်ဂျင်နီယာ၊ ဒေါ်စုနဲ့ ရဲသတင်းတပ်ဖွဲ့တွေ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

“ ဒီအပတ်ထဲမှာပဲ ဒီလုပ်ငန်းကို ကြီးကြပ်ပေးမယ့် ဒေါ်စုနဲ့ သူ့မိတ်ဆွေတယောက် (အင်ဂျင်နီယာ) ရယ်၊ အင်ဂျင်နီယာတွေ ဒေါ်စုအိမ်မှာ ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားတယ်ဆိုတာ သိရပါတယ်” ဟု သူက ထပ်ပြောသည်။

နေအိမ် ပြုပြင်ရေးကို ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြုပြင်ရန် အာဏာပိုင်များက သတ်မှတ်ပေးထားကြောင်း သိရသည်။

နေအိမ် ပြုပြင်ခွင့် ပေးလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်း သွားလာခွင့် တင်းကြပ်မှုများ လျော့ပေးခြင်းမျိုး မယူဆကြောင်း သူက ပြောသည်။

၂၀၀၈ ခုနှစ်၊ မေလအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ ပျက်စီးခဲ့သည်ကို အာဏာပိုင်များက ပြုပြင်ခွင့် ပေးခဲ့သည်။
မဇ္ဈိမမှတဆင့်

ရန်ကုန်တိုင်းရှိ စက်သုံးဆီ ဒီဇယ်ဆီဈေးကွက်မှာ ၅ ရက်အတွင်း သိသာစွာ ထိုးတက်သွားကြောင်း ဒီဇယ်အရောင်း ကုမ္ပဏီတချို့က ဆိုသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်က ဒီဇယ် ၅၀ ဂါလံဝင် တပေပါကို ကျပ် ၁ သိန်း ၃ သောင်း ဈေးရှိရာမှ ယနေ့ပေါက်ဈေး ကျပ် ၁ သိန်း ၅ သောင်းခန့်အထိ ကျဆင်းသွားကြောင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဈေးရှိ ဒီဇယ်အရောင်း ကုမ္ပဏီ တချို့က ဆိုသည်။

“လက်လီဈေး တဂါလံက ၃ဝဝဝ (ကျပ်) ဈေးရှိတယ်။ လွန်ခဲ့တဲ့ ၅ ရက်က ၂၆ဝဝ ပါ။ ဘာကြောင့် တက်တယ်ဆိုတာ မသိဘူး” ဟု ဘုရင့်နောင် ဒီဇယ်အရောင်း ကုမ္ပဏီတခုက မဇ္စျိမကို ပြောသည်။

မရမ်းကုန်းမြို့ရှိ ကားအင်ဂျင်ပြင်သည့် ဝင်းမြဆိုင်တွင် ကားအင်ဂျင်ပြုပြင်ရန် ယမန်နေ့က ဒီဇယ်ဆီ တပေပါကို ကျပ် ၁ သိန်း ၅ သောင်း ၂ ထောင် ဈေးနှုန်းပေးခဲ့ရကြောင်း သိရသည်။

ဘုရင့်နောင်ဈေးက အလင်းရောင်ဆီဆိုင် တာဝန်ရှိသူ တဦးကမူ “ကုမ္ပဏီက ဈေးတက်လိုက်တာပါ။ ကျမတို့က တဆင့်ရောင်းဆိုတော့ သူတို့ဈေးတင်ရင် ကျမတို့ကလည်း ဈေးနည်းနည်း တင်ရတာမျိုးတော့ ရှိတယ်” ဟု ပြောသည်။

၎င်းဆိုင်တွင် ဒီဇယ်ဆီ တဂါလံကို လက်လီဈေး ကျပ် ၃ဝဝဝ ရှိသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်း အင်ဂျင်ဝိုင်ဈေးနှုန်းမှာ လက်လီရောင်းဈေး ယခင် ကျပ် ၅၅၀၀ ဈေးနှုန်းရှိရာမှ  ယနေ့ပေါက်ဈေး ကျပ် ၅ဝဝဝ အထိ ကျဆင်းသွားသည်။ ။

ယခုလို အပြင် ဒီဇယ်ဈေးနှုန်းများ ထိုးတက်သွားသော်လည်း အစိုးရဈေးနှုန်းမှာ ယခင်အတိုင်း တဂါလံလျှင် ကျပ် ၃ဝဝဝ နှင့် FEC ၂ ဒဿမ ၉ ဒေါ်လာသို့ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ အစိုးရ ဒီဇယ်အရောင်းဆိုင်က တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
မဇ္ဈိမမှတဆင့်