Archive for March, 2009


Than Shwe’s Real Age

မေး။ ။ တကယ်လို့ ဒီနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ ။ မြန်မာပြည်သူတွေ အလွန်ဝမ်းမြောက်ပါလိမ့်မယ်။ စစ်အစိုးရကိုလည်း လူတွေက ကျေးဇူးတင် သာဓုခေါ် ကြပါလိမ့်မယ်။ သူ့ကိုဝေဖန်နေတဲ့သူတွေကတောင် အသိအမှတ်ပြုတုံ့ပြန်တာမျိုး ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမေရိ ကန်နိုင်ငံနဲ့ နိုင်ငံတကာမိသားစုဆီကပါပဲ။

မေလမှာ ဒေါ်စု ပြန်လွတ်လာဖို့ဆိုတာ စိတ်ကူးယဉ်တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ တကယ်လို့ လွတ်လာရင်တော့ ဗိုလ်ချုပ်မှူး ကြီးက သူ့ကို “လမ်းပြမြေပုံ” လုပ်ငန်းစဉ်မှာ ပါဝင်စေချင်လို့ သာဖြစ်ပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲ ၀င်စေချင်လို့ ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အကယ်၍ သူက ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှ လွတ်လာမယ်ဆိုရင်တော့ လက်ရှိ စစ်အစိုးရက ဒီကိစ္စကို နောက် အစိုးရလက်ထဲ လွှဲပေးချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ စစ်အစိုးရ ဘာကြောင့် ဒေါ်စုနဲ့ NLD ကို ရွေးကောက်ပွဲ ၀င်စေချင်ရမှာ လဲ။ စဉ်းစားဖို့ လိုပါတယ်။ အခုပွဲက ဗိုလ်ချုပ်သန်းရွှေရဲ့ ရွေးကောက်ပွဲပါ။ သူ့အလိုကျ မဲလိမ်ညစ်ပတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်တာက သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာတော့ အမျိုးသမီးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အပါအ၀င် နိုင်ငံ ရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် သူက ဆက်လက် တောင်းဆိုပါလိမ့်မယ်။

သူ့ကို ပြန်လွှတ်ပြီးတဲ့နောက်ပိုင်းမှာတောင်မှ ကျနော်တို့ ထပ်တွေ့ကြရမယ့် လက်တွေ့ပြဿနာက ဒေါ်စု ပြန်ပြီးတော့လည်း အဖမ်းခံရနိုင်ပါသေးတယ်။ နောက်ထပ် ၆ နှစ်ကြာ အိမ်အကျယ်ချုပ် ပြန်ချထားတာမျိုးလည်း ကြုံနိုင်ပါသေးတယ်။

ပိုဆိုးတဲ့ အနေအထား မျှော်လင့်ထားနိုင်တာက ဒေါ်စုကိုယ်တိုင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံရနိုင် တာပါပဲ။ အခု သူအဖမ်းမခံရခင် ၂၀၀၃ ခုနှစ်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ စစ်အစိုးရ လိုလားတဲ့ လူအုပ်စုတွေက သူ့ကားတန်း ကို ဒီပဲယင်းမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ တချို့ လေ့လာသူတွေနဲ့ သံအမတ်တွေ ထင်ကြတာက ပြန်လွတ်လာရင်တောင် ရန်ကုန်မြို့ထဲ လောက်ပဲ သွားလာခွင့် ကန့်သတ်ထားတာမျိုးလည်း ကြုံရနိုင်ပါသေးတယ်။

မေး။ ။ တချို့မြန်မာ့အရေး လေ့လာသူတွေ ပြောကြတာက သူ့ကို NLD ပါတီကနေ ခဏနားသင့်တယ်လို့ ဆိုကြပါ တယ်။ အဲသည်အစား သူက နိုင်ငံရဲ့ခေါင်းဆောင်တဦးအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် စစ်အစိုးရနဲ့ အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အင်အား ပိုသုံးသင့်တယ်လို့ ဆိုနေပါတယ်။

ဖြေ။ ။ ကုလသမဂ္ဂအထူးသံ မစ္စတာ အီဗရာဟင် ဂန်ဘာရီကတဆင့် ဒေါ်စုထုတ်ပြန်ခဲ့တဲ့ ၂၀၀၇၊ နိုဝင်ဘာလ ကြေညာ ချက်ကို ကြည့်ရင်၊ ဒီမေးခွန်းအတွက် အကောင်းဆုံး အဖြေပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ သူပြောတာက ဒီမို ကရေစီ နိုင်ငံ (လူမှုအဖွဲ့အစည်း) တွေမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ကောင်းကောင်းသိထားတယ်။ သူ့ပါတီက လူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကိုလည်း လေးလေးနက်နက် ကျေးဇူးတင်တယ်။ သူက ဒီပါတီရဲ့ အထွေထွေအတွင်း ရေးမှူးတဦး လည်းဖြစ်တဲ့အတွက်ကြောင့် ဒီပါတီဝင်တွေရဲ့ ဆန္ဒလိုလားမှုတွေ၊ ချမှတ်ထားတဲ့ မူဝါဒတွေက သူ့ကို ဦးဆောင် လမ်းညွှန်နေတယ် လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အခုအချိန်က ဒီမိုကရေစီရေးအတွက် သွေးစည်းကြရတော့မယ့် အချိန်၊ သူ့တာဝန်ကလည်း မတူကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေ၊ အုပ်စုတွေ အသီးသီးရဲ့ အကျိုးစီးပွားတွေ၊ ထင်မြင်ချက်တွေကို တစိုက်မတ်မတ်နဲ့ လေးလေး နက်နက် ထည့်သွင်းစဉ်းစား ရတော့မယ့်ကာလဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရမယ့်အချိန် လို့ သူကပြောခဲ့ပါတယ်။

ဒေါ်စုအနေနဲ့ သူ့ပါတီကနေ ခဏနားသင့်သလားဆိုတဲ့ အကြံပေးချက်တွေကတော့ တနိုင်ငံလုံးက လုံးဝဆန့်ကျင်ကြမှာပါ ပဲ။ ဒါပေမယ့် သူဖော်ပြခဲ့တာကတော့ အကယ်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ် ထွန်းတိုးတက်စေရေးအတွက် လေးနက်စဉ်းစားဖွယ်ရှိတဲ့၊ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေရှိ လာရင်တော့ လေး လေးနက်နက် ထည့်သွင်းစဉ်းစားမယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ ဒေါ်စုမရှိရင် NLD ပါတီဆိုတာ အသက်မဲ့သွားမှာပါပဲ။ သူ့ ဘက်ကရော၊ ပါတီဘက်ကပါ အပြန်အလှန် လိုအပ်နေကြပါတယ်။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒေါ်စုရပ်တည်ချက်က ဘယ်လိုရှိမလဲ။

ဖြေ။ ။ အကယ်၍ NLD ပါတီရဲ့ ထုတ်ပြန်ကြေညာချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းစားချက်ကို ထင်ဟပ်နေမယ်လို့ ယူဆရင်တော့ (ဒါပေမယ့် သူဘယ်လို စဉ်းစားနေတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး) သူက စစ်အစိုးရရေးထားတဲ့ ဖွဲ့စည်းပုံကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း NLD ပါတီက ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကပါတီရဲ့ ပျော့ပြောင်းညင်သာမှုကို ပြတာပါ။

မေး။ ။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားနိုင်မလဲ။ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေးမူတွေကို သူ့အနေနဲ့ အနည်းအကျဉ်း သြဇာသက်ရောက်နိုင်မယ် ထင်ပါသလား။

ဖြေ။ ။ ဒီမေးခွန်းအတွက် အဖြေကတော့ ဖေဖေါ်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ NLD ပါတီရဲ့ အထူးထုတ်ပြန်ကြေညာချက်ကို ဖတ်ဖို့ လိုပါတယ်။ NLD က ပြောတာက ဒေါ်စုက ကြားခံဆက်သွယ်ရေးအရာရှိ ဦးအောင်ကြည်ကတဆင့် အချိန်မရွေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ အာဏာပိုင်တွေကို ပြောထားတယ် ဆိုပါတယ်။ “ထိပ်တိုက်ရင်ဆိုင်ရေး။ အလုံးစုံပျက်သုဉ်း ရေး၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ပိတ်ပင်မှု” တွေ ရှောင်လွှဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ပြောထားပြီးသားပါ။ စစ် အစိုးရက ဒီအချက်တွေကို ဒေါ်စုကလုပ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

“သို့ဖြစ်ပါ၍ ယင်းကိစ္စရပ်များကို အဆုံးအဖြတ်ပေး နိုင်ကြမည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည် လက်တွေ့ကျကျ မလွှဲမသွေ တွေ့ဆုံဆွေးနွေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စိတ်စေတနာကောင်းမွန်စွာဖြင့် တိုက်တွန်းကြောင်း ထပ်မံ၍ အလေးအနက် ကြေညာလိုက်ပါသည်” လို့ ပါတီ ကြေညာချက်က ဆိုထားပါတယ်။

ဒေါ်စုနဲ့ အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကလည်း သူတို့ တွေ့ဆုံဆွေးနွေးပွဲမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်စုနဲ့ စစ်အစိုးရခေါင်းဆောင်များ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပူးတွဲ ကြေညာချက်ထုတ်ဖို့ အကြံပေးတာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့သူတွေပြောတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူချင်မှ တူပါလိမ့်မယ်။

နှစ်ဘက်စလုံးမှာ သံသယနဲ့ မယုံကြည်တာတွေ အကြီးအကျယ် ရှိနေကြပါတယ်။ ဒါကြောင့် တချို့က ယုံကြည်မှု တည် ဆောက်ပေးတဲ့ အစီအစဉ်တွေ အဆင့်မြင့်ခေါင်းဆောင်ပိုင်းမှာ မနှေးအမြန် ပြန်လည်စတင်ဖို့ လိုအပ်တယ်လို့ ဆိုကြ ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့ကတော့ အကြံမပြုလိုပါဘူး။ ကုလသမဂ္ဂနဲ့ သူ့တို့ရဲ့ ဘာမှ မသိ နားမလည်တဲ့ အထူးသံကြီးက ခဏနေ ဒီလှည့်ကွက်ထဲ ခုန်ဆင်းပြီးတော့ “ယုံကြည်မှုတည်ဆောက်ရေး” စီမံချက်လုပ်ပြီး လှည့်ရောင်းစားနေပါဦးမယ်။

မေး။ ။ ဒေါ်စု မြန်မာနိုင်ငံက ထွက်သွားသင့်သလား။

ဖြေ။ ။ ဒီလိုဆိုရင် စစ်အစိုးရက သိပ်ပျော်ပါလိမ့်မယ်။ ဒေါ်စုကို လေယာဉ်လက်မှတ်တောင် ၀ယ်ပေးလိုက်ပါဦးမယ်။ ဒါပေမယ့် တလမ်းသွား၊ ပြန်လမ်းမရှိတဲ့ လက်မှတ်မျိုးပေါ့။

သူက နိုင်ငံတကာမှာတော့ အတော်ရေပန်းစား နာမည်ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူက ဘုန်းတော်ကြီးဒလိုင်းလားမားလို မျိုးတော့ မဟုတ်ပါဘူး။

သူနာမည်ကြီးတာက ဘယ်လောက်ကြာကြာ ခံမှာလဲ။ စစ်အစိုးရကို အကောင်းပြောနေတဲ့သူတွေ၊ ထောက်ခံတဲ့သူတွေ၊ စစ်အစိုးရဘက်လိုက်ကြမယ့် အစိုးရတွေက ဒေါ်စုကို သေးသိမ်အောင် လုပ်ကြပါလိမ့်မယ်။ သူလုပ်ချင်တဲ့ကိစ္စတွေ မအောင် မြင်နိုင်အောင်လည်း ခြေထိုးဖျက်ဆီးကြပါလိမ့်မယ်။ အာရှတိုက်ကိုတောင် ပြန်လာဖို့ မဖြစ်နိုင်တဲ့ အခြေ အနေဖြစ်သွားနိုင်ပါ တယ်။ ဂျပန်ကိုတောင် လာဖို့ မဖြစ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ သူသြဇာအရှိန်အ၀ါကြီး မှာ သေချာပါတယ်။

စစ်အစိုးရကို အကောင်းပြောနေသူတွေ၊ မူဝါဒချမှတ်သူတွေနဲ့ စစ်အစိုးရကို လိုလားတဲ့ တချို့ပညာရှင်တွေက ဒေါ်စုကိုယ်နှိုက်က ပြဿနာရဲ့ အစိတ်အပိုင်းတခုဖြစ်နေပြီလို့ ပြောနေကြပါတယ်။ ဒီလိုဝါဒဖြန့်ချိမှုတွေက အချိန်တခုမှာ ဖြစ်နေနိုင်ပါတယ်။ အဲသည်တော့ ချုပ်ပြောရရင် ဒေါ်စုက မြန်မာပြည်မှာပဲနေပြီး ပြည်တွင်းထဲကပဲ လုပ်သင့်ပါတယ်။

မေး။ ။ မြန်မာလူထုတွေအနေနဲ့ ဒေါ်စုကို ဒီအတိုင်း ဆက်လက်ထောက်ခံနေကြမှာလား။

ဖြေ။ ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ငြိမ်းချမ်းရေးနိုဘဲလ် ဆုရှင်က မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် ဖြစ်နေ မှာပါ။ သူ့ကို ဆက်ပြီးလေးစားနေကြပါလိမ့်မယ်။ အတိုက်အခံတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားနေကြသူတွေက သူပြန်လွတ်လာ ရင် တဖန်ပြန်ပြီး အားတက်လာကြပါလိမ့်မယ်။ ဒါကြောင့်လည်း သူ့ကို စစ်အစိုးရက ကြောက် နေရတာပါ။ အကျယ် ချုပ်ဆက်ပြီး ချုပ်နှောင်ထားတာပါ။

မေး။ ။ ဒေါ်စုလွတ်လာရင် သူ ဘာတွေပြောမှာလဲ။

ဖြေ။ ။ တချို့လေ့လာသူတွေ ပြောနေတာက သူရော၊ စစ်အစိုးရခေါင်းဆောင်တွေမှာပါ မူဝါဒတွေမှာ လက်တွေ့ကျကျ ကြည့်သင့်တယ်လို့ ဆိုကြပါတယ်။ သူတို့ပြောတာက တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီ ဆိုတာတွေ တောင်းဆိုနေတာထက် စာရင်၊ စီးပွားရေးအကြောင်း ပြောသင့်တယ်၊ နိုင်ငံရဲ့ လူမှုကပ်ဘေး ဒုက္ခအကြပ်အတည်းတွေအကြောင်း ပြောသင့်တယ်၊ ဆင်းရဲ မွဲတေမှုအကြောင်း ပြောသင့်တယ် လို့ ဆိုကြပါတယ်။ နောက်ပြီး ဒေါ်စုအခု စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ဘယ်လို စဉ်းစား နေတယ်ဆိုတာတွေလည်း ပြောသင့်တယ်လို့ သူတို့က အကြံပြုကြပါတယ်။

သူက အခုတခါ စာမျက်နှာသစ်ကို တကယ်ပြောင်းဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြဖို့ လိုပါတယ်။ သူက အပေးအယူလုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာ အရင်လိုပဲ မပြောင်းလဲကြောင်း ဆက်လက်ပြဖို့ လိုပါတယ်။ သူက တကယ်လက်တွေ့ကျကျ ကျင့်သုံးနိုင်တဲ့ နိုင်ငံရေးသမားကောင်းတဦးဆိုတာ ပြသဖို့ လိုပါတယ်။

သူက NLD ပါတီနဲ့ တနိုင်ငံလုံးက ထောက်ခံသူတွေကို ပြန်လို့ သက်ဝင်တက်ကြွလာစေနိုင်ပါတယ်။ သူက ပထမဦးဆုံး ပါတီက “အန်ကယ်ကြီး” တွေနဲ့၊ ပါတီဝါရင့်ခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ အရင်မျက်နှာစုံညီ ထိုင်ဖို့ လိုပါတယ်။ ပါတီကို ဘယ်လိုပြုပြင် ပြောင်းလဲကြမလဲ၊ ဘယ်လိုအားသစ်လောင်းကြမလဲ၊ NLD ပါတီကို သက်ဝင်လှုပ်ရှားအောင် ဘယ်လိုလုပ် ကြမလဲ ဆွေးနွေးကြရပါလိမ့်မယ်။

သူက စစ်တပ်က အရာရှိ၊ အရာခံ၊ ရဲဘော်တွေကို စကားပြောတဲ့အခါ သတိထားဖို့ လိုပါတယ်။ တချို့အရာရှိတွေက စစ် အစိုးရကို စိတ်ကုန်နေကြပါပြီ။ အပြောင်းအလဲကို မြင်ချင်နေကြပါတယ်။ သူတို့က ဒေါ်စုအပေါ်မှာ အပြောင်းအလဲအတွက် မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် စစ်တပ်ထဲမှာ သူ့ကို နာမည်ဖျက် အပုပ်ချနေတာတွေ ရှိနေနိုင်တာကိုလည်း သတိထားရပါလိမ့်မယ်။ စစ်တပ်အရာရှိ အများစုက သူ့ကို အဆိုးမြင်ကောင်း မြင်နေနိုင်ပါတယ်။ သူတို့ကို နည်းပရိယာယ်အရ ထောက်ခံမှုရလာအောင် ပြန်ကြိုးစား ဖို့ လိုနေပါတယ်။

မေး။ ။ NLD ပါတီက မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်လာလည်မယ့် ကိစ္စကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရက ဒီအစီအစဉ်အပေါ် နှုတ်ဆိတ်နေပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂကို သိပ်နေရာမပေးချင်ပါဘူး။ ဒါပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည် ကို မကြာခင်ပြန်လွှတ်ဖို့ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ အကယ်၍ ကုလအကြီးအကဲကို မြန်မာနိုင်ငံထဲ လာခွင့်ပြု လိုက်ရင် မစ္စတာဘန်ကီမွန်းကိုယ်တိုင်က သူ့အိမ်စာ သူလုပ်ဖို့လိုပါတယ်။ ပြန်ထွက်သွားတဲ့အခါ သိသာထင်ရှားတဲ့ ရလဒ်တခုခု ကိုင်ပြီး ထွက်သွားတာမျိုး ဖြစ်အောင် ပြင်ဆင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် သူကိုယ်တိုင်နဲ့ သူ့ခရီးစဉ်လည်း သိက္ခာကျစရာ၊ လူရယ်စရာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ ဒေါ်စုအနေနဲ့ မြန်မာပြည် ပြင်ပက ဘယ်သူတွေကို အားကိုးနိုင်မလဲ။

ဖြေ။ ။ သူ့အနေနဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်လို့ လက်တွေ့ကျတဲ့ မူဝါဒတွေကို ထုတ်ဖော်ပြောဖို့ ပြင် ဆင်ထားသင့်ပါတယ်။ သူတို့က စစ်အစိုးရကို အဓိကပံ့ပိုးရပ်တည်ပေးနေသူတွေပါ။ ၀ါရှင်တန် (အမေရိကန်အစိုးရ) က တော့ အမြဲတမ်း သူ့နောက်က ရှိပါလိမ့်မယ်။ ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယကို သူ့နောက်မှာ အပါခေါ်ဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံက လက်တွေ့ကျကျ ကျင့်သုံးတယ်ဆိုတာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရကို စိတ်ပျက်နေတယ် ဆိုတာကို သူက လျစ်လျူရှုမထားသင့်ပါဘူး။

ဒါကြောင့်မို့ ဒေါ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ အင်အားကြီးတဲ့ အိမ်နီးချင်းတွေ၊ အာဆီယံနိုင်ငံတွေကို ဖီလာဆန့်ကျင် မတိုက်သင့် ပါဘူး။ သူတို့က လက်တွေ့ကျကျချဉ်းကပ်သလို စီးပွားရေးအရ အကျိုးစီးပွားဖြစ်မှုအပေါ် မူတည်နေကြတာပါ။ အာဆီယံ အဖွဲ့ခေါင်းဆောင်တွေကတော့ ကြိုတင်ခန့်မှန်းရ ခက်ပါတယ်။ ဒါကြောင့်မို့ ဒေါ်စုက ပြောတဲ့စကားဟာ အနောက်နိုင်ငံတွေ ကို ပြောတဲ့စကားထက်စာရင်၊ သူတို့ကို ထိရောက်အောင် ပြောတာက ပိုအရေးကြီးပါတယ်။

သိထားသင့်တာက အာဆီယံခေါင်းဆောင်တချို့က စစ်အစိုးရကို မကြိုက်နှစ်သက်ကြသလို ဒေါ်စုကိုလည်း တခြား ရွေး ချယ်စရာ ခေါင်းဆောင်တဦးအနေနဲ့ မြင်လိုကြပါတယ်။ ဒါကြောင့် ဒေါ်စုက ဒီလိုဖြစ်နိုင်တယ်ဆိုတာ ပြဖို့ လိုပါတယ်။ သူက ဒီလို အသိအမှတ်ပြုထိုက်တဲ့ အင်အားတခုဆိုတာ ပေါ်လွင်လာအောင်လည်း ဆောင်ရွက်ဖို့ လိုနေပါတယ်။

အောင်ဇော်၏ Will Suu Kyi Be Soon Free? And What Then? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

(ဧရာဝတီ)တပ်မတော်အရင်းရှင်စနစ် မြန်မာပြည်တွင် ကြီးထွားနေ
မြန်မာ့ တပ်မတော်သည် ၁၉၈၈ အာဏာ သိမ်းပြီးချိန်မှစ၍ မြန်မာပြည် စီးပွားရေး အထူးသဖြင့် အကြီးစား စက်မှုလုပ်ငန်း၊ တွင်းထွက်ပစ္စည်း တူးဖော်ရေး လုပ်ငန်း၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများကို လက်ဝါးကြီးအုပ် လာသည်။

၁၉၈၈ ခုနှစ်တွင် ဆိုရှယ်လစ်အစိုးရ ပြုတ်ကျသွားခြင်းကြောင့် နိုင်ငံရေးတွင် ဦးဆောင်မှု ကဏ္ဍမှ ပါဝင်လိုသည့် တပ်မတော်သည် စီးပွားရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နိုင်ခဲ့ကြောင်း တပ်မတော်ရေးရာ ကျွမ်းကျင်သူ မောင်အောင်မျိုးက သုံးသပ်ထားသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရခြင်း၏ အကြောင်းရင်း ၂ ရပ် ရှိသည်ဟု မောင်အောင်မျိုးက တပ်မတော်ကို တည်ဆောက်ခြင်း (Building the Tatmadaw) အမည်ရှိ စာအုပ်တွင် မှတ်ချက်ချ ရေးသားထားသည်။ ထိုအကြောင်းရင်း ၂ ရပ်မှာ မည်သူ့ကိုမျှ မှီခိုရခြင်း မရှိစေရန်၊ ခေတ်မီတပ်မတော် တည်ဆောက်ရေး အတွက် ဘဏ္ဍာငွေ ထောက်ပံ့နိုင်ရန်တို့ ဖြစ်သည်။

မြန်မာ့ တပ်မတော်က စီးပွားရေး အဖွဲ့ကြီး ၂ ခုကို တည်ထောင်ထားသည်။ ၁၉၈၉၊ ၁၉၉ဝ တို့တွင် စတင်ခဲ့သည့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့ ဖြစ်သည်။

စိတ်ဝင်စားဖွယ် အချက် တခုမှာ ဦးပိုင် ဟု ထင်ရှားသည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သည် တပ်မတော်သားများ၊ တပ်ရင်း တပ်ဖွဲ့များ၊ စစ်မှုထမ်းဟောင်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ ထံမှ ငွေကြေးများဖြင့် မ တည် ရင်းနှီးထားခြင်း ဖြစ်သည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ကို ယခင်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့်က ဦးဆောင်ခဲ့သည်။ ယခုအခါ ကာကွယ်ရေး စက်ပစ္စည်း ထုတ်လုပ်မှုရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး က တာဝန်ယူထားသည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သည် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် တပ်မတော်က ပထမဆုံး တည်ထောင်ခဲ့သည့် စီးပွားရေး အင်အားစု ဖြစ်သည်။

ဦးပိုင် လီမိတက်သည် စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။ စားအုန်းဆီ၊ လောင်စာဆီ၊ မော်တော်ယာဉ်များကို ထိုနိုင်ငံများမှ တင်သွင်းသည်။ စီးကရက်၊ ပဲအမျိုးမျိုး၊ ကျောက်မျက်၊ အဝတ်အထည်များကို ထိုနိုင်ငံများသို့ တင်ပို့သည်။

၁၉၉ဝ နှင့် ၂ဝဝ၇ ခုနှစ်အတွင်း စီးပွားရေး လုပ်ငန်း ၇၇ ခုကို ဦးပိုင် လီမိတက်က တည်ထောင်နိုင်ခဲ့ကြောင်း မောင်အောင်မျိုး၏ စာအုပ်တွင် ဖော်ပြထားသည်။ အဆိုပါစာအုပ်ကို စင်္ကာပူ အခြေစိုက် အဖွဲ့တခုဖြစ်သော အရှေ့တောင် အာရှ လေ့လာရေး ဌာနက ထုတ်ဝေခြင်းဖြစ်သည်။

ဦးပိုင် လီမိတက်သည် ကျောက်မျက်ရတနာ ထုတ်လုပ်ရေး၊ အထည်ချုပ်၊ သစ် နှင့် သစ်အချောထည် ထုတ်လုပ်ရေး၊ စားသောက်ကုန်၊ ဘဏ်၊ ကုန်တိုက်၊ ဟိုတယ် နှင့် ခရီးသွားလာရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ ကွန်ပျူတာ၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ သံမဏိ၊ ဘိလပ်မြေ၊ မော်တော်ယာဉ်၊ အလှကုန်ပစ္စည်း၊ စာရေးကိရိယာ စသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်တွင် ဦးပိုင် လီမိတက်က လုပ်ငန်း ၃၅ ခုကို ထူထောင်ခဲ့သည်။

လုပ်ငန်းပိတ်သိမ်းမှုမှာ ၁၉၉၉ ခုနှစ်မှ စတင်ပြီး ၆ ခု ရှိသည်။ ၎င်းတို့အနက် တခုမှာ မိုးကုတ်၊ မိုင်းရှူး၊ နမ်းယာ၊ မော်ချီး၊ သပိတ်ကျင်းဒေသများတွင် လုပ်ကိုင်သော မြန်မာ့ပတ္တမြားလုပ်ငန်း ဖြစ်သည်။

လုပ်ငန်း ရပ်ဆိုင်းရခြင်း၏ အကြောင်းရင်းတခုမှာ အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ဆို့ ဆန့်ကျင်ခြင်းကြောင့်ဖြစ်မည်ဟု မောင်အောင်မျိုးက ယူဆသည်။ အခြားဖြစ်နိုင်ခြေများမှာ မြန်မာပြည်၏ စီးပွားရေး မူဝါဒများ အားနည်းခြင်း၊ မြန်မာ့စီးပွားရေး အခြေအနေ တို့နှင့် ပတ်သက်သည့် ပြဿနာများဖြစ်သည်။

ကိုရီးယားမှ Segye ကော်ပိုရေးရှင်း၊ Daewoo ကော်ပိုရေးရှင်း၊ ကိုရီးယားအခြေစိုက် Pohon သံ နှင့် သံမဏိ ကုမ္ပဏီ၊ စင်္ကာပူမှ Rothmans Myanmar Holding Pte Ltd နှင့် Fraser & Neave အုပ်စု၊ ဂျပန်မှ Mitsugi ကော်ပိုရေးရှင်း၊ Nikko Shoji ကုမ္ပဏီ လီမိတက်တို့သည် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် နှင့် အကြီးအကျယ် ပူးတွဲလုပ်ကိုင်လျက်ရှိသည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းသည် ကာကွယ်ရေးဝန်ကြီးဌာန၏လက်အောက်တွင် ရှိသည်။ မြန်မာ့တပ်မတော်၏ ကိုယ်ပိုင် စက်မှုလုပ်ငန်း၊ နည်းပညာလုပ်ငန်းများလုပ်ကိုင်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ နိုင်ငံအနှံ့တွင် အကြီးစား စက်မှုလုပ်ငန်းပေါင်း အနည်းဆုံး ၂၁ ခုကို လုပ်ကိုင်နေသည်ဟု မောင်အောင်မျိုးက ဆိုသည်။

ထိုလုပ်ငန်းများအနက် ထိုင်းနိုင်ငံမှ ကုမ္ပဏီများနှင့် လုပ်ကိုင်နေသည့် သံလွင်မြစ်ပေါ်မှ တာဆန်း ရေအား လျှပ်စစ် လုပ်ငန်း စီမံကိန်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်မှ စတင်၍ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သော်လည်း နိုင်ငံမှာ ဆင်းရဲကြပ်တည်းနေဆဲဖြစ်သည်။ သို့ရာတွင် စစ်ဗိုလ်ချုပ်များမှာ သဘာဝသယံဇာတများကို လက်ဝါးကြီးအုပ်ထားပြီး စစ်ယန္တရားကို တည်ဆောက်နေစဉ်မှာပင် ၎င်းတို့၏ ကိုယ်ပိုင် ဓနအင်အားသည်လည်း တိုးတက် ကြီးထွားလျက်ရှိသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရုပ်မြင်သံကြား အစီအစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရှားရှားပါးပါး ထုတ်လွှင့်သွားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲတဖွဲ့ဖြစ်သော ဂျနီဗာ အခြေစိုက် တရားမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်း အဖွဲ့(WGAD) ၏ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားခြင်းသည် မြန်မာပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းမရှိကြောင်း မကြာသေးခင်က ကြေညာချက်အပေါ်အခြေခံ၍ အဆိုပါ ရုပ်မြင်သံကြား အစီအစဉ်က သတင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် ဒေသခံများက ပြောသည်။

ထိုသတင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများနှင့် တကွ ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာ့အရေး လေ့လာသူများက တရုတ် သတင်းဌာနတခု၏ ယခုလုပ်ရပ်သည် မြန်မာအတိုက်အခံ ခေါင်းဆောင် တဦးကို တရုတ်အာဏာပိုင်များအနေနှင့် အသိအမှတ်ပြုသည့် လက္ခဏာတရပ်ကိုပြဆိုကြောင်း ပြောသည်။

အဆိုပါရက်များအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ် ရောက်ရှိနေပြီး စစ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ တရုတ်အစိုးရဘက်မှ အမေရိကန်နှင့်မြန်မာအစိုးရ ဆက်ဆံရေးပိုမို ကောင်းမွန်လာမည်ကို စိုးရိမ်မှုရှိခြင်းကြောင့် ယခုကဲ့သို့ ရုပ်သံအစီအစဉ်မှ ပြသခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

မစ္စတာ စတီဖင် ဘလိတ်သည် ၎င်း၏ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့သေးသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထား ခြင်းဖြစ်သည်။ ဤ ဥပဒေ ပြဌာန်းချက်အရဆိုလျင်နိုင်ငံတော် အချုပ်အခြာ အာဏာတည်မြဲရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်သူများ၊ ပြည်သူလူထု၏ ငြိမ်းချမ်းတည်ငြိမ်မှုကို နှောင့်ယှက်သူများကို ၅ နှစ် အထိ ထိန်းသိမ်း ထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်ပြီး လာမည့် မေလ ၂၄ ရက် ဆိုလျင် ၆ နှစ်ပြည့်ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း နွေဦးကာလ မတ်လရောက်၍ ဥသြငှက်တို့ တွန်သံကြားပြီဆိုလျှင် သမိုင်းမော်ကွန်းဝင် နေ့တနေ့၏ ပုံရိပ်များက အနှေး ရုပ်ရှင်ပြကွက်များလို အစီအစဉ်လိုက် ပေါ်လာတော့၏။

စိတ်ဓာတ်တက်ကြွဖွယ်၊ အမျိုးသားရေးအားမာန် ပေါင်းစည်းမှု၏ ပြယုဂ်၊ ရန်သူကို အညံ့မခံ တွန်းလှန်ပြသော မြန်မာတို့စိတ်ဓာတ်၊ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုကို လက်မခံလိုသော မြန်မာလူမျိုးတို့၏ စစ်ရေးစစ်ရာ သေနင်္ဂဗျူဟာကြွယ်ဝမှု၊ ပင်ကိုယ်သဘာဝ လူနေမှုအရ တဖက်သားကို သနားသည်းခံ တတ်သော်လည်း ဖိနှိပ်အုပ်ချုပ်မှုနှင့် အမျိုးသားထုတရပ်လုံးကို စော်ကားလာသည့် လုပ်ရပ်တို့အပေါ်တွင်တော့ ခေါင်းငုံ့မခံ ရဲရဲဝံ့ဝံ့နှင့် အားအင်ကြီးသူကို သတ္တိခွန်အား အရင်းခံစိတ်ဖြင့် တော်လှန်ပြခဲ့သော ကမ္ဘာကပင် အံ့သြချီးကျူးခဲ့ရသည့် မြန်မာ့သမိုင်းတွင် မော်ကွန်းကမ္ဗည်း ရေးထိုးခဲ့ရသော ထိုတနေ့၏ ဖြစ်စဉ်များက ဘယ်တော့မှ မရိုးနိုင်၊ မေ့မပစ်အပ်သော အဖြစ်များပင် ဖြစ်တော့သည်။

ထိုနေ့၏ ပုံရိပ်ပြကွက်များတွင် နွေဦး၏ အပူရှိန်ပျပျ၊ ရိုးတံပြိုင်းပြိုင်းတို့ဖြင့် ရော်ဝါရွက်တို့ ကြွေကျနေသည့် ပင်စည်ခြောက်ခြောက်များ၊ တွန်သံသာသာနှင့် ဥသြငှက်ငယ်များ၊ အနီရောင်ရင့်ရင့် လက်မောင်းပတ်စ၊ ကြယ်ဖြူတပွင့်၊ အဖြူရောင် ကြယ်ပွင့်ကြီးဖြင့် လေတွင် တလူလူလွင့်နေသော အလံတော်အနီ၊ မီးကျိုးမောင်းပျက် ရရာသေနတ်လက်နက်များနှင့် စနစ်တကျ ယူနီဖောင်းဝတ်မထားသည့် တော်လှန်ရေးရဲဘော်များ၏ အသက်စွန့်တိုက်ပွဲဝင်မည့် ရဲရင့်ပြတ်သားသော မျက်နှာပေးများ၊ အမျိုးသားခေါင်းဆောင်၏ ဦးဆောင် စစ်ဆင်မှုအောက်တွင် တညီတညာ ပူးပေါင်းပါဝင်ခဲ့ကြလေသော ဖက်ဆစ်ဂျပန်ကို တော်လှန်မည့် ဗမာ့ကာကွယ်ရေး တပ်မတော်သားတို့ တိုက်ပွဲခေါ်သံအတွက် စိတ်အားတက်ကြွနေပုံတို့မှာ ပြတ်ပြတ်ထင်ထင် မြင်လာရပါသည်။

ဤသည်တို့၏ ပေါင်းစည်းမှု အင်အားလှိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို နင်းကန်ဖိစီး နှိပ်စက်နေသော ဖက်ဆစ်စနစ်ဆိုးကို အမြစ်ပါမကျန် အမိမြေပေါ်မှ တွန်းလှန်ဖယ်ထုတ်နိုင်ခဲ့သော သမိုင်းဝင် နေ့တနေ့ ဖြစ်လာမည့် “တော်လှန်ရေးနေ့” ၏ အစပင် ဖြစ်လေ၏။

လွန်ခဲ့သော ၁၉၄၅ ခု၏ မတ်လ ၂၇ ရက်တွင် သန္ဓေတည်ခဲ့သော အဆိုပါ သမိုင်းဝင်နေ့သည် ယနေ့ဆိုလျှင် သက်တမ်းကာလအားဖြင့် ၆၄ နှစ်ကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပေမည်။ သို့သော် သမိုင်းကို ပုံဖျက်ကာ အမှန်ကို ဖုံးကွယ်လျက် ဇွတ်အတင်း နေရာဝင်ယူတတ်လေသူတို့ကြောင့် တကယ့်အနှစ်သာရ ပြည့်ဝသော နေ့တနေ့၏ ရာဇ၀င်ကား စွန်းထင်းခဲ့ရလေပြီ။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ်တော်လှန်ရေး တပ်သားများ ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံတွင် စစ်ချီအခမ်းအနား စတင်ခဲ့ရာ၊ ဖက်ဆစ်စနစ်ဆိုးကို စတင်တော်လှန်ခဲ့ရာ မတ်လ ၂၇ ရက်ကို “တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ၄၃ နှစ်ပြည့် ရောက်အပြီးတွင်တော့ “တပ်မတော်နေ့” ဟု အမည်ပြောင်းလဲခေါ်ကာ အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယနေ့ကာလ၌ ၆၄ နှစ်ပြည့် “တော်လှန်ရေးနေ့” ဖြစ်ရမည့်အစား “တပ်မတော်နေ့” ဖြစ်နေလေတော့သည်။

ဟိုယခင်က ကျင်းပခဲ့သော “တော်လှန်ရေးနေ့” အစဉ်အလာနှင့် ယနေ့ ကျင်းပနေသော “တပ်မတော်နေ့” အစဉ်အလာတို့မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေ၏။

ယနေ့ခေတ် လူငယ်တို့၏ အသိအမြင်တွင် တော်လှန်ရေး၏ အနှစ်သာရ၊ ဖက်ဆစ်စနစ်ဆိုး၏ ခါးသီးမှု၊ ဖိနှိပ်အုပ်ချုပ်မှုကို ငုံ့မခံ တော်လှန်တတ်ရမည်ဆိုသော အသိတို့ အားနည်းလာလေပြီ။ သက်ကြားအို အာဏာရှင်ကို ချီတက်အလေးပြုရာ နေ့တနေ့အဖြစ်သာ သိမြင်နေတော့သည်။ ပြည်သူ့အသည်းနှလုံးကို သိမ်းကြုံးမယူနိုင်ဘဲ ပြည်သူ၏ အမုန်းတရားကိုသာ တိုးလို့သာ ရလာနေသော အထိမ်းအမှတ် နေ့တနေ့အဖြစ်သာ မြင်လာတော့သည်။

ဤ “တပ်မတော်နေ့” ပွဲကိုလည်း မည်သူမှ အရေးတယူ စောင့်ကြည့်နေခြင်း မရှိတော့။

ဖက်ဆစ်တော်လှန်ရေးကို ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ဖူးလေသူတို့မှာလည်း သက်ရှိထင်ရှားရှိမှု တစထက်တစ လျော့နည်းလာနေပြီဖြစ်ရာ ဤသမိုင်းအမှန်ကို သိမီသူတို့က နောင်လာနောက်သားတို့ထံ လက်ဆင့်ကမ်း သယ်ဆောင်ပေးကာ အမှန်တရားကို ပြောပြနေကြရပေမည်။


မြန်မာ့တပ်မတော်ထဲမှာ ရာထူးနေရာတွေ ဖောင်းပွနေပြီး တပ်မှူးကြီးအဆင့်အရာရှိတပ်ဖွဲ့ တောက်လျှောက်တိုးချဲ့နေပေမဲ့ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ လုံလုံလောက်လောက် မဖန်တီးပေးနိုင်တော့ဘဲ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဟာ နအဖရဲ့ အဓိပ္ပါယ်ထူးခြားဆန်းပြားလှတဲ့ ဒီမိုကရေစီဆီကို တရွေ့ရွေ့သွားနေရင်း အရပ်ဖက်အစိုးရအဆောက်အအုံကြီးဟာလည်း ပိုလို့ပိုလို့ စစ်ဇာတ်သွင်းခံရမယ့် အလားအလာ ရှိနေပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီး နဝတကို မတည်ထောင်ခင် တရက်အလို ၁၉၈၈ ခု စက်တင်ဘာ ၁၇ ရက်မှာ တပ်မတော်တခုလုံး အတွင်းမှာ ဗိုလ်ချုပ်အဆင့်ထက်ကြီးတဲ့အရာရှိ နှစ်ယောက်ဘဲရှိပါတယ်။ သူတို့ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးသန်းရွှေ တို့ဖြစ်ပါတယ်။

အခုနောက်ပိုင်း အသုံးအနှုန်းအတိုင်းဆိုရင်တော့ အဲဒီရာထူးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) (ကြည်းချုပ်) လို့ ပြောပါလိမ့်မယ်။ ဒီကနေ့ တပ်မတော်မှာတော့ လက်ရှိ ဒုဗိုလ်ချုပ်ကြီးနဲ့အထက်ဆင့် တာဝန်ထမ်းဆောင်နေဆဲ အထက်တန်းတပ်မှူးကြီး အနည်းဆုံး ၂၄ ယောက်ရှိနေပါပြီ။

အထက်တန်းတပ်မှူးကြီးရာထူး ၁၂၀၀ ရာခိုင်နှုန်း တိုးများလာတာဟာ ဒီကာလအတွင်းမှာဘဲ တပ်မတော်တခုလုံး အင်အား ၂၅၀ ရာခိုင် နှုန်း တိုးလာတာထက် အများကြီး ပိုလွန်နေပါတယ်။ အခုလို ထိပ်ပိုင်းအလွှာကို တိုးချဲ့တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ အာဏာ ကို ခိုင်ခိုင်မြဲမြဲချုပ်ကိုင်ထားနိုင်ဖို့အတွက် အခရာကျနေပါတယ်။

တပ်တွင်းမှာ ရာထူးတိုးမြင့်ရေးအခွင့်အလမ်းတွေ တိုးချဲ့ပေးထားခြင်းအားဖြင့် ဗိုလ်သန်းရွှေဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ သစ္စာစောင့်မှု ဆက်လက်ရရှိရေး သေချာအောင် အောင်မြင်စွာလုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ တပ်မှူးရာထူးတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် ရာထူးတက်ဖို့ အခွင့်အလမ်းပိုများလာလို့ ဗိုလ်သန်းရွှေဟာ ကိုယ်ကျိုးစီးပွား ဆုလာဘ်လေး တဝင့်ဝင့်ပြပြီး စစ်ဗိုလ်တွေအနေနဲ့ စစ်အာဏာစနစ်ကြီးကို ဆက်လက်ထောက်ခံနေဖို့ ဆွဲဆောင်နိုင်ပါတော့တယ်။

တိုးချဲ့ပြန်လည်ဖွဲ့စည်းမှု

ရာထူးတိုးရေးအခွင့်အလမ်းတွေကို တိုးချဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ကြိုးပမ်းချက်တွေကို ၂၀၀၁ ခု တပ်မတော်ပြန်လည် ဖွဲ့စည်းမှုက သက်သေ ပြနေပါတယ်။ အဲဒီတုံးက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းနဲ့ ကောင်းကောင်းအကျွမ်းတဝင်ရှိခဲ့တဲ့ အကြီးတန်းမြန်မာ့တပ်မတော် အရာရှိတယောက်ရဲ့ အဆိုအရ တပ်မတော်ကို အကြီးအကျယ်ပြင်ဆင်ဖွဲ့စည်းခဲ့တာဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ ရာထူးတိုးရေးအခွင့်အလမ်း တွေကို တိုးချဲ့ဖို့နဲ့ တိုင်းမှူးတွေရဲ့အာဏာကို လျှော့ချဖို့ဖြစ်ပါ တယ်။

၁၉၉၀ ခုနှစ်များအဆုံးပိုင်းမှာ တပ်မတော်တွင်း စိတ်ဓာတ်ကျဆင်းမှုတွေ အထူးတလည်ဖြစ်နေခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် တပ်မတော်နေ့ မှာ စစ်တပ်တွင်းလစာတွေကို ၅၀၀ ရာခိုင်နှုန်းတိုးပေးလိုက်တာဟာ အခြေအနေကို နည်းနည်းပါးပါး တိုးတက်စေခဲ့ပါတယ်။ ဒါပေမဲ့ လည်း ရှေ့တန်းထွက်အောက်ခြေအရာရှိတွေအတွင်းမှာ ရာထူးတိုးရေး အခွင့်အလမ်းနည်းပါးတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ အုံ့ပုန်းရှိနေဆဲ ဖြစ်ခဲ့တယ်လို့ ခုနကအရာရှိကပြောပါတယ်။

အဲသလိုဖြစ်ရတာဟာ တစိတ်တပိုင်းအားဖြင့် တိုင်းမှူးတွေက ရာထူးကို ကာလရှည်ကိုင်ထားတာတွေကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာထူးနေရာတွေကို အသုံးပြုပြီး အာဏာကို ကြီးကြီးမားမားတည်ဆောက်ထားပါတယ်။ သူတို့ဟာ အနှစ်သာရအားဖြင့် စစ်ဘုရင်တွေ ဖြစ်နေပြီး တိုင်းရင်းသားသူပုန်အဖွဲ့တွေနဲ့ တိုက်နေရတဲ့ မြန်မာ့မြေပြင်တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား အားလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ ဗိုလ်သန်းရွှေဟာ တိုင်းမှူး တယောက်ယောက်ကို ကိုင်ချင်ရင်လည်း ကျန်တဲ့တိုင်းမှူးတွေစုပြီး သူ့ကိုပြန်ပုန်ကန်မှာ စိုးလို့ မကိုင်ရဲဘူး ဖြစ်နေခဲ့ပါတယ်။

အဲဒီအချိန်တုံးက တိုင်းမှူးတွေဟာ နအဖကောင်စီဝင်တွေလည်း ဖြစ်နေခဲ့ပါတယ်။ ဒီလိုသတ်မှတ်ချက်ကြောင့် ဝန်ကြီးတွေထက် ပိုအဆင့် မြင့်နေခဲ့ပြီး ဝန်ကြီးဌာနတွေဟာ အမိန့်ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဖို့ ခက်ခဲ့ပါတယ်။ တိုင်းမှူးတွေက ဘယ်အမိန့်ကို ဆောင်ရွက်မယ် ဘယ်အမိန့်ကို ခေါက်ထားမယ်ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ အဲဒီတော့ တိုင်းမှူးတွေကို စစ်ရုံးချုပ်မှာ တဆင့်မြင့် ရာထူးတွေ တိုးပေးခြင်းအားဖြင့် နယ်စားပယ်စားဘဝကနေဆွဲထုတ်ပြီး ပြဿနာကို ဖြေရှင်းခဲ့ရပါတယ်။ ပေါ်လစီအပြောင်းအလဲမှာ တိုင်းမှူးသစ်တွေဟာ နအဖကောင်စီဝင် မလုပ်ရတော့ပါဘူး။

တိုင်းမှူးသစ်တွေ သစ္စာရှိဖို့ ကျေးဇူးသိစေဖို့အတွက် ဗိုလ်သန်းရွှေဟာ တိုင်းမှူးရွေးရာမှာ တန်းစီဇယားထဲက တဆင့်နိမ့် စစ်ဗိုလ်တွေထဲက မရွေးဘဲ ၄-၅ ဆင့်နောက်ရောက်နေသူတွေထဲက ရွေးတင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေစဉ်းစားချက်က နောက်တဆင့်နိမ့်အရာရှိဟာ မိမိရဲ့ ဝါစဉ်အရ လုပ်သက်အရ ရာထူးတိုးခံရတာဖြစ်ပြီး ဝါနု လုပ်သက်နုအရာရှိတယောက် အချိန်မတိုင်ခင် ရာထူးတိုးခံရရင်တော့ ဆရာသမား (သန်းရွှေ) ဂုဏ်ကျေးဇူးကို တန်ဖိုးထား သစ္စာရှိလိမ့်မယ်ဆိုတဲ့ စဉ်းစားချက် ဖြစ်ပုံရပါတယ်။

ဒီစီမံချက်အရ တိုင်းမှူးတွေကို နေရာပေးနိုင်ဖို့ ဒုဗိုလ်ချုပ်ကြီးရာထူးတွေ အများကြီးတိုးချဲ့ဖို့လိုလာပါတယ်။ ဒုဗိုလ်ချုပ်ကြီးရာထူးတွေအ တွက် နည်းလမ်းနှစ်ခုနဲ့ လမ်းဖွင့်ခဲ့ရပါတယ်။ တခုက ၂၀၀၁ ပြင်ဆင်ဖွဲ့စည်းမှု မတိုင်ခင်လေးမှာ ဒုဗိုလ်ချုပ်ကြီးနှစ်ယောက်ကို အကျင့် ပျက်ခြစားမှုနဲ့ အနားပေးပစ်လိုက်တာ၊ နောက်တခုကတော့ စစ်တိုင်းတွေကို ဖြန့်ကိုင်ရတဲ့ ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) ကို ၄ ခုခွဲပစ်လိုက်တာဖြစ်ပါတယ်။

နောက်ထပ်နေရာတွေ ဖန်တီးပေးလိုက်တာကတော့ ကြည်း-ရေ-လေ ကွပ်ကဲညှိနှိုင်းရေးမှူး ရာထူးသစ်နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ် ရေး အရာရှိချုပ်ရုံး၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံးနဲ့ လေ့ကျင့်ရေးအရာရှိချုပ်ရုံးတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်မှာ အရာရှိ ချုပ်ရုံးတွေကို ဒုဗိုလ်ချုပ်ကြီးက ကွပ်ကဲပြီး ညွှန်ကြားရေးမှူးရုံးတွေကိုတော့ ဗိုလ်ချုပ်အဆင့်က ကွပ်ကဲရပါတယ်။ တကယ်တော့ ကြယ်သုံး ပွင့်အဆင့်ဗိုလ်ချုပ် (ဒုဗိုလ်ချုပ်ကြီး) ကို နေရာပေးဖို့ အရာရှိချုပ်ရုံး ဖန်တီးတာကို အရင်ကတည်းက လုပ်ခဲ့ဖူးပါတယ်။

၁၉၉၃ သြဂုတ်လမှာ ယခင်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တင်တာနဲ့ ကိုက်ညီအောင် စစ်မဟာ ဗျူဟာလေ့လာရေးရုံး OSS ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ OSS ရဲ့ လုပ်ငန်းတာဝန်နဲ့ ဝန်ထမ်းတွေဟာ ဗိုလ်ခင်ညွန့်ရဲ့ တပ်မ တော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး DDSI ဌာနချုပ်ဝန်ထမ်းတွေ လုပ်နေတာတွေနဲ့ ဘာမှသိတ်ကြီး မထူးခြားပါဘူး။

အပြင်လူတွေနဲ့ အနောက်နိုင်ငံက လေ့လာသူတွေဟာ OSS တည်ထောင်တာကို အလွန်အကျွံ အလေးပေး အထင်ကြီးနေခဲ့ကြတယ်လို့ ထောက်လှမ်းရေးအရာရှိဟောင်းတယောက်က အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ တကယ့် အနှစ်သာရကတော့ OSS ဆိုတာ ဗိုလ် ခင်ညွန့်ကို နောက်ထပ်ကြယ်တပွင့်တိုးပေးလိုက်တာနဲ့ ကိုက်ညီအောင် စာရွက်ပေါ်မှာ ကလဖန်ထိုးလိုက်တာဘဲ ဖြစ်ပါတယ်။

ရာထူးအဆင့်ဖောင်းပွမှု

၂၀၀၁ နိုဝင်ဘာ ပြင်ဆင်ဖွဲ့စည်းမှုဟာ နောက်ပိုင်းမှာ တပ်မတော်ထိပ်ပိုင်း တပ်မှူးအုပ်ကြီးကို တိုးချဲ့ဖို့ အကြောင်းအချက်တခုသာ ဖြစ်ပါ တယ်။ ရာထူးအဆင့်သစ်တွေ တီထွင်တာ၊ ရာထူးနေရာသစ်တွေ ဖော်ထုတ်တာနဲ့ အစိုးရဝန်ထမ်းလောကထဲ စစ်ဘက်က ထိုးဖောက်ဝင် တာတွေက ရာထူးအဆင့်ဖောင်းပွမှုနဲ့ ထိပ်ပိုင်းတပ်မှူးအုပ်ကြီးထွားမှုကို အားပေးမီးထိုးပေးခဲ့ပါတယ်။

ထိပ်ပိုင်းတပ်မှူးအုပ် တိုးချဲ့ဖို့လမ်းစကို နဝတ အာဏာသိမ်းပြီး ၁၈ လအကြာ ၁၉၉၀ မတ်လမှာ စတင်ခဲ့ပါတယ်။ အဲဒီတုံးက ဗိုလ်ချုပ် တွေနဲ့ ဗိုလ်မှူးကြီးတချို့ကို အစုလိုက်အပြုံလိုက် ရာထူးတိုးပေးခဲ့ပါတယ်။ စမူဆာပုံ စစ်မိန့်ပေး ဦးစီးကွပ်ကဲမှု အဆောက်အအုံကို ပုံစံပီဖို့ အတွက် ဗိုလ်သန်းရွှေအရင်လူ ဗိုလ်စောမောင်ဟာ ဗိုလ်ချုပ်မှူးကြီးရာထူး အသစ်ထွင်ပြီး ကိုယ့်ကိုယ်ကို ရာထူးတိုးခဲ့ပါတယ်။

၂၀၀၂ စက်တင်ဘာလမှာ စစ်အစိုးရရဲ့ နံပတ် ၂ ဗိုလ်မောင်အေးကို ဒုဗိုလ်ချုပ်မှူးကြီးအဆင့် (ကြယ် ၄ ပွင့်ခွဲ) ကို တိုးပေးခြင်းအားဖြင့် ရာထူးသစ်တီထွင်မှု ထပ်လုပ်ခဲ့ပါတယ်။ ဒီရာထူးသစ်ကြောင့် ဦးအေးဟာ ပြိုင်ဖက် ဗိုလ်ခင်ညွန့် စတုတ္ထမြောက်ကြယ် ထပ်တပ်ချိန်မှာ လည်း ရာထူးအဆင့်သာလွန်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးရာထူးတိုးဖို့ဟာလည်း စောစောပိုင်းက ရာထူးတိုးခဲ့သလိုမျိုး စာရွက်ပေါ်မှာ ကလဖန်ထိုးဖို့ လိုခဲ့ပါတယ်။ ကြယ် ၄ ပွင့်အဆင့်နဲ့ကိုက်အောင် ဦးခင်ညွန့်ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက်အကြံပေးအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ် ခန့်အပ်ခံရတော့ ရာထူးအဆင့်နဲ့ ပိုကိုက်ညီသွားပါတယ်။ သိတဲ့အတိုင်း ၂၀၀၄ မှာ ဗိုလ်ခင်ညွန့် ဖြုတ်ထုတ်အုပ်ခံရပြီး အခုထိ အကျယ် ချုပ် ချခံနေရပါတယ်။

ဗိုလ်ခင်ညွန့်ကို ရာထူးတိုးပေးတာတွေဟာ စက္ကူပေါ်မှာ အကြံအဖန်လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ထိပ်ပိုင်းတပ်မှူး အုပ်ကြီးကို တိုးချဲ့ နိုင်ဖို့ စစ်ဆင်ရေးရာထူးနေရာသစ်တွေလည်း ဖန်တီးပေးခဲ့ရပါတယ်။ ၂၀၀၁ နိုဝင်ဘာ ပြန်လည်ဖွဲ့စည်းမှုက လမ်းပြခဲ့ပြီးနောက်မှာ နောက်ထပ် ကစထ နှစ်ခု ထပ်တည်ထောင်ခဲ့ပါတယ်။ ကစထ-၅ က ရန်ကုန်တိုင်းကို ကိုင်ပြီး ကစထ-၆ က ရခိုင်ပြည်နဲ့ မကွေးတိုင်းကို တာဝန်ယူရပါတယ်။

အခုနောက်ဆုံးတီထွင်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီးရာထူးကတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဖြစ်ပါတယ်။ ကစထ တွေ တည်ထောင် တာဟာ စစ်ဆင်ရေးအတွက် တစုံတရာအသုံးဝင်မှုရှိနိုင်ပေမဲ့ အခုနောက်ဆုံးထွင်လိုက်တဲ့ ရာထူးကတော့ နောက်ထပ်ဗျူရိုကရေစီအလွှာ တခု ထပ်ပိုးလိုက်တာထက် ဘာမှသိတ်ထူးပုံမရပါဘူး။

ဒုဗိုလ်ချုပ်ကြီးအဆင့်အောက် စစ်ဗျူရိုကရေစီယန္တရားကြီးဟာလည်း ကြီးထွားလာခဲ့ပါတယ်။ စစ်တိုင်းအသစ်တွေ ဖန်တီးတာ၊ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွေ တိုးများလာတာ၊ တပ်မအဆင့် အမြောက်ကြီးစခန်းဌာနချုပ် နဲ့ သံချပ်ကာတပ်ကွပ်ကဲမှုစခန်းဌာနချုပ်တွေ ဖွင့်လှစ်လိုက်တာတို့ဟာ ထိပ်ပိုင်းတပ်မှူး အရာရှိတပ်ဖွဲ့ ကြီးထွားလာစေဖို့ အများကြီး အားပေး ခဲ့ပါတယ်။

ဖောင်းကားနေတဲ့ အစိုးရဝန်ထမ်း

စစ်ဗျူရိုကရေစီယန္တရားကြီးကို စစ်အစိုးရက ချဲ့ထွင်တာနဲ့ တပြိုင်တည်းမှာ အစိုးရ အရပ်ဖက်ဗျူရိုကရေစီယန္တရားကြီးကိုလည်း တောက် လျှောက် တိုးချဲ့နေပါတယ်။ ၁၉၈၈ ခု နဝတ အာဏာယူပြီး သိတ်မကြာခင်တုံးက အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ရုံးနဲ့ ဝန်ကြီး ၉ ယောက် ခေါင်းဆောင်တဲ့ ဝန်ကြီးဌာန ၁၈ ခု ရှိခဲ့ပါတယ်။ ဝန်ကြီး ၉ ယောက်မှာ ၈ ယောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရာထူးနေရာ တွေ ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တွေ ဖြစ်ပါတယ်။

အဲဒီကတည်းကစလို့ ဗိုလ်သန်းရွှေဟာ သူ့စနစ်ကို ထောက်ခံအားပေးတဲ့သူခိုးဝန်ထမ်းကြီးတွေကို ဆုချဖို့ အခွင့်အလမ်းတွေ တိုးချဲ့တဲ့ အနေနဲ့ အရပ်ဖက်အုပ်ချုပ်ရေးဗျူရိုကရေစီယန္တရားကြီးကိုလည်း တိုးချဲ့လာခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ဝန်ကြီးချုပ်ရုံးအပြင် ဝန်ကြီးဌာန ၃၂ ခု၊ ဝန်ကြီး ၃၂ ပါးရှိနေပါတယ်။ ဒီထဲမှာ ၇ ယောက်ဘဲ “အရပ်သား” ဖြစ်ပြီး အများစုက ဗိုလ်ချုပ်ဟောင်းတချို့အပါအဝင် စစ်မှုထမ်း ဟောင်းတွေဖြစ်ပါတယ်။

အထက်တန်းစစ်အရာရှိကြီးတွေနဲ့ ရင်းရင်းနှီးနှီးဆက်သွယ်မှုတွေရှိတဲ့ မြန်မာသတင်းရင်းမြစ်တခု အဆိုအရ ၂၀၀၄ ခုနှစ်က အထက်တန်း အရာရှိကြီးတွေရဲ့ အစည်းအဝေးတခုမှာ လူအင်အားကိစ္စတွေအကြောင်း ဆွေးနွေးတဲ့အခါ ဗိုလ်သန်းရွှေက ရာထူးတိုးရေးအခွင့်အလမ်း တွေ နောက်ထပ်ဖန်တီးပေးနိုင်ဖို့အတွက် ဝန်ကြီးတယောက်ထဲက ဝန်ကြီးဌာန အများအပြားကိုင်တဲ့ လုပ်ရပ်ကို ဆက်မလုပ်ဖို့ ညွှန်ကြား ခဲ့ပါတယ်။

အရင်နှစ်ဇွန်လမှာ ဗိုလ်ချုပ်မောင်မောင်ဆွေက လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကို လက်လွှတ်လိုက်တဲ့အတွက် ခုန ပြောတဲ့လုပ်ရပ် နိဂုံးချုပ်သွားခဲ့ပါတယ်။ ဦးအောင်ကြည်ကတော့ အလုပ်သမားဝန်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်း ဖြစ်နေပေမဲ့ ဆက်ဆံရေးဝန်ကြီးဆိုတာ တကယ့်ရုံးဌာန ဆုပ်ဆုပ်ကိုင်ကိုင်မရှိဘဲ ဆိုင်းဘုတ်သက်သက်ဘဲ ဖြစ်ပါတယ်။

ဝန်ကြီးဌာနသစ်တွေ ဖန်တီးလိုက်တာဟာ စစ်ဘက်ဝန်ထမ်းတွေ ရာထူးတိုးဖို့လမ်းကြောင်း ပိုကျယ်သွားစေခဲ့ပေမဲ့ တိုင်းပြည်မှာတော့ ပိုဖောင်းပွ ပိုအရည်အချင်းမဲ့တဲ့ ဗျူရိုကရေစီယန္တရားကြီးက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျနေပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲက မျှော်မှန်းထားသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဆီ တနေ့နေ့မှာ အာဏာလွှဲပြောင်းသွားတဲ့အခါ အဲဒီအစိုးရဟာ စစ်တပ် အုပ်စိုးမှုအောက်မှာ ဖြစ်ထွန်းလာခဲ့တဲ့ ကမောက်ကမ ဗယုတ်သုက္ခအစိုးရအဆောက်အအုံကြီးကြောင့် အုပ်ချုပ်ရေးစွမ်းရည် ချို့ယွင်း ပျက်ပြားနေဖို့ အလားအလာများပါတယ်။

ဒါ့အပြင် အရပ်ဖက်ဗျူရိုကရေစီယန္တရားထဲကို စစ်ဘက်ပုဂ္ဂိုလ်တွေ စိမ့်ဝင်ထိုးဖောက်နေမှုဟာ ပမာဏအရရော၊ အတိုင်းအတာအရရော ပိုများလာစရာရှိပါတယ်။ ၂၀၀၆ တုံးက ဗိုလ်မှူးချုပ် ၄ ယောက်ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ်အဖွဲ့မှာ ခန့်အပ်လိုက်တာဟာ အရပ်ဖက်အစိုးရဝန်ထမ်းနယ်ပယ်ထဲ စစ်ဖက်က ပိုပြီးပါဝင်ပတ်သက်မယ့် အလားအလာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။

မကြာသေးခင်က အင်တာနက်သတင်းတပုဒ်အရ သင်တန်းသားဦးရေများလာတဲ့အတွက် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC ကျောင်းဆင်းတွေဟာ စစ်တိုင်း သို့မဟုတ် တပ်မရာထူးတွေ သေချာပေါက်ရမယ်လို့ တွက်မထားဖို့ သင်တန်းဆရာတယောက်က သင်တန်းသားတွေကို သတိပေးတယ်လို့ ဆိုပါတယ်။ အဲဒီ အဆင့်မြင့်တပ်ရာထူးတွေအစား ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဖက်က ဝန်ကြီးဌာနတွေမှာဘဲ ညွှန်ချုပ်ရာထူးတွေ ယူရနိုင်ပါလိမ့်မယ်တဲ့။

အက်ကွဲနေတဲ့စမူဆာ

ဗိုလ်သန်းရွှေ မြန်မာ့တပ်မတော်ကို ကိုင်တွယ်နေပုံဟာ တချို့ပုံစံတွေအရ စံနမူနာပြ ပိရမစ် စမူဆာပုံ (ဝါ) ပွန်ဇီ စီးပွားရေးကစားကွက် Ponzi ပုံ ပေါက်နေပါတယ်။ [ပွန်ဇီ ဆိုတာ လွန်ခဲ့တဲ့ ၄-၅ နှစ်က မြန်မာပြည်မှာ ခေတ်စားပြီး အကြီးအကျယ်နာမည်ပျက်သွားခဲ့တဲ့ ဖိုးတွမ်တီး “အကျိုးဆောင်ကုမ္ပဏီ” တွေ လုပ်စားပုံကို ပြောတာဖြစ်ပါတယ်။]

ပွန်ဇီ (ပိရမစ်) ကစားကွက်မှာ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေကို နောက်ကျဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထည့်ဝင် ရှယ်ယာတွေနဲ့ အမြတ်ဝေစုပေးတာ လုပ်ပါတယ်။ ဒီပိရမစ် ကြီးထွားကျယ်ပြန့်နေသရွေ့ ရှေ့လူတွေကို နောက်လူတွေ ဆီကရတာနဲ့ အကျိုးအမြတ် ပေးနေတော့ အားလုံးအကျိုးရှိနေပါတယ်။ ပိရမစ်ကြီးထွားမှု ရပ်ဆိုင်းသွားတဲ့အခါမှာတော့ အစောပိုင်း ငွေရင်းထည့်ထားသူတွေအနေနဲ့ ဧရာမအမြတ်ကြီးတွေ ရထားပြီးဖြစ်သလို နောက်ဝင်သူတွေကတော့ နည်းနည်းလောက်ဘဲ မြတ်လိုက်တာ သို့မဟုတ် လုံးဝမရလိုက်တာ ဖြစ်ကုန်ပါတယ်။

လက်ရှိစစ်အစိုးရခေါင်းဆောင်ပိုင်းဟာလည်း စစ်အာဏာရှင်စနစ်ကြီးထဲမှာ မိမိတို့သစ္စာရှိမှုကို အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့လို့ အဆီတဝင်း ဝင်း ရာထူးနေရာတွေ အခွင့်ထူးတွေ ဆုချခံထားရပါတယ်။ မကြာသေးခင်က NDC ကျောင်းဆင်းတွေ တွေ့လိုက်ရသလို ပိရမစ်ထိပ်လွှာ တွေမှာ ကျပ်ညပ်ပြွတ်သိပ်လာတဲ့အခါ အမြတ်ဝေစုတွေက သေးလိုက်လာပါတော့တယ်။

စစ်အာဏာရှင်စနစ်ကြီးရဲ့ ပွန်ဇီစီးပွားရေးကွက် သဘာဝကြောင့် တပ်မတော်ကို တိုးချဲ့ဖို့ဖိအား အမြဲဖြစ်နေပါတယ်။ တချို့တပ်ဖွဲ့တွေမှာ စစ်သားတယောက်ဟာ လူသစ် ၂ ယောက် စုဆောင်းမပေးနိုင်ရင် တပ်ထွက်ခွင့်မရပါဘူး။ ဒီလိုဖိအားကြောင့် လမ်းသွားလမ်းလာတွေ ကလေးစစ်သားတွေကို အဓမ္မစစ်သားဆွဲတဲ့ အောက်တန်းကျအလေ့အထတွေ များပြားလာစေပါတယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ဒါမှမဟုတ် စစ်သားစုဆောင်းရေးရည်မှန်းချက်ပန်းတိုင်တွေ ဖြည့်ဆီးဖို့ ၂၀၀၇ ခုမှာ တပ်မတော်စစ်သားစုဆောင်းရေးညွှန်ကြားရေးမှူးရုံး အသစ် တိုးချဲ့ခဲ့ပါတယ်။

စစ်အုပ်စုဟာ ကိုယ့်ဖာသာကိုယ် အဓိပ္ပာယ်ဖွင့်ထားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ တိုင်းပြည်ကိုမောင်းနေရာမှာ စစ်ဗိုလ်တွေအတွက် ရာထူး တိုးရေးအခွင့်အလမ်းတွေ ပိုရလာစေဖို့ စစ်တပ်အဆောက်အအုံနဲ့ အစိုးရအဆောက်အအုံကို နောက်ထပ်ပြင်ဆင်ပြောင်းလဲ အကွက်ချ ကစားတာတွေ လုပ်ဖို့များပါတယ်။ ရာထူးနေရာတွေ ပိုများများဖန်တီးဖို့ အရင်ကကျင့်သုံးခဲ့တဲ့ နည်းနာတွေကိုလည်း ထပ်လုပ်နိုင်ပါတယ်။ လက်ရှိကစထတွေထဲက တော်တော်များများကို စိတ်ပိုင်းပြီး နောက်ထပ် ကြယ် ၃ ပွင့်ရာထူးနေရာ (ဒုဗိုလ်ချုပ်ကြီး)တွေ ဖော်ပေးနိုင်ပါ တယ်။

မကွေးတိုင်း၊ ကရင်နီပြည် ဒါမှမဟုတ် ကရင်ပြည်တို့မှာ စစ်တိုင်းအသစ်တွေ ထပ်ပေါ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ ကြယ် ၂ ပွင့် နဲ့ ကြယ် ၁ ပွင့် ရာထူးနေရာတွေ တိုးချဲ့နိုင်ပါတယ်။ နောက်ဆုံးအားဖြင့် ကစထမှူးတွေက ဗိုလ်ချုပ်ကြီးအဆင့် တက်လာပြီး တိုင်းမှူးတွေက ဒုဗိုလ် ချုပ်ကြီးအဆင့် တက်လာတာအထိ ရာထူးဖောင်းပွမှု ဖြစ်လာနိုင်ပါတယ်။

ဒီမိုကရေစီနာမည်ခံရင်း စစ်တပ်ဆက်လက်ကြီးစိုးမှုအောက်မှာ အရပ်ဖက်အုပ်ချုပ်ရေးအစိုးရအဆောက်အအုံထဲ စစ်ဗိုလ်တွေ နောက်ထပ် စိမ့်ဝင်ပျံ့နှံ့လာပြီး ဗျူရိုကရေစီယန္တရားသစ်ပင်ကြီးမှာလည်း အကိုင်းအခက်သစ်တွေ ဖန်တီးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည် နိမ့်ကျတဲ့ အစိုးရအုပ်ချုပ်ရေးအဆောက်အအုံက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျရောက်နေပါတယ်။ ဒီလိုဖောင်းကားပွယောင်းနေတဲ့ စစ် စနစ်ကြီးကို အသက်ဆက်ဖို့ ဘယ်ကရင်းမြစ်တွေရမှာလဲ ဆိုတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်အတွက် နောက်ထပ်အရေးပါ တဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။

အရှေ့တောင်အာရှရေးရာ အထူးပြု အလွတ်သတင်းထောက် နော်မန်ရိုးဘက်စပီးယဲ (အမည်ရင်းမဟုတ်) ၏ မတ်လ ၁၂ ရက် အေးရှားတိုင်းမ် အင်တာနက်ဂျာနယ်ပါ ဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။


ကိုအောင်ကျော်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ မှာ အဖ ဦးကျော်ထင် နှင့် အမိ ဒေါ်ရွှေကျော့ တို့မှ အင်္ဂပူ မြို့နယ်၊ ရုံးဇင်ရွာတွင် ဖွားမြင်ခဲ့ပါတယ်။ အလယ်တန်း ပညာကို မယ်ဇလီကုန်း အမျိုးသားကျောင်းမှ အောင်မြင်ခဲ့ပြီး၊ အထက်တန်းကို ဟင်္သာတမြို့၌ သင်ကြားတတ်မြောက်ခဲ့ပါတယ်။ ထို့နောက် ဂျပ်ဆင်ကောလိပ် တွင် ဥပစာတန်း ဆက်လက် တက်ရောက် ခဲ့ပြန်ပါတယ်။

ကိုအောင်ကျော်ဟာ မြန်မာစာပေကို အလွန်တန်ဖိုးထားပြီး၊ မြန်မာစာ အရေးအသားလည်း အလွန်ကောင်းမွန်တယ် လို့်လူသိများခဲ့သူပါ။ စိတ်နေဓါတ်ခံ ပြင်းထန်ပြီး၊ အမျိုးသားရေးလည်း သူမတူအောင် နိုးကြားသူဖြစ်လို့ မိမိရဲ့ စာပေအစွမ်း နှင့် အမျိုးသားရေးလှုံ့ဆော်မှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့လို့် တက္ကသိုလ် ကျောင်းသားသမ္မဂ္ဂတွင် သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂ္ဂတွင်၌ပါ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ချင်း ခံခဲ့ရပါတယ်။ ဂျပ်ဆင်ကောလိပ်၁ကို ခြေချလိုက်တာနှင့် ခုံဖိနပ်စီးကာ ပင်နီတိုက်ပုံကိုဝတ်ပြီး ကတုံးဆံထောက်နှင့် ကိုအောင်ကျော်ရဲ့ “ဒို့ဗမာ” အဘိဓမ္မာကို ကြားရမှာပါ။

ကိုအောင်ကျော်၌ အခြားခေတ်ပြိုင် သခင်ကျောင်းသားများ ဖြစ်သည့် သခင်အောင်ဆန်း၂၊ သခင်နု၃၊ သခင်လှဖေ၄၊ ကိုထွန်းရှိန်၅ အစရှိသူတို့နှင့် မတူ ကွဲပြား ချက်လေးတွေလည်း ရှိပါသေးတယ်။ ထိုအခါက တက္ကသိုလ်မှ ကျောင်းသား အများစုဟာ လက်ဝဲယိမ်း ကြသော်လည်း ကိုအောင်ကျော်ကတော့ ပါတော်မူ မင်းနှစ်ပါး ကို သတိရနေပါသေးတယ်။ မြန်မာသက္ကရာဇ် ၁၃၀၀ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက် ပါတော်မူနေ့ မှာ၊ ဗ.က.သ နှင့် တ.က.သ တို့မှ မည်သည့်အထိန်းအမှတ်ပွဲများ မလုပ်သော်လည်း၊ ကိုအောင်ကျော်တဦးတည်း မိမိရဲ့ အခန်းတွင်းမှနေ၍ အစာမစား၊ စကားမပြောပဲ ပါတော်မူနေ့ အထိမ်းအမှတ်ပွဲကျင်းပခဲ့ပါတယ်။ အခန်းဝ မှာလည်း “ဤနေ့ ဤရက်ကား ငါတို့ အရှင်နှစ်ပါး ပါတော်မူသော နေ့ဖြစ်သည်။ သတိရကြပါ။” ဟုလည်း ချိတ်ဆွဲ အသိပေးခဲ့ပါတယ်။ Continue reading


ဗိုလ်ချုပ်ကြီး သူရတင်ဦးဟာ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် “သူရ”ဘွဲ့ချီးမြှင့်ခံရပြီး မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အဆင့်ထိ ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် ၁၉၇၆ ခုနှစ်မှာ ဗိုလ်နေ၀င်းကိုဖြုတ်ချဖို့ ပူးပေါင်းကြံစည်တယ် ဆိုပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲချက်တင်ခဲ့တာကြောင့် သူ့ရဲ့တပ်မတော်သားဘ၀ဟာ အဆုံးသတ်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွဆန္ဒပြမှုတွေ အတွင်းမှာတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သူတဦး ဖြစ်လာခဲ့တယ်။

အခုအခါ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ၁၉၄၃ ခုနှစ် ဗမာ့လွတ်လပ်ရေးတပ်မတော် ထဲဝင်ခဲ့စဉ်က အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။ ကူမင်တန်တပ်ဖွဲ့တွေ ကျူးကျော် ၀င်ရောက်မှုကိုတိုက်ထုတ်တဲ့ တိုက်ပွဲတွေမှာတော့ တပ်မှူးတင်ဦး ရဲ့ သူရသတ္တိနဲ့ခေါင်းဆောင်မှုဟာ သူ့ရဲဘော်တွေအတွက် အားကျအတုယူစရာဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့တဲ့အထိ ဗိုလ်နေ၀င်းက ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရတဲ့အထိပါပဲ။

တပ်မတော်ထဲမှာသာမက ဗိုလ်ချုပ်ကြီးတင်ဦးဟာ အရပ်သားတွေရဲ့ လေးစားချစ်ခင်မှုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ဈာပနမှာ ဆန္ဒပြကြတဲ့ကျောင်းသားတွေက “ဗိုလ်ချုပ်ကြီးတင်ဦး အသက် ရာကျော်ရှည်ပါစေ”လို့ ကြွေးကြော်တဲ့အထိ ဖြစ်ခဲ့တယ်။ တကယ်တော့ နိုင်ငံတော် သစ္စာဖောက်မှုဆိုတာထက် လူကြိုက် များတယ်ဆိုတဲ့အချက်က ဦးတင်ဦးကို ရာထူးဖြုတ်ချဖို့ ဖြစ်လာစေခဲ့ပုံပါပဲ။ ၁၉၇၆ ခုနှစ်မှာ ဦးတင်ဦးကို ထောင် ၇ နှစ် ချခဲ့ တယ်။ ဒါပေမယ့် ၂ နှစ်စောပြီး ပြန်လွတ်လာတယ်။ Continue reading